KIA ထိန်းချုပ်နယ်မြေက နယ်စပ်ဂိတ်တွေကို တရုတ်ပိတ်ထား
2024.10.22
မြေရှားသတ္တု အများဆုံးထွက်တဲ့ မြန်မာ-တရုတ်နယ်စပ် ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပြီးနောက် အောက်တိုဘာ ၁၈ ရက်နေ့ည ၁၂ နာရီကစပြီး KIO/KIA ထိန်းချုပ်နယ်မြေက နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA ထိန်းချုပ်နယ်မြေမှာရှိတဲ့ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ခါရှန် စတဲ့ ဂိတ်တွေကို ချက်ချင်းပိတ်ခဲ့တာပါ။
တရုတ်အာဏာပိုင်တွေရဲ့ နယ်စပ်ဂိတ် ပိတ်ကြောင်း ကြေညာချက်မှာတော့ အဆောက်အအုံတွေ ပြန်လည်တည်ဆောက်ဖို့နဲ့ စစ်ဆေးရေးစနစ်တွေ အဆင့်မြှင့်တင်ဖို့ ယာယီ ပိတ်ထားတယ်လို့သာ ဖော်ပြထားပါတယ်။
“ပန်ဝါမြို့ပေါ်မှာ လုံခြုံရေး၊ နယ်မြေရှင်းလင်းရေးနဲ့ အုပ်ချုပ်ရေးလည်ပတ်ဖို့ KIA က အဓိကလုပ်နေပါတယ်”
အောက်တိုဘာ ၁၇ ရက်နေ့က တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းဦးဆောင်တဲ့ သံတမန်အဖွဲ့နဲ့ KIO ယာယီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်တို့ တရုတ်ပြည်မှာတွေ့ဆုံခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်မဖော်ဆောင်ဖို့နဲ့ ဆွေးနွေးအဖြေရှာဖို့ ပြောဆိုခဲ့တယ်လို့ KIO/KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါပေမဲ့ KIA အနေနဲ့ တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ကန်ပိုက်တီမြို့ကို ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် တရုတ်က အခုလိုဖိအားပေးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လိုင်ဇာမြို့မှာရှိတဲ့ နယ်စပ်ဂိတ်ကို ပန်ဝါမြို့ သိမ်းခံရအပြီးမှာပဲ ချက်ချင်း ပိတ်လိုက်တာလို့ လိုင်ဇာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပန်ဝါ ရရချင်း ဂိတ်ကြီး ပိတ်ချလိုက်တဲ့ အခါကျတော့ ဒါကိုက အရမ်းကိုပဲပေါ့နော်။ ကွင်းကွင်းကွက်ကွက် မြင်ရတယ်ပေါ့နော်။ ဖိအားပေးတယ်လို့။ လိုင်ဇာရဲ့အခြေအနေက တရုတ်ဘက်ကဝင်တဲ့ ပစ္စည်းတွေက လုံးဝ ပြတ်တောက်သွားတယ်ပေါ့။ တချို့ပစ္စည်းပေါ့။ အခြေခံစားသောက်ကုန်တွေ ကြက်ဥတို့ပေါ့နော်။ ဒီဝက်သားတို့ဆို အများဆုံးက တရုတ်ဘက်က တင်သွင်းမှုရှိတာပေါ့နော်။ အခုဆို ကြက်ဥတွေက မရှိတော့ဘူးပေါ့”
ရှိနေပြီးသား ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ အပါအဝင် အသားစျေးတွေလည်း ပုံမှန်ထက် ကျပ်ငါးထောင်ခန့် စျေးတက်လာတယ်လို့ ဆိုပါတယ်။
“နယ်စပ်ဂိတ်ပိတ်တာ ရက်ကြာလာရင် အားလုံးအခက်အခဲဖြစ်နိုင်ပါတယ်”
ပန်ဝါမြို့မှာရှိတဲ့ နယ်စပ်ဂိတ်ကိုတော့ တိုက်ပွဲ မဖြစ်ခင်ကတည်းက တရုတ်ဘက်က ပိတ်ထားပြီး လျှပ်စစ်မီးလည်း မပေးတော့ဘူးလို့ ပန်ဝါဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုချိန်ကတော့ တရုတ်နယ်စပ်ဂိတ်က ပိတ်ထားတယ်။ တိုက်ပွဲ မဖြစ်ခင်ကတည်းက ပိတ်ထားတာ အခုထိ မဖွင့်သေးဘူး။ ပစ္စည်းလည်း မဝင်ဘူး။ လူလည်း မဝင်ဘူး။ ဒီဘက်က လူတွေလည်း ပေးမဝင်ဘူး။ ပိတ်ထားဆဲဖြစ်တယ်။ ဓာတ်ဆီလည်း မရှိတော့ဘူး။ စားသောက်ကုန်လည်း မရှိတော့ဘူး။ မြစ်ကြီးနားလမ်းလည်း ပိတ်ထားတာ ကြာပြီဆိုတော့ ဆန်လည်း မရှိတော့ စားသောက်ကုန်တွေ သိပ်မရှိဘူး”
လက်ရှိ ပန်ဝါမြို့ပေါ်မှာ လုံခြုံရေး၊ နယ်မြေရှင်းလင်းရေးနဲ့ အုပ်ချုပ်ရေး လည်ပတ်ဖို့ KIA က အဓိကလုပ်နေတယ်လို့ ဆိုပါတယ်။
ပန်ဝါမြို့အနီးက မြေရှားသတ္တုလုပ်ကွက်တွေမှာတော့ တရုတ်လူမျိုးတွေရော မြန်မာအလုပ်သမားတွေပါ ရှိနေဆဲဖြစ်ပြီး နယ်စပ်ဂိတ်ပိတ်တာ ရက်ကြာလာရင် အားလုံးအခက်အခဲဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ နယ်စပ်ဂိတ်တွေပိတ်ပြီး ကုန်စည်စီးဆင်မှု ရပ်တန့်နေတယ်လို့ RFA ကို ပြောပါတယ်။
“ဟုတ်တယ် ဂိတ်တွေ ပိတ်တာရှိပါတယ်။ ကျွန်တော်တို့ ဒီနားဘန် (လိုင်ဇာ) ဂိတ်တို့ မိုင်ဂျာယန်ဘက်က ဂိတ်တွေ ပိတ်ပါတယ်။ လူဝင်လူထွက်တွေလည်း မရှိဘူး။ တခြားကုန်ပစ္စည်းတွေလည်း ဝင်ထွက်လည်း မရှိတော့ဘူး။ သူတို့ပြောတာကတော့ ဟိုလမ်းတံတားတွေ ဘာတွေ ပြင်ဖို့ရှိတယ်ဆိုပြီးပဲ သူတို့ ဒီထုတ်ပြန်ကြေညာချက်မှာ ရေးထားတာ တွေ့ရတယ်”
လက်ရှိ ကန်ပိုက်တီမြို့ကို လုံခြုံရေးယူပေးနေတဲ့ နယ်ခြားစောင့်တပ် အမှတ် (၁၀၀၃) တပ်ရင်းဌာနချုပ်၊ ပန်ဝါဘက်အခြမ်း တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် အမှတ် (၅) နဲ့ (၆) ကြားက စစ်ကောင်စီ တပ်စခန်းတစ်ခုကို အောက်တိုဘာ ၂၁ ရက်နေ့က သိမ်းယူခဲ့ပြီး မိုးမောက်မြို့နယ်မှာလည်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ ဒေသခံတစ်ဦးကတော့ တရုတ်ဘက်က ရင်းနှီးမြုပ်နှံမှုတွေ မြန်မာဘက်မှာ များတာကြောင့် ရက်ကြာကြာ မပိတ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“သူတို့လိုချင်သမျှ အကုန်လုံးက သူတို့ဘက်ကို သွင်းယူနေတယ်။ သူတို့ဘက်ကကျတော့ ဒီဘက်ကို ဘာမှ မထုတ်ပေးဘူး။ လက်ရှိအနေအထားအရတော့ ကြာကြာတော့ မပိတ်လောက်ဘူး။ ဘာကြောင့်ဆို သူတို့ဘက်ကနေ မြန်မာပြည်ဘက်အခြမ်းကို စီးပွားရေး လုပ်နေတဲ့ဟာတွေ အများကြီးရှိတယ်လေ။ ဘီလီယံချီပြီးမှ သူတို့ ရင်းနှီးမြှုပ်နှံထားတာ”
မြန်မာဘက်က ကားတွေကို တရုတ်ဘက် ဝင်ခိုင်းထားပေမဲ့ တရုတ်ဘက်ကနေ မြန်မာဘက် အဝင်ကိုတော့ လုံးဝ ပိတ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိ မိုင်ဂျာယန်မှာ နယ်ပေါင်းစုံက ကျောင်းလာတက်သူတွေ များတာကြောင့် ပိတ်ထားတာ ရက်ရှည်လာရင် ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပိုပြီးအခက်အခဲဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်ဂျာယန်တစ်ဝိုက်က မြေရှားသတ္တူလုပ်ကွက်တွေမှာ တရုတ်လိုမျိုးတွေ ရှိနေသလို မြေရှားသတ္တုတူးဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေကိုလည်း တရုတ်ဘက်ကပဲ သယ်ယူနေရတာလို့ ဆိုပါတယ်။
KIA ထိန်းချုပ်နယ်မြေ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီးတစ်ဝိုက်မှာ ၂၀၂၁ ခုနှစ်က မြေရှားသတ္တုလုပ်ကွက် ကိုးခုပဲရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာတော့ သတ္တုလုပ်ကွက် လေးဆယ်ကျော်ထိ တိုးလာတယ်လို့ Global Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆက်နွှယ်သောသတင်းများ
တိုက်ပွဲကြောင့် တရုတ်နယ်စပ် ကန်ပိုက်တီက ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရ
ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA သိမ်းပိုက်
ချီဖွေက စစ်ကောင်စီစခန်း ဆယ်ခုကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထား
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နယ်စပ်မှာ တိုက်ပွဲဖြစ်ရင် တရုတ်အနေနဲ့ နယ်စပ်ဂိတ်တာ အရင်ကတည်းက ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အခုကဟာကတော့ ဖိအားတော့ ဖိအားပေါ့ဗျာ။ ဒါပေမဲ့ ဖိအားပေးတာက တော်လှန်ရေး အင်အားစုတွေအပေါ်မှာ ဖိအားပေးတာမဟုတ်ဘဲနဲ့ ပြည်သူလူထုကို ဖိအားပေးတာ။ ဒါက သိပ်တော့မဆန်းပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်က အမြဲတမ်း သူ့နယ်စပ်တစ်လျှောက်မှာ တိုက်ပွဲတွေ ပေါ်လာလို့ ပြည်သူတွေ ပြေးကြရှောင်ကြပြီဆိုရင် အမြဲတမ်း မီးပိတ်၊ တံခါးပိတ်ပြီးတော့ ဘယ်တော့မှာ ဒုက္ခသည်တွေကို ကူညီတာမရှိဘူး”
နယ်စပ်ဂိတ်တွေ ပိတ်လိုက်တဲ့အပေါ် တုံ့ပြန်မှုရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့၊ မေးမြန်းထားပေမဲ့ အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။
လက်ရှိ စစ်ကောင်စီဘက်က ထိန်းချုပ်ထားတဲ့ ကန်ပိုက်တီမြို့အနီးမှာလည်း တိုက်ပွဲ ပြင်းထန်းလာတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်း စတဲ့ တရုတ်နယ်စပ်ဂိတ် ငါးခုကိုလည်း ၁၀၂၇ ဒုတိယပိုင်းစတဲ့အချိန်မှာပဲ တရုတ်ဘက်က ပိတ်ထားပါတယ်။