အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီ ကြေညာချက်ကြောင့် တရုတ်ရဲ့ အပစ်ရပ်ကြိုးပမ်းမှု ထိခိုက်
2024.09.05
တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်ပွဲတွေရပ်စဲဖို့နဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းကြဖို့ သက်ဆိုင်တဲ့အဖွဲ့တွေကို ဇူလိုင်လအတွင်းမှာ တိုက်တွန်းခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးမြို့နားအထိ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေ စစ်ဆင်ရေးဖော်ဆောင်ချိန်မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်ကို ရောက်လာခဲ့ပါတယ်။ အဲဒီခရီးစဥ်နောက်ပိုင်းမှာ တရုတ်ဘက်က မဟာမိတ်သုံးဖွဲ့ထဲက TNLA ကို တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သတိပေးစာ ပေးပို့ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာပါဝင်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို တိုက်ပွဲတွေရပ်ဖို့ တရုတ်က တောက်လျှောက်ဖိအားပေးနေသလို ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ တိုက်တွန်းနေတာ ဖြစ်တယ်လို့ TNLA က RFA ကို ပြောထားပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပေါ်ပေါက်ဖို့ တရုတ်အစိုးရ ကြိုးပမ်းနေတာကို ပျက်ပြယ်စေတာ စစ်ကောင်စီဖြစ်ပါတယ်”
ဒီအချိန်မှာ စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက် အဖွဲ့တွေအဖြစ် စက်တင်ဘာ ၂ ရက်နေ့က သတ်မှတ်ကြေညာလိုက်တာကြောင့် တရုတ်ရဲ့ စေ့စပ်ညှိနှိုင်းရေးကြိုးပမ်းမှုဟာ မရေရာတဲ့ အခြေအနေဖြစ်သွားပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
တရုတ်-မြန်မာ အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက “သေချာ စေ့စပ်ဆွေးနွေးကြပါလို့ ပြောနေတဲ့ကြားက သူက အကြမ်းဖက်လို့ ကြေညာလိုက်တာဟာ ဆွေးနွေးစရာမလိုဘူး။ ကျွန်တော်တို့ အဆုံးထိ တိုက်မယ်ဆိုတဲ့သဘောပေါ့ဗျာ။ တရုတ်ကို အဲဒီလို သူ အဖြေပေးလိုက်တဲ့ သဘောပါပဲ”လို့ သုံးသပ်ပါတယ်။
မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပေါ်ပေါက်ဖို့ တရုတ်အစိုးရ ကြိုးပမ်းနေတာကို ပျက်ပြယ်စေတာ စစ်ကောင်စီ ဖြစ်တယ်လို့ ပြောပါတယ်။
“စစ်ကောင်စီအနေနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တဲ့အချိန်ဆိုရင်တော့ အဲဒါဖြစ်နိုင်ဖို့ သိပ်မရှိတော့ဘူး ဆိုတဲ့သဘော။ အဲဒီတော့ တရုတ်ရဲ့ပြောဆိုမှုကို အဓိက မြောက်ပိုင်းညီနောင်တွေ နားထောင်တယ် နားမထောင်ဘူး၊ လက်ခံတယ် လက်မခံဘူး ဆိုတာထက် တရုတ်ရဲ့ စီစဥ်၊ စဉ်းစားမှုတွေကို ထော်လော်ကန့်လန့် လုပ်တာက စကစက လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်တောင် ဖြစ်သွားတာပေါ့”
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ မြို့ရွာတွေနဲ့ လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်တွေကို ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးနေတာကြောင့် အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ကြေညာတာလို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရတဲ့အထဲက အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတာ စစ်ကောင်စီ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးနဲ့ စေ့စပ်ညှိနှိုင်းရေး ဖြစ်မြောက်ဖို့ဆိုရင် စစ်ကောင်စီကို ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ဦးခိုင်သုခက RFA ကို ပြောပါတယ်။
“တရုတ်အစိုးရအနေနဲ့က နယ်စပ်ဒေသတည်ငြိမ်ရေး၊ ပြီးရင် ဒီဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရေးအတွက် သူ့ဘက်ကတော့ အမြဲတမ်း လိုလားတာပေါ့နော်။ ဒါပေမဲ့ အပစ်ခတ်ရပ်စဲရေးတစ်ခုရဖို့ဆိုရင် နှစ်ဖက်စလုံးက လိုလိုလားလား အပစ်ရပ်မှပဲ တိုက်ပွဲက ရပ်သွားမှာဖြစ်တယ်။ အဓိက ကတော့ အကြမ်းဖက် စစ်ကောင်စီကို ထိန်းချုပ်နိုင်မှပဲ ရမယ်ဗျ။ ဒီ အကြမ်းဖက်စစ်ကောင်စီက ဆက်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေမယ်ဆိုရင် တရုတ်ရဲ့ကြိုးပမ်းမှုကလည်း ဘယ်လောက်ပဲ စေတနာရှိရှိ၊ အရာရောက်မှာတော့ မဟုတ်ဘူး”
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ဟာ ၁ဝ၂၇ စစ်ဆင်ရေးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ဟိုင်ဂင် သဘောတူညီချက်နဲ့ တိုက်ပွဲတွေ ရပ်တန့်ခဲ့ပါတယ်။
ဇွန် ၂၅ ရက်နေ့မှာတော့ အပစ်ရပ်သဘောတူညီချက်တွေ ပျက်ပြယ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာပါ။ စစ်ဆင်ရေးဖော်တဲ့အဖွဲ့တွေက စစ်ကောင်စီဟာ အပစ်ရပ်သဘောတူညီချက်တွေကို စတင်ချိုးဖောက်တာလို့ ပြောဆိုထားပါတယ်။
“အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တာဟာ ရှေ့ဆက် တိုက်ပွဲတွေ ပိုပြင်းထန်လာပါဦးမယ်”
စစ်ဆင်ရေး ဒုတိယပိုင်းအတွင်းမှာလည်း ဟိုင်ဂင် သဘောတူညီချက်နောက်ဆက်တွဲ ဆွေးနွေးပွဲတွေပေါ်ပေါက်ဖို့ တရုတ်ဘက်က ကြိုးပမ်းခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ ကိုယ်စားလှယ်စေလွှတ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာချက်အပေါ် သုံးသပ်ချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ စစ်ရေးအရှိန်ကို တရုတ်အစိုးရက မရပ်တန့်နိုင်သလို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီကလည်း လက်ခံတော့မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“အကြမ်းဖက်လို့ ကြေညာထားတဲ့သူတွေနဲ့ ဘယ်တော့မှ ဆွေးနွေးမှာမဟုတ်တော့ဘူး။ တရုတ်က သူ့လူတွေကို ထိန်းမှမထိန်းနိုင်ဘဲ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုလမ်းစဥ်တွေတော့ အများကြီးနှောင့်နှေးသွားပြီပေါ့နော်”
ဆက်နွှယ်သောသတင်းများ
ရှမ်းမြောက်က တိုက်ပွဲအရှိန်လျော့ရေး ဆက်လက်ပါဝင်မယ်လို့ တရုတ်ပြော
TNLA အပေါ် တရုတ်ဖိအားပေးမှု ရန်ကုန်မှာ ဆန့်ကျင်ဆန္ဒပြ
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှု ဂရုစိုက်မှာမဟုတ်ကြောင်း မြောက်ပိုင်းအဖွဲ့တွေ တုံ့ပြန်
ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုရင် အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာထားတာကို ပြန်လည်ရုပ်သိမ်းမှသာ ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်၊ NLD အစိုးရလက်ထက်မှာ AA ကို မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ၂ဝ၂၁ ခုနှစ် မတ်လမှာ အဲဒီကြေညာချက်ကို ဖျက်သိမ်းလိုက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ AA ပါဝင်လာခဲ့ပါတယ်။ အဲဒီလို ရုပ်သိမ်းပြီးနောက် သုံးနှစ်ကျော်ချိန်မှာ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ပြန်ကြေညာခံရတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်က ၁၀၂၇ စစ်ဆင်ရေး ဆယ်လတာအတွင်း အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိတဲ့ လားရှိုးမြို့အပါအဝင် မြို့ပေါင်း နှစ်ဆယ်ခန့်ကို စစ်ကောင်စီ လက်လွှတ်ခဲ့ရပါတယ်။
စစ်ရေးရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက တရုတ်ရဲ့ အပစ်ရပ် တိုက်တွန်းချက်ကို လျစ်လျူရှုပြီး ၁ဝ၂၇ စစ်ဆင်ရေးဖော်နေတဲ့အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တာဟာ ရှေ့ဆက် တိုက်ပွဲတွေ ပိုပြင်းထန်လာဦးမယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
တရုတ်အစိုးရဘက်ကတော့ ဒီစစ်ရေးပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို ဆက်လက်ချဥ်းကပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့ ကြိုးစားနေဦးမှာပဲလို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။