တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်စနစ်သုံးမယ့်အစီအစဉ် အခက်တွေ့နိုင်

RFA Burmese
2023.06.30
တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်စနစ်သုံးမယ့်အစီအစဉ် အခက်တွေ့နိုင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှ တရုတ်နိုင်ငံထဲ ဝင်ရန်အတွက် စောင့်ဆိုင်းနေကြသည့် ကုန်ကားများကို ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းက တွေ့ရစဥ်။
Photo: RFA

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ အခုနှစ် သြဂုတ်လ ၁ ရက်ကစပြီး ဘဏ်စနစ်နဲ့ပဲ ငွေချေရမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အခုလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါကြောင့် အဲဒီနေ့မတိုင်ခင်ထုတ်ပေးထားတဲ့ သွင်းကုန်လိုင်စင်လျှောက်ထားတဲ့သူတွေ အနေနဲ့ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံး ပြီးပြတ်အောင် တင်သွင်းဖို့နဲ့ မတင်သွင်းနိုင်ရင် သွင်းကုန်လိုင်စင် ပျက်ပြယ်မယ်လို့ ဆိုပါတယ်။

ဒီလိုဘဏ်ငွေချေနစ်ကျင့်သုံးဖို့စီစဉ်တာဟာ နှစ်နိုင်ငံ ကုန်ရောင်းကုန်ဝယ် ပိုခိုင်မာအောင်နဲ့ ငွေမည်းကို ငွေဖြူဖြစ်အောင် ခဝါချနေတာ လျော့ကျသွားအောင် ဆောင်ရွက်တာလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနက အမည်မဖော်လိုတဲ့ အရာရှိတစ်ယောက်က RFA ကို ပြောပါတယ်။

ဒါပေမဲ့ ဘဏ်စနစ်ကျင့်သုံးတဲ့အခါ ပို့ကုန်သမားအတွက် အခက်အခဲရှိမှာမဟုတ်ပေမယ့်၊ သွင်းကုန်သမားတွေကိုတော့ ပိုခက်ခဲသွားနိုင်တယ်လို့ မူဆယ်နယ်စပ် ဆန်စပါး ကုန်စည်ဒိုင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

"အင်ပို့သမားတွေကတော့ နည်းနည်းခက်ခဲမယ်။ အန်ကယ်တို့ အိတ်စ်ပို့သမားတွေ အတွက်ကတော့ အခက်အခဲ မရှိပါဘူး။ သူက အိတ်စ်ပို့ ပို့ထာတဲ့ ကုမ္ပဏီတွေ လိုက်ရှာရတော့မယ်။ ဒီလိုရှာတဲ့အခါကျတော့ ငွေကြေးဈေးက တူချင်မှလည်းတူမယ်၊ အဲလိုအခက်အခဲတွေ ဖြစ်သွားတာပေါ့"

သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ကနေရတဲ့ဝင်ငွေ၊ တခြားဝင်ငွေ ဒါမှမဟုတ် ပြည်တွင်းဘဏ်စာရင်းနဲ့ ဝယ်ယူထားတဲ့အထောက်အထား (Credit Advice) နဲ့ ဘဏ်ငွေစာရင်းရှင်းတမ်း (Bank Statement) မူရင်းတွေကို ကုန်သွယ်ရေးဦးစီးဌာနကို တင်ပြရမယ်၊ တင်ပြတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ကုန်သွယ်ရေးဌာနက ဘဏ်ငွေလက်ကျန်စာရင်းထက် မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားတယ်။

အဲဒီအပြင် ပို့ကုန်ကရတဲ့နိုင်ငံခြားဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်းကို မြန်မာငွေရဖို့အတွက် ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ ရောင်းချရမှာဖြစ်ပြီး ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကိုပဲ ကိုယ့်စိတ်ကြိုက် ရောင်းချခွင့်ရှိတယ်လို့လည်း စစ်ကောင်စီဘက်က သတ်မှတ်ထားပါတယ်။ အမေရိကန်ဒေါ်လာဖြစ်ဖြစ်၊ တရုတ်ယွမ်ငွေဖြစ်ဖြစ် ဗဟိုဘဏ် သတ်မှတ် စျေးက ပြင်ပပေါက်စျေးထက်နည်းတဲ့အတွက် ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့သာ ရောင်းရရင် ကုန်သည်တွေနစ်နာရပြီလို့ ထောက်ပြကြပါတယ်။

ဒါကြောင့် အခုညွှန်ကြားချက်ဟာ ကုန်သည်တွေရတဲ့ နိုင်ငံခြားငွေအဝင်အထွက်အားလုံးကို ထိန်းချုပ်ချင်တဲ့ သဘောဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် တစ်ယောက်က RFA ကိုပြောပါတယ်။

"ဟိုဘက်က တရုတ်က သူ့နည်းသူ့ဟန်နဲ့တော့ လွှဲလိုက်တာပဲ။ ဒီအစိုးရက ဒေါ်လာတစ်သိန်းလွှဲရင် ၆၅ ရာခိုင်နှုန်းကို ၂၁၀၀ ဝယ်မယ်၊ ကျန်တဲ့ဟာကို အပြင်ပေါက်ဈေးနဲ့ ရောင်းဆိုတာမျိုးမှာ ဘဏ်စနစ်မရှိရင် အဆင်မပြေဘူးလေ။ ပို့ကုန်တွေ၊ သွင်းကုန်တွေအပေါ်မှာ သူတို့ထိန်းချုပ်လို့ ကြီးကြပ်လို့မရဘူး။ ဒါကတော့ သူတို့ပေါ်လစီအရ ကစားလို့ရတယ်ပေါ့။ ကုန်သည်တွေကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ပို့ကုန်ကို ပို့မယ်ဆိုရင် ဝင်ငွေပြစရာမလိုပေမယ့် သွင်းကုန်သွင်းမယ် ဆိုရင် ဝင်ငွေပြရမယ် ကုန်သည်တွေက ဘယ်လိုမှ အဆင်မပြေဘူးပေါ့နော်။ အဲတော့ ကုန်သွယ်မှုက ကျုံ့သွားနိုင်တယ်"

အခုလို ဘဏ်စနစ်နဲ့ငွေချေတဲ့စနစ်ကို ဦးသိန်းစိန်အစိုးရ မတိုင်ခင်က ကျင့်သုံးခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ကုန်သည်တွေ ငွေကြိုသွင်းရတဲ့အတွက် အရင်းအနှီးပိုလိုတဲ့အပြင် ကုန်သွယ်ရေးမှာ ကြန့်ကြာတဲ့အကြောင်း တင်ပြချက်အရ ဖျက်သိမ်းခဲ့ပါတယ်။ နောက်ပိုင်း NLD အစိုးရကာလမှာလည်း ဒီစနစ်ကို မကျင့်သုံးခဲ့တော့ဘူးလို့ ပို့ကုန်သွင်းကုန် လုပ်ငန်ရှင်ကြီး တစ်ဦးက ပြောပါတယ်။

တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ဒေါ်လာအစား တရုတ်ယွမ်ကိုသုံးဖို့ကိုလည်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အခုလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေရာမှာလည်း ရတဲ့ယွမ်ငွေကို ဗဟိုဘဏ်သတ်မှတ်ဈေးအတိုင်း ပြန်သွင်းရတဲ့အတွက် ပြင်ပပေါက်စျေးနဲ့ကွာနေလို့ အရှုံးပေါ်နေကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

"စနစ်တစ်ခုကို အသားမကျသေးခင် နောက်တစ်ခုက ပြန်လာတယ်ဗျာ။ သွင်းကုန်သမားတွေရော၊ အိတ်စ်ပို့သမားရော၊ အင်ပို့သမားရော အကုန်လုံး စိတ်ရှုပ်ရတယ်"

အခုလိုမတည်ငြိမ်တဲ့ မူဝါဒကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်နည်းလမ်းကို လိုက်ရမလဲဆိုတာမျိုး ဖြစ်နေကြရတယ်လို့ အမည်မဖော်လိုတဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သည်တစ်ဦးက ပြောပါတယ်။

"စိတ်ရှုပ်ရတာက ဘယ်လမ်းကြောင်းကို တိတိကျကျသွားပါလို့ဆိုတာလည်း မရှိဘူး။ ဒီလိုသွားရင် မဟုတ်ပြန်ဘူး။ နောက်စနစ်တစ်ခုက ပြောင်းပြန်ပြီ။ နောက်တစ်ခု နောက်တစ်ခု ပြောင်းပြန်ပြီ။ စနစ်တစ်ခုကို အသားမကျသေးခင် နောက်တစ်ခုက ပြန်လာတယ်ဗျာ။ သွင်းကုန်သမားတွေရော၊ အိတ်စ်ပို့သမားရော၊ အင်ပို့သမားရော အကုန်လုံး စိတ်ရှုပ်ရတယ်"

အခုလို ကုန်သည်တွေခက်ခဲတာနဲ့အမျှ နယ်စပ်ကုန်သွယ်ရေးအပေါ် မှီခိုနေရတဲ့ ကုန်တင်ကားသမားတွေအပေါ်မှာလည်း ရိုက်ခတ်မှုရှိနိုင်တယ်လို့ လွယ်ဂျယ်နယ်စပ် ကုန်ကားပိုင်ရှင်တစ်ယောက်က မှတ်ချက်ပြုပါတယ်။

"အစ်ကိုတို့ကျတော့ ကားသမားဆိုတော့ အားလုံးတော့ရိုက်ခတ်မှာပါ။ ကားသမားလည်း ကုန်သည်တွေ ဆောင်ရတာများရင် ကားသမားလည်း သွားလို့မရဘူးပေါ့။ အဲဒါတော့ စောင့်ကြည့်ရမှာပေါ့။ အခုမှသူတို့က မူချတာဆိုတော့ သေချာတာကတော့ ကုန်စည် စီးဆင်းမှုကတော့ နှောင့်နှေးသွားမယ်ထင်တာပဲ"

စစ်ကောင်စီ စီးပွားကူးသန်းဌာန တာဝန်ရှိသူကတော့ နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်စနစ်နဲ့ ငွေချေတာကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ပထမအဆင့်အနေနဲ့ ကျင့်သုံးခဲ့ပြီး အောင်မြင်နေတယ်လို့ ပြောပါတယ်။

ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံဘဏ်ချိတ်ဆက်မှုအားကောင်းတာကြောင့် အဆင်ပြေပေမယ့် တရုတ်ဘက်အခြမ်းက ဘဏ်မရှိတဲ့ တာချီလိတ် ဝမ်ပုံ နယ်စပ်က ကုန်သည်တွေ အတွက်တော့ ပိုခက်ခဲသွားနိုင်တယ်လို့ ထိုင်းနယ်စပ်အခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။

ကချင်ပြည်နယ်၊ ကန်ပိုက်တီကုန်သွယ်ရေးစခန်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကချင်ပြည်နယ်၊ ကန်ပိုက်တီကုန်သွယ်ရေးစခန်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တရုတ်နဲ့မြန်မာဟာ နယ်နိမိတ်မိုင်ပေါင်း (၁၃၇၀) လောက်ထိစပ်နေပြီး ကချင်နဲ့ ရှမ်းပြည်နယ်က အများဆုံး ထိစပ်နေတာပါ။ ကချင်ပြည်နယ်အတွင်းမှာတော့ လွယ်ဂျယ်၊ ကံပိုက်တီ ကုန်သွယ်ရေးစခန်းတွေရှိသလို ရှမ်းပြည်နယ်မှာတော့ မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ အဓိကကုန်သွယ်နေတာပါ။

အဲဒီထဲမှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးစခန်းက နိုင်ငံခြားငွေအများဆုံးရှာဖွေပေးနိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါမတိုင်ခင် ၂၀၁၉ ခုနှစ်အထိ တရုတ်နယ်စပ်နဲ့ ကုန်သွယ်မှု ပုံမှန်ရှိခဲ့ပေမယ့် အဲဒီနောက်ပိုင်း ကပ်ရောဂါကြောင့်ရော၊ စစ်အာဏာသိမ်းပြီး ဖြစ်လာတဲ့ဂယက်ကြောင့်ပါ နယ်စပ်ကုန်သွယ်ရေးတွေ ထိခိုက်ခဲ့တာပါ။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ဌာနရဲ့ စာရင်းတွေအရ တရုတ်နဲ့ ကုန်သွယ်မှုအများဆုံး ဖြစ်တဲ့ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုတည်းကနေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာဘက်က ပို့ကုန် အမေရိကန်ဒေါ်လာ သန်း (၃၀၄၉.၈၈၆) ဖိုးရှိခဲ့ပြီး၊ သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ (၁၈၄၀.၆၉၅ ) သန်းအထိ ရှိခဲ့တာတွေ့ရပါတယ်။

ဒါပေမဲ့ လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် မေလအထိ ပို့ကုန် အမေရိကန်ဒေါ်လာ သန်း (၂၇၄.၀၇၁) ဖိုးသာရှိနေပြီး သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ (၁၅၇.၅၇၆ ) သန်းနီးပါးဖိုးပဲ ရှိသေးတာကို တွေ့ရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မုန်းမှာ တပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်သားတွေ လက်နက်ချ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။