ကပ်ဘေးကြောင့် ချင်းဒေသ ဝဥ ထုတ်လုပ်ရေးလုပ်ငန်း ထိခိုက်

ချင်းပြည်နယ်မှာ အများဆုံးတွေ့ရတဲ့ ပြည်ပပို့ကုန် ဝဥ ထုတ်လုပ်ရေးလုပ်ငန်းဟာ ကပ်ဘေးကာလ ကုန်သွယ်ရေး အဆင်မပြေမှုဒဏ်ကို ခံနေရပါတယ်။

အဓိကဝယ်ယူတဲ့ တရုတ်ပြည်ကို တင်ပို့ရောင်းချဖို့ ခက်ခဲလာတဲ့အတွက် တခြားပြည်ပဈေးကွက်တွေကိုလည်း ဖော်ဆောင်ပေးစေလိုတယ်လို့ ဝဥ စိုက်ပျိုးထုတ်လုပ်သူတချို့က ပြောပါတယ်။

ချင်းပြည်နယ်မှာ ဝဥ ကို စီးပွားဖြစ် စိုက်ပျိုးနေကြပြီး မိုးတွင်းကာလအတွင်း တောထဲကနေ ရှာဖွေတူးဖော်ရောင်းချ သူတွေလည်း ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားနေတဲ့ ကပ်ဘေးကာလအတွင်း ဝဥ ဈေးကျလို့ ရှာဖွေ ရောင်းချသူတွေဟာ အခက်အခဲရှိလာတယ်လို့ ဆိုပါတယ်။

ပြည်တွင်း စားသုံးမှု နည်းပါးပေမယ့် ပြည်ပမှာ စားသောက်ကုန်၊ အလှကုန်၊ ဆေးဝါးထုတ်လုပ်တဲ့အခါ အသုံးပြု ကြတဲ့ ဝဥကို မြန်မာနိုင်ငံဒေသတချို့မှာ သဘာဝအလျောက် ပေါက်နေပြီး စီးပွားဖြစ် စနစ်တကျစိုက်နေတာ ကတော့ ချင်းပြည်နယ်မှာဖြစ်ပါတယ်။

ဝဥ ကို တူးဖော်ပြီး ဒီအတိုင်းရောင်းချတာရှိသလို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချသူတွေလည်း ရှိတယ်လို့ တီးတိန်မြို့နယ်က ဝဥစိုက်တောင်သူ ဒေါ်ဒိမ်းနဲမ်းဟွဲက ပြောပါတယ်။

"ဝဥတွေကို အခွံနွှာတာ၊ လှီးတာ၊ မီးကင်တာတို့ ကျွန်မ တစ်ယောက်တည်းလုပ်တာ၊ တစ်နေ့ကို ပိဿာ တစ်ရာလောက်လုပ်နိုင်တယ်။ အခု ကိုဗစ်ကပ်ရောဂါကြောင့် ဈေးကွက်ကျနေတာ။ အရင်တုန်းက လှီးပြီး မီးကင်ပြီးသား အခြောက် တစ်ပိဿာကို ၁၂၀၀၀ လောက် ရတယ်။ အခုတော့ ၈၀၀၀ လောက်ပဲ ရတော့တယ်။ ဒီမှာကျတော့ သုံးမျိုးရှိတယ်။ ပထမကျတော့ ဝဥက အနီရယ်၊ အဖြူရယ်၊ အဝါရယ် သုံးမျိုးရှိတယ်။ ဝဥ အဝါ အခြောက်ကျတော့ ဈေးပိုရတယ်"


အခုနောက်ပိုင်း ချင်းပြည်နယ်မှာ ဝဥ ကို ဒေသခံ တော်တော်များများ စိုက်ပျိုးလာကြပြီး တီးတိန်မြို့နယ် ထေးဇန်းကျေးရွာ မှာဆိုရင် အဲဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ အိမ်ထောင်စုတွေ များလာတယ်လို့ ဒေသခံ ဦးကပ်ဒိုးလျန်းက ပြောပါတယ်။

"အခုမိုးရာသီမှာတော့ ဝဥကို တောထဲမှာ ရှာကြတယ်။ မိုးရာသီဆိုတော့ နေလှန်းလို့မရဘူးဆိုတော့ မီးကင်ပြီး ဒိုင်မှာ ပြန်သွင်းရင် ဈေးပိုရတယ်။ မီးမကင်ဘဲ ဒီအတိုင်းရောင်းရင်တော့ တစ်ပိဿကို တစ်ထောင်ပဲ ရတယ်။ သူတို့ တောမှာရှာတဲ့အခါမှာ ဝဥကိုလည်းရသလို မျိုးစေ့ကိုလည်း သူတို့အိမ်မှာ စိုက်ကြတယ်။ ဒီရွာမှာ တော် တော်များများက ဝဥကို စိုက်နေကြပြီ။ တစ်အိမ်ကို သုံးဧကလောက်ရှိကြတယ်။ အိမ်မှာ စိုက်တဲ့ဟာက သူရဲ့ မျိုးစေ့ကိုလည်း ရောင်းလို့ရသလို၊ ဝဥကိုလည်း ရောင်းလို့ရတယ်။ အိမ်မှာစိုက်တဲ့အခါ ဝဥအပင် သေခါနီးမှာ အဲဒီအပင်တွေ ရှိတဲ့နေရာကို တုတ်ချောင်းနဲ့ မှတ်သားပြီး နွေရာသီရောက်မှ တူးကြတာဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ဆိုရင်တော့ မီးကင်စရာမလိုဘူး။ နေလှန်းပြီးတော့ ရောင်းကြတာပါ။ ဝဥနဲ့ အသက်မွေးကျောင်းပြုတဲ့ အိမ်ထောင်စုတွေက အခုနောက်ပိုင်းမှာ များလာပြီ"

ချင်းပြည်နယ် (တောင်ပိုင်း) မင်းတပ်၊ မတူပီ၊ ကန်ပလက်မြို့တွေမှာ ဝဥ ကို အများဆုံးစိုက်ပျိုးပြီး မင်းတပ်မြို့မှာ ကုန်ကြမ်းစက်ရုံ ရှိပါတယ်။ ဒါပေမဲ့ အခု ကပ်ဘေးကာလမှာ အဲဒီစက်ရုံက နားထားတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးတဲ့ ဝဥ တွေကိုတော့ နွေရာသီမှ တူးဖော်ရတာဖြစ်ပေမယ့် မိုးတွင်းကာလမှာတော့ ဒေသခံအများစုက တောထဲမှာ ဝဥရှာဖွေပြီး တူးဖော်ရောင်းချကြတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ အရောင်းအဝယ်ပါးနေတာကြောင့် အခက်အခဲတွေရှိနေကြတာဖြစ်ပါတယ်။

"တောထဲက ဝဥ အဖြူ၊အဝါတွေကို ရှာပြီး မန္တလေးကို ရောင်းကြတယ်ဗျ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ တစ်ပိဿကို တစ်ထောင်၊ ထောင့်ငါးရာလောက်ရတယ်။ အခုတော့ မန္တလေးမှာကားတွေ အဝင်မခံဘူးဆိုတာနဲ့ မဝယ်တော့ဘူး။ အဲဒီကိုဗစ်ရောဂါ နည်းနည်းကျလာပြီ ဆိုရင်တော့ ဒီဇင်ဘာလောက်တော့ အရောင်းပြန် ဖြစ်မယ်ထင်တယ်။ အခုတော့ တုတ်တွေစိုက်နေပြီ။ တုတ်တွေစိုက်တယ်ဆိုတာ ဇန်နဝါရီလလောက်ဆိုရင် အပင်က မမြင်ရတော့ဘူးဆိုတော့ တုတ်တွေစိုက်ပြီး အနက်ပေရိုက်နေတဲ့အထိပေါ့။ လောလောဆယ်တော့ လုံးဝရောင်းမရဘူး။ ဒီဘက်က အဝယ်လည်းမရှိဘူး။ ဟိုဘက်က ကားတွေလည်း ပစ္စည်းတင်တဲ့အချိန်မှာ မန္တလေးဘက်က ကားကို အဝင်မခံတာ။ အဲဒါကြောင့် အရောင်းကိုမဖြစ်တာ။ ဝယ်တဲ့သူက မရှိဘူး။ ရောင်းတဲ့ သူလည်း မရှိဘူး။ တရုတ်ဘက်ကနေ မဝယ်ဘူးဆိုရင် နည်းနည်းအခက်တွေ့နိုင်တယ်"

ကန်ပလက်မြို့က ဝဥ စိုက်တောင်သူ ဦးကီထန်လုမ် ပြောသွားတာပါ။

ဝဥ ကုန်ကြမ်းတွေ မန္တလေးမြို့ကို ပို့ပြီး ရောင်းချကြတာပါ။ အခုတောထဲမှာ ရှာလာတဲ့ ဝဥ ကို ကပ်ဘေးကြောင့် ဝယ်မယ့်ကားလည်း မလာနိုင်ဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံကို မန္တလေးကနေတဆင့် တင်ပို့နေတာပါ။ ဂျပန်၊ ကိုရီးယားဈေးကွက်ကိုတော့ ရန်ကုန်ကတဆင့် တင်ပို့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုအနည်းပါးဆုံးဒေသဖြစ်တဲ့ ချင်းပြည်နယ်က ဝဥ စိုက်ပျိုးရောင်းချသူတွေက ဈေးကောင်း ရရှိဖို့အတွက် အစိုးရအနေနဲ့ ဂျပန်ကုမ္ပဏီ၊ ကိုရီးယား ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး စာချုပ်ချုပ်ဆိုတာမျိုးတွေ လုပ်ပေးဖို့ မျှော်လင့်နေကြပါတယ်။