ချင်းပြည်နယ်ရဲ့ ၇၅ ရာခိုင်နှုန်းကို လက်နက်ကိုင်တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ICA ထုတ်ပြန်

RFA Burmese
2024.02.04
ချင်းပြည်နယ်ရဲ့ ၇၅ ရာခိုင်နှုန်းကို လက်နက်ကိုင်တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ICA ထုတ်ပြန် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် သိမ်းပိုက်ရရှိထားသည့် လက်နက်များနှင့် စစ်ကောင်စီတပ်သားတချို့ကို တွေ့ရစဉ်။
Citizen Journalist

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း ချင်းပြည်နယ်ရဲ့ နယ်မြေ ၇၅ ရာခိုင်နှုန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်တွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ချင်းပြည်နယ်ရဲ့ အခြေအနေ အရပ်ရပ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာ တစ်စောင်ကို ICA က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ဟာ ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲက ရိခေါ်ဒါရ်မြို့၊ ဝေဘူလမြို့၊ ထန်တလန်မြို့နယ်ထဲက နှာရိန်မြို့၊ ဟားခါးမြို့နယ်ထဲက ဆူရ်ခွာမြို့၊ မတူပီမြို့နယ်ထဲက လိုင်လင်းပီမြို့၊ ရေဇွာမြို့နဲ့ မင်းတပ်မြို့နယ်ထဲက မကွီးအိမ်နူးမြို့ စုစုပေါင်း မြို့ခုနစ်မြို့ကို သိမ်းယူထားပါတယ်။ ဒီ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း ရက္ခိုင့်တပ်တော် (AA) က သိမ်းယူထားပါတယ်။

"ကျွန်တော်တို့ရဲ့ လက်ရှိအင်အားနဲ့ကတော့ အဲဒီစောင့်ကြည့်နေတဲ့ အခြေအနေနဲ့ ကိုက်ညီမှုရှိလာမယ့် မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲဖို့အတွက် အဆင်သင့်ရှိနေပါတယ်"

ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်စတင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ဒုညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးဆန်က ပြောပါတယ်။

"လက်ရှိကတော့ ပြောရမယ်ဆိုရင် ဒီမြို့ပေါ်ကလွဲရင် ကျန်တဲ့ဒေသတွေအားလုံးက ကျွန်တော်တို့ ဒေသခံ တော်လှန်ရေးကာကွယ်ရေးတပ်တွေရဲ့ လက်ထဲမှာရောက်နေပြီပေါ့နော်။ ဆိုတဲ့အခါကျတော့ အစစအရာရာကနေပြီးမှ ပြန်လည်စတင်ရတဲ့အနေအထားမှာ ရှိနေတယ်ပေါ့နော်။ ပြောချင်တာက ဒီအုပ်ချုပ်ရေးကစ အကုန်လုံးကို ပြန်လည်ပြီးတော့ ပြုပြင်မွမ်းမံနေတဲ့ အနေအထားတွေမှာ ရှိနေသေးပါတယ်”

ချင်းပြည်ကောင်စီကလည်း ချင်းပြည်အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၅ ခုနဲ့ ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ မင်းတပ်မြို့ခံတစ်ဦးကတော့ အခုလို ဒေသကာကွယ်ရေးတပ်တွေ နယ်မြေစိုးမိုးလာတဲ့အတွက် နေရပ်ပြန်ချင်တယ်လို့ ပြောပါတယ်။

"လောလောဆယ်အထိတော့ ကျွန်တော်တို့တွေအပြင် ဒေသခံကာကွယ်ရေးတပ်တွေလည်းအဆင်ပြေကြတယ်။ စစ်ကောင်စီရဲ့ နေရာက တော်တော်လေးကျဉ်းသွားတဲ့အခါကျတော့ ပြည်သူ့အုပ်ချုပ်ရေးယန္တရားအောက်မှာပဲ ကျွန်တော်တို့ လည်ပတ်နေပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ဘယ်လိုပဲပြောပြော မင်းတပ်မြို့ အနေအထားပေါ်မှာတော့ ပျော်ရွှင်ရတယ်ပေါ့။ ဒီလိုမျိုး အားလုံးနီးပါး မလွတ်လပ်သည့်တိုင်အောင် အနေအထားတစ်ခုထိ လွတ်လပ်တဲ့အပေါ်မှာ ပျော်ရွှင်ရသော်လည်းပဲ အိမ်ပြန်ချင်တာပေါ့"

မင်းတပ်မြို့နယ်မှာ ရွာနှစ်ရာနီးပါးရှိပြီး အများစုကို ဒေသကာကွယ်ရေးတပ်တွေက နယ်မြေစိုးမိုးထားပေမယ့် မင်းတပ်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားဆဲလို့ပြောပါတယ်။

ဒါကြောင့် မကြာခင် မြို့သိမ်းတိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် မြို့ပေါ်မှာနေထိုင်သူတချို့ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ကန်ပက်လက်မြို့ပေါ်က ဒေသခံတစ်ဦးကတော့ မြို့သိမ်းတိုက်ပွဲတွေဖြစ်လာရင် ထိခိုက်ဆုံးရှုံးမှုများမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

"ဒီလို ကျွန်တော်တို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဆိုတော့ ဒီမှာမြို့ထဲမှာ အပစ်အခတ်မလုပ်ဘဲနဲ့ တစ်ယောက်နဲ့ တစ်ယောက် သူတို့ကပြေလည်ရင်တော့ ကျွန်တော်တို့အတွက် အကောင်းဆုံးပဲလို့ မြင်တာပေါ့နော်။ ဒီဘက်က မြို့သိမ်းတိုက်ပွဲတွေ ဘာတွေဖြစ်တယ်ဆိုရင်တော့ အခုလက်ရှိ မြို့ထဲမှာနေတဲ့ အဘိုးအဘွားတွေရော၊ အိမ်တွေ ယာတွေရော ပျက်စီးဖို့ ကျွန်တော်တို့က ကြောက်ရတယ်ဆိုတော့ ဖြစ်နိုင်တယ်ဆိုရင် တကယ်လို့ညှိနှိုင်းပြီးတော့မှ သူတို့က ဒီအတိုင်းအပစ်အခတ်ရပ်စဲပြီးမှ သူတို့လုပ်ရင်တော့ အကောင်းဆုံးပဲလို့ ကျွန်တော်ကတော့ မြင်တယ်"

လက်ရှိအချိန်မှာလည်း ကန်ပက်လက်မြို့ပေါ်မှာ မြို့ခံလူဦးရေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းလောက်သာ အိမ်စောင့်အနေနဲ့ကျန်ပြီး အများစုက ရှောင်တိမ်းသွားပြီလို့ သူက ပြောပါတယ်။

ချင်းပြည်နယ်အတွင်း အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ပြောခွင့်ရှိသူ ဆလိုင်းပီတာထန်းကတော့ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဖို့ အသင့်ရှိနေပြီလို့ RFA ကိုပြောပါတယ်။

"ဆိုတော့ နံပါတ်တစ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကရော၊ PDF ကရော ဒီတစ်နိုင်ငံလုံးရဲ့ ရေချိန်ကို ကြည့်နေရတယ်။ ပြီးတော့ ကျွန်တော်တို့ ချင်းပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေကို ကြည့်နေရလို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိအင်အားနဲ့ကတော့ အဲဒီစောင့်ကြည့်နေတဲ့ အခြေအနေနဲ့ ကိုက်ညီမှုရှိလာမယ့် မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲဖို့အတွက် အဆင်သင့်ရှိနေပါတယ်ခင်ဗျာ"

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲတဲ့အခါ စစ်ကောင်စီဘက်က တုံ့ပြန်လာနိုင်တာတွေကိုလည်း ကြိုတင်ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။

လိုင်လင်းပီမြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ သိမ်းဆည်းခဲ့သည့် လက်နက်ခဲယမ်းများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
လိုင်လင်းပီမြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ သိမ်းဆည်းခဲ့သည့် လက်နက်ခဲယမ်းများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်အာဏာသိမ်းမှု သုံးနှစ်အတွင်း ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း ကိုးရာနီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၃၆ ခုကို ဒေသခံကာကွယ်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ ICA အစီရင်ခံစာက ဖော်ပြပါတယ်။ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က နှစ်ရာကျော် သေဆုံးခဲ့သလို ကာကွယ်ရေးတပ်တွေဘက်ကလည်း ၂၄၆ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်အတွင်း လူ ၆၁၈ ဦး သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၁၀၈ ခုနဲ့ အရပ်သားနေအိမ် နှစ်ထောင်ကျော် ၂၁၅၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိပြီး ခြောက်သောင်းနီးပါးက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ICA ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။