ချင်းရိုးရာဝတ်စုံတွေ အားပေးမှုပိုများလာ
2023.07.27
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းစစ်ဒဏ် ပြင်းပြင်းထန်ထန်ခံနေရတဲ့ ချင်းတိုင်းရင်းသားတွေနဲ့အတူ သွေးစည်းညီညွတ်မှုကိုပြတဲ့အနေနဲ့ ချင်းရိုးရာဝတ်စုံတွေ ရေပန်းစားပြီး စျေးကွက်ရှိလာတယ်လို့ အထည်ရောင်းတဲ့သူတွေက ပြောပါတယ်။
အထူးသဖြင့် ပြည်ပရောက်နေတဲ့သူတွေက ချင်းရိုးရာဝတ်စုံတွေကို အားပေးနေကြတာ တွေ့ရပါတယ်။
လက်ရှိဈေးကွက်မှာ ဟားခါးလက်ရက်ကန်း အမျိုးသမီးဝတ်စုံအကောင်းစားတစ်ထည်ကို ရှစ်သိန်း ကနေ ဆယ်သိန်းကျပ်ဝန်းကျင်အထိရှိပါတယ်။
စက်နဲ့ရက်တဲ့ အထည်တွေနဲ့ လက်နဲ့ရက်တဲ့ ရိုးရိုးရှင်းရှင်းအထည်တွေဆိုရင် တစ်သောင်းခွဲကနေ နှစ်သောင်းကျော်အထိ ရှိပါတယ်။
အမျိုးသားတွေဝတ်တဲ့ စလွယ်သိုင်းပြီး ပုခုံးမှာချည်ထားတဲ့စောင်တစ်ထည်ကို သုံးသိန်းနဲ့ ငါးသိန်းကြား ရှိသလို ချင်းကုတ်အကျပုံစံဆိုရင် ငါးသိန်းနဲ့ ခြောက်သိန်းဝန်းကျင်ရှိတယ်လို့ ချင်းဝတ်စုံရောင်းတဲ့သူတွေက ပြောပါတယ်။
နိုင်ငံတကာမှာရောက်နေတဲ့ ချင်းလူမျိုးတွေက အရင်တုန်းကခတ်ခဲ့တဲ့အထည်တွေကိုပါ အားပေးနေတယ်လို့ ချင်းရိုးရာအထည်ရောင်းတဲ့သူတစ်ယောက်က ပြောပါတယ်။
"အခု နိုင်ငံတကာကအားပေးတဲ့သူတွေက အရင်တုန်းကခတ်တဲ့ လက်ရက်ဟောင်း ပေါ့နော်။ လက်ရက်ဟောင်းတွေကို ပြန်ဝယ်တယ်။ ဘာလို့ဝယ်တာလဲဆိုတော့ အဲဒီလက်ရက်ဟောင်းအထည်တွေက ဆိုင်တိုင်းမရှိဘူး။ စုဆောင်းထားတဲ့ သူတွေရဲ့လက်ထဲမှာပဲ ရှိတယ်။ အဲဒါတွေကို သူတို့ ပြန်လိုက်ဝယ်တယ်"
ကိုယ့်ရိုးရာအထည်တွေကိုတန်ဖိုးထားတဲ့အတွက် မြန်မာပြည်ကနေ တကူးတကမှာပြီး ဝတ်ဆင်တာလို့ ဩစတြေးလျနိုင်ငံရောက်နေတဲ့ ချင်းအမျိုးသမီးတစ်ယောက်က ပြောပါတယ်။
"ချင်းထည်၊ ဂျပ်ခုတ်ထည်တွေကို မြန်မာပြည်ကဝယ်ယူမှရတာ။ ပြီးတော့ ကိုယ့်ရိုးရာအထည်တွေဆိုတော့ ဒီမှာ အဝတ်အစားဘယ်လောက်ကောင်းသည်ဖြစ်စေ ကိုယ့်ရိုးရာဝတ်စုံနဲ့ပဲ ပွဲတက်တာပေါ့ ။ ဘုရားကျောင်းတက်လည်း ဝတ်တယ်။ အဓိကပွဲတွေမှာ ကိုယ့်ရိုးရာအထည်တွေ ဝတ်ပြချင်တာပေါ့။ ချင်းရိုးရာ ဂျပ်ခုတ် ထည်တွေက လှလည်းလှတယ်။ အသားတွေကောင်းတယ်ဆိုတော့ ပွဲတိုးတာပေါ့"
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မောက်ရွာလေးမှာတော့ ရက်ကန်းစင် ၂၀၀ လောက်ရှိနေပြီး ချင်းရိုးရာဝတ်စုံတွေ ထုတ်လုပ်နေပါတယ်။ အရင်က အဲဒီရွာလေးမှာ ရက်ကန်းခတ်တဲ့သူ နှစ်ယောက်ပဲ ရှိပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်း ချင်းရိုးရာထည်တွေ လူကြိုက်များ၊ နာမည်ရလာတော့ တစ်ရွာလုံးနီးပါး လုပ်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ရှေးရိုးရာနည်းအရဆိုရင် ခါးမှာကြိုးသိုင်းပြီးရက်ခဲ့ကြတာလို့ ဂန့်ဂေါနယ်က မညိုထွေးက ပြောပြပါ တယ်။
"အရင်တုန်းကဆိုလို့ရှိရင် ကျွန်မတို့ မိခင်ကြီးတွေ တကယ့် ချင်းရိုးရာအစစ်ကို ဆိုလို့ရှိရင်တော့ ကျွန်မတို့က လက်နဲ့ကောက်ပြီးတော့မှ သေချာ တစ်ခုချင်း ရက်ရတာ ဖြစ်တယ်။ တကယ့် ချင်းရိုးရာအထည်အစစ်ကတော့ ခါးမှာကြိုးသိုင်းပြီးတော့မှ ရက်ခဲ့ရတာဖြစ်တယ်"
အထည်တွေထဲမှာ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မတူပီ၊ မင်းတပ် စတဲ့ မြို့နယ်အလိုက် မတူတဲ့အဆင်ဒီဇိုင်းတွေရှိပြီး အဲဒီထဲမှာ ဟားခါးနဲ့ ဖလမ်းကလာတဲ့ အဆင်ဒီဇိုင်းတွေကို လူကြိုက်များတယ်လို့ ချင်းရိုးရာထည်ရောင်းဝယ်တဲ့သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတဲ့အထဲမှာ ရှေးကျတဲ့ ချင်းရိုးရာအမွေအနှစ် အထည်တွေလည်း မီးလောင်ပျက်စီးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တိုက်ပွဲတွေကြားမှာ ကျွန်မတို့ကလည်း ရက်ကန်းခတ်နေရတာဆိုတော့ စစ်ကြောင်းလာတဲ့အခါဆိုရင်တော့ ရက်ကန်းခတ်တဲ့အလုပ်ကို နားထားရပါတယ်"
စစ်ကောင်စီတပ်တွေက နေအိမ်ရော ရက်ကန်းစင်တွေပါ မီးရှို့ဖျက်ဆီးသွားလို့ အခက်အခဲဖြစ်ရတဲ့အကြောင်းကို မောက်ရွာက ရက်ကန်းသမ မမိပြုံးက ပြောပြပါတယ်။
"တိုက်ပွဲတွေကြားမှာ ကျွန်မတို့ကလည်း ရက်ကန်းခတ်နေရတာဆိုတော့ စစ်ကြောင်း လာတဲ့အခါ ဆိုရင်တော့ ရက်ကန်းခတ်တဲ့အလုပ်ကို နားထားရပါတယ်။ ပြီးတော့မှ စစ်ကြောင်းပြန်ပြီဆိုတော့ ပြန်ခတ်ရတာပေါ့။ ပြီးရင် ကျွန်မအရင်တစ်ခါကဆိုရင် စစ်ကြောင်းလာတော့ ရက်ကန်းတွေလည်း မသိမ်းခဲ့ဘူး။ မသိမ်းခဲ့တဲ့အခါကျတော့ ကျွန်မအိမ်လည်း စစ်သားတွေက မီးရှို့သွားတယ်။ ရက်ကန်းတွေရော၊ အိမ်တွေရော အကုန်လုံး မီးထဲပါသွားပါတယ်ရှင့်"
အထည်တွေရက်ဖို့ကုန်ကြမ်းဖြစ်တဲ့ ချည်ခင်တွေကို မြို့ကနေမှာရတာပါ။ စစ်ကြောင်း တွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ပိတ်ဆို့ခံထားရတဲ့အချိန်ဆိုရင် လုပ်ငန်းတွေ ထိခိုက်ကြပါတယ်။ တစ်ဘက်မှာလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်း ထိုးလာရင် ရက်ကန်းသမားတွေလည်း ထွက်ပြေးရပါတယ်။
ရက်ကန်းခတ်ခအတွက် လေးတောင်အရွယ် ပိတ်တစ်စကို ငါးသောင်းရပြီး၊ ရှစ်တောင်စ (တစ်ကွင်း) ကို တစ်သိန်းလောက်ရကြပါတယ်။ ဒါကြောင့် အခက်အခဲတွေ ရှိနေပေမယ့် လည်း ဒီအလုပ်က အမျိုးသမီးတွေ ဝင်ငွေရတဲ့လမ်းတစ်ခုဖြစ်နေတယ်လို့ ပြောပါတယ်။
ပြည်ပမှာလုပ်ကြတဲ့ရန်ပုံငွေပွဲတွေမှာ ချင်းရိုးရာထည်တွေနဲ့ ရိုးရာအမှတ်တရပစ္စည်းတွေကို ဝယ်ပြီး အားပေးကြတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"အာဏာမသိမ်းခင်ကတည်းက ပြည်ပမှာ ရိုးရာအထည်ရောင်းတဲ့သူတွေ ရှိတယ်။ အခုကျ အဖွဲ့အစည်းကနေ ပြည်ပမှာ ရန်ပုံငွေရှာတဲ့သူတွေကို တာဝန်ပေးပြီးတော့မှ ရောင်းခိုင်းတာပေါ့။ ရန်ပုံငွေအတွက်ရောင်းတာ၊ အားလည်းအားပေးကြတယ်။ အဓိက တော်လှန်ရေးအတွက် ရန်ပုံငွေရှာတာဖြစ်လို့ အားပေးကြတာများတယ်"
နိုင်ငံတကာရောက်နေတဲ့ ချင်းလူမျိုးတွေဟာ ပြည်တွင်းကလူတွေကိုကူဖို့ နည်းမျိုးစုံနဲ့ ရန်ပုံငွေရှာတဲ့နေရာမှာ ရိုးရာအထည်တွေရောင်းပြီး ရလာတဲ့ငွေနဲ့ ပြန်ကူညီ နေကြတာလည်း တွေ့ရပါတယ်။