အာဏာသိမ်းကာလအတွင်း တရုတ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု ပိုကြီးထွားလာ

RFA Burmese
2023.08.02
အာဏာသိမ်းကာလအတွင်း တရုတ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု ပိုကြီးထွားလာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းတို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။
Myanmar Military

အာဏာသိမ်းကာလအတွင်း တိုင်းပြည်မငြိမ်သက်မှုကို အခွင့်ကောင်းယူပြီး မြန်မာ့အရေးမှာ တရုတ်အစိုးရရဲ့ လွှမ်းမိုးချုပ်ကိုင်မှုနဲ့ စီးပွားရေး အမြတ်ထုတ်မှု ပိုကြီးထွားလာတယ်လို့ နိုင်ငံရေး အကဲခတ်တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲအတွင်း တရုတ်အစိုးရ ထိပ်တန်းအရာရှိတွေ မြန်မာနိုင်ငံကို မကြာခဏ လာရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းဆိုရင် ၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ ခုနစ်လအတွင်း မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ခဲ့ပါတယ်။

ဇူလိုင်လ ၂၈ ရက် တတိယအကြိမ် ခရီးစဉ်မှာဆိုရင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နိုင်ငံခြားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကဏ္ဍက ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိန့်ရှီကျွန်း တွေ့ဆုံမှုမှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်ရဲ့ကူညီ ဆောင်ရွက်မှု အခြေအနေ၊ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ မြန်မာ့နိုင်ငံရေး အခြေအနေ၊ စစ်ကောင်စီရဲ့ ဒေသတွင်း တည်ငြိမ်ရေး ကိုင်တွယ်မှုနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးစတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ပိုးလမ်းမ စီမံကိန်းအတွက် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေ တည်ငြိမ်ဖို့ လိုအပ်တာကြောင့် တရုတ်က သူ့အကျိုးစီးပွားအတွက် လုပ်ဆောင်နေတာလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“ပိုးလမ်းမနဲ့ ပတ်သက်လို့ မြန်မာပြည်က တော်တော်လေး နောက်ကျနေတယ်။ ဥပမာအားဖြင့် ကျောက်ဖြူကို ရွှေလီကနေ ဖောက်မယ့် ရထားလမ်းဆိုရင် ခုထိ ဘာမှကို စလို့မရဘူး ဖြစ်နေတယ်။ အခု ဒီနှစ်အကုန်ဆိုရင် ကူမင်းကနေ ရွှေလီအထိ ရထားလမ်းက ပေါက်တော့မယ်ဗျ။ အဲဒီလမ်းက ဖြတ်သွားရမှာက မြန်မာပြည်ကို အလယ်ခေါင် တည့်တည့်က ဖြတ်သွားတော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေး ရဖို့လိုတယ်။ အထူးသဖြင့် မြောက်ပိုင်း ဒေသတွေပေါ့ဗျာ။ အဲဒီအတွက် တရုတ်က ပိုပြီးတော့ ထဲထဲဝင်ဝင် ကြိုးစားနေတယ်ထင်တယ်”

၂၀၂၃ ခုနှစ် မေလ ၂ ရက် နေပြည်တော်မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းတို့ တွေ့ဆုံစဉ်မှာလည်း ပိုးလမ်းမစီမံကိန်းအောက်က ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေကို အရှိန်အဟုန်မြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးမှုတွေ လုပ်ရုံမက ဒီစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေး ရဖို့ကိုလည်း တရုတ်က ကြားဝင် ဆောင်ရွက်နေတယ်လို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

"ပိုးလမ်းမနဲ့ ပတ်သက်လို့ မြန်မာပြည်က တော်တော်လေး နောက်ကျနေတယ်။"

မစ္စတာ တိန့်ရှီကျွန်းဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ မြန်မာ-တရုတ် နယ်စပ်ကို ခြေကုပ်ယူ လှုပ်ရှားနေတဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နှစ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုတွေမှာ စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို သူက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတော်ကာကွယ်ရေး အသုံးစာရိတ် ဥပဒေ (NDAA) ကို သမ္မတ ဂျိုးဘိုင်ဒင် အတည်ပြု ပြီးနောက်ပိုင်း တရုတ်ဟာ စစ်ကောင်စီနဲ့ရော သူနဲ့နီးစပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပါ ပိုပြီးထိတွေ့ ဆက်ဆံလာတာလို့ နိုင်ငံရေး အကဲခတ်တွေက ထောက်ပြပါတယ်။

NDAA မှာ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အတိုက်အခံ အဖွဲ့တွေကို လက်နက်မဟုတ်တဲ့ အကူအညီတွေ ပံ့ပိုးပေးမယ်လို့ ဖော်ပြထားပါတယ်။

ဒီအချက်ကြောင့်ပဲ အမေရိကန်နဲ့ အားပြိုင်နေတဲ့ တရုတ်က ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလာတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“မြန်မာပြည်ကို အကြောင်းပြုပြီး အမေရိကန်တို့ အီးယူတို့ကနေပြီးတော့ ဝင်ရောက် စွက်ဖက်လာမယ့်ကိစ္စတွေ တရုတ်က စိုးရိမ်တယ်။ အဲဒီလိုစိုးရိမ်တဲ့ အနေအထားတွေ အောက်မှာ အမေရိကန်လွှတ်တော်က NDAA ဆုံးဖြတ်ချက် တရားဝင် တင်ပြ လာတာရယ်ကြောင့် အမေရိကန်ကတော့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ကိစ္စတွေ ပါဝင်စွက်ဖက်တော့မယ်ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှုနဲ့ မြန်မာပြည် ပြဿနာနဲ့ပတ်သက်တဲ့ သဘောထား ပြောင်းလိုက်ပါတယ်။ ပြောင်းတာကတော့ သူ့အနေနဲ့ စစ်ကောင်စီနဲ့ ဗြောင်ပဲ ပူးပေါင်းတဲ့ လမ်းကြောင်းကို လုပ်လာတာ”

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံလာတာကို တရုတ်က စိုးရိမ်ပုံရတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။ အာဏာသိမ်းပြီး တိုင်းပြည် မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်းက သူ့ရဲ့အကျိုးစီးပွားတွေ ထိခိုက်လာတဲ့ အပေါ်မှာလည်း တရုတ်က စိုးရိမ်မကင်းဖြစ်နေတယ်လို့ သူက ထောက်ပြပါတယ်။

လတ်တလော တရုတ်ရဲ့ စီးပွားရေးစင်္ကြံ စီမံကိန်း အကောင်အထည် ဖော်ရာမှာ အရေးပါတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ မစ္စတာ တိန့်ရှီကျွန်းဟာ ဒီခရီးစဉ်အတွင်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွေ့ဆုံပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

တရုတ်အထူးကိုယ်စားလှယ်ရဲ့ တတိယအကြိမ် ခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ဒါ့အပြင် တရုတ်အထူး ကိုယ်စားလှယ်ရဲ့ မြန်မာပြည် ခရီးစဥ်တွေအပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်အပေါ် သိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က စာပေးပို့ မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်လာတာ မရှိသေးပါဘူး။

စစ်တပ်အရာရှိဟောင်းတွေ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ တရုတ်ဟာ သူ့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ တည်ငြိမ်ဖို့ လိုအပ်တာကြောင့် စစ်ကောင်စီနဲ့ နီးနီးကပ်ကပ် ပူးပေါင်းလာတာလို့ ပြောပါတယ်။

“ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါမှာ အမေရိကန်က တရုတ်ကို ဖိအားပေးမှုတွေ ဖြစ်လာရင် တရုတ်အနေနဲ့ သူ့ရဲ့နောက်ကျောဘက်က ထွက်ပေါက်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ လုံခြုံမှုရှိဖို့ လိုအပ်တယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊ နောက်လာမယ့် သူ့ရဲ့ လုပ်ငန်းစဉ်တွေ ဒါတွေအများကြီးက မြန်မာနိုင်ငံပေါ်ကနေ ဖြတ်သန်းသွားတယ်။ အဲဒီဟာတွေအတွက် မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်မှုနဲ့ လုံခြုံအေးချမ်းမှု ရသွားဖို့ အဓိက လိုတယ်။ အဲဒါကြောင့် သူ့အနေနဲ့ လိုအပ်တဲ့အပိုင်းကနေ ပံ့ပိုးကူညီဖို့ ခဏခဏလာတယ်လို့ သုံးသပ်လို့ရတယ်”

နေပြည်တော်ရှိ လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှု လက်မှတ်ထိုးနေသည်ကို တွေ့ရစဉ်။ (Photo: gnlm)
နေပြည်တော်ရှိ လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှု လက်မှတ်ထိုးနေသည်ကို တွေ့ရစဉ်။ (Photo: gnlm)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုယ်တိုင်ကလည်း မြန်မာ့အရေးဟာ တရုတ်ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့အတွက် တရုတ်အနေနဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမယ်လို့ ၂၀၂၁ ခုနှစ် ဇွန်လက ပြောဆိုခဲ့ဖူးပါတယ်။

NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ နယ်စပ်ဒေသမတည်ငြိမ်မှုနဲ့ တရုတ်ရဲ့ အကျိုးစီးပွား ထိခိုက်မှုတွေဟာ စစ်ကောင်စီကြောင့်ဆိုတာ တရုတ်အနေနဲ့ သတိပြုမိဖို့ လိုတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့်သာ မြန်မာနိုင်ငံမှာ မတည်မငြိမ် ဖြစ်နေတယ်။ နယ်စပ်မှာ မတည်မငြိမ် ဖြစ်နေတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် စီးပွားရေး လုပ်ငန်းတွေလည်း တိုးတက်သင့်သလို မတိုးတက်ဘဲနဲ့ ဆုတ်ယုတ်နေတယ်။ အဲဒီအတွက်ကြောင့် အိမ်နီးချင်း နိုင်ငံတွေအတွက်ပါ ထိခိုက်တယ်ဆိုတာလည်း သိရှိ နားလည်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအတွက်ကြောင့်ဆိုရင် ကျွန်တော်တို့ကတော့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီတဲ့ကိစ္စတွေ အောင်မြင်ဖို့အတွက် မြန်မာ ပြည်သူလူထုဘက်က ရပ်တည်ပြီး လုပ်ကိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

တရုတ်အနေနဲ့ ကဏ္ဍပေါင်းစုံက ထိတွေ့ဆက်ဆံနေတာကို နားလည်ပေမယ့် မြန်မာ့အရေးအတွက် တရုတ်ရဲ့ ကြားဝင်မှုဟာ လူထုအတွက် အကျိုးရှိတဲ့ စေ့စပ်မှုမျိုးပဲ ဖြစ်သင့်တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကို လက်နက်ရောင်းတာနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ အခုနှစ် ဇွန်လ ၂၄ ရက်နေ့က ကြေညာချက်ထုတ် ပြန်တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။