ကချင်ပြည်နယ်က သစ်နဲ့ကျောက်စိမ်း တရုတ်ဘက်ကို ခိုးထုတ်နေမှု တင်ပြချက်


2015.01.24

ကချင်ပြည်နယ်က သစ်နဲ့ ကျောက်စိမ်းကျောက်မျက်တွေ တရုတ်နိုင်ငံကို မှောင်ခိုခိုးထုတ်နေတဲ့ နောက်ဆုံးအခြေ အနေတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အခုဇန်နဝါရီ လဆန်းပိုင်းအတွင်း အစိုးရစစ်တပ်က တရားမဝင် သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား ၁၃ဝ ကျော်နဲ့အတူ မော်တော်ယာဉ်နဲ့ စက်ယန္တရား ၅ဝဝ နီးပါးကို ဖမ်းဆီးမိခဲ့တယ်ဆိုတဲ့ သတင်းတွေ အပြီး နောက်ထပ် သစ်အလုံးရေ ထောင်ဂဏန်းနဲ့ချီပြီး ဖမ်းဆီးထားမိတဲ့အကြောင်း သစ်တောဦးစီးဌါနဆီကနေပြီးတော့ သတင်းတွေထွက်လာပါတယ်။

ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် ဒါဟာကချင်ပြည်နယ်ထဲမှာ တရားမဝင် သစ်ခိုးထုတ်မှုကို စီမံကိန်းတွေ ချပြီးလုပ်နေတဲ့ သုံးသပ်ချက်တွေလည်း ထွက်လာပါတယ်၊ ဒီလိုမျိုး တရုတ်နိုင်ငံဘက်ကနေပြီး တရားမဝင်သစ်ခိုး ထုတ်နေတဲ့ လုပ်ငန်းတွေဟာ ကချင်ပြည်နယ်ထဲမှာ လွန်ခဲ့တဲ့နှစ်အတော်ကြာကြာကတည်းက အခုလိုကြုံနေ ရတာဖြစ်တယ်လို့ NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ဒေါ်ဘောက်ဂျာ။                  ။သစ်လုပ်နေတာက အခုရယ်တော့မဟုတ်ဘူး၊ ရာစုနှစ်တော်တော်များများ ကြာသွား ပြီပေါ့နော်၊ ကျမတို့ သိတက်လောက်တဲ့အချိန်ကစပြီး ဒီသစ်တွေတရုတ်ပြည်ဘက်ကို ရောက်နေတာ၊ မြင်လည်းမြင်ခဲ့ ရပါတယ်၊ တရုတ်ပြည်ကို ဝင်နေတဲ့သစ်တွေဆိုရင် တစ်ခ့ဆိုရင် အစီး ၂ဝ၊ ၃ဝ ဝင်နေတယ်၊ ပြီးတော့ တရုတ်ပြည်မှာ ဆိုရင် ကျမတို့ဗမာပြည်ကဝင်လာတဲ့ သစ်ရဲ့သစ်နှစ်တောင်မကျန်ဘူးပေါ့နော်၊ ဟိုမှာ သူတို့သစ်နှစ်ပါ အကုန်လုံးအသုံးပြု လို့ ရတယ်နဲ့တူပါတယ်၊ သစ်တွေအားလုံးဟာ တရားဝင် ထွက်သွားတယ်ဆိုတာတော့ ကျမတို့တော့မထင်ဘူး၊ အခုကတော့ ကချင်ပြည်နယ်မှာ သစ်တောင်မှ မရှိသလောက်ဖြစ်သွားတဲ့အချိန်ကျမှ အခုလိုဖမ်းဆီးနေတဲ့ လုပ်တဲ့ အခါကျတော့ ကျမတို့အမြင်ကတော့ သူတို့ကုန်သွားပြီဖြစ်တဲ့အတွက် တိုင်းပြည်ကိုပြစရာမရှိလို့ အခုမှဖမ်းပြတယ်လို့ပဲ ကျမမြင်တာပေါ့လေ။

ဒါ့အပြင်လည်း နယ်စပ်ဒေသတွေဘက်ရောက်တဲ့အခါမှာ တရုတ်နိုင်ငံထဲကို မြန်မာနိုင်ငံနယ်စပ်တွေက နေ ပြီးတော့ နေ့နေ့ညည ကားတွေနဲ့သစ်ခိုးထုတ်တာကို မြင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဒေါ်ဘောက်ဂျာ။                  ။ကျမတောင်မှ နယ်စပ်ဘက်မှာ ကျမသွားတဲ့အချိန်တွေဘာတွေ တွေ့တဲ့အခါမှာ ကားတွေအစီး ၂ဝ၊ ၃ဝ တစ်ညလုံးလုံးလည်း ထုတ်နေတာတွေ တွေ့တယ်ပေါ့၊ အဲ့ဒါကြောင့် အများဆုံကတော့ ဒီတရုတ်လူမျိုးတွေပါပဲ၊ သစ်ကားတွေတင်တာကတော့ တရုတ်လူမျိုးတွေပါ၊ ဒါပေမယ့် ဒီနေရာအထိ ရောက်လာအောင် လုပ်တာကတော့ ဒီကျမတို့ ဌါနဆိုင်ရာအမျိုးမျိုးပေါ့နော်၊ စစ်တပ်ရယ်၊ ရဲတွေရယ် ဌါနဆိုင်ရာတွေရယ် ဒါတွေကြောင့်ပဲ ဟိုဘက်ကိုရောက်သွားတာပါ၊ တယ်စပ်ရောက်တဲ့အခါကျတော့ KIA တွေကလည်း အခွန်ကောက်တာမျိုးတော့ ရှိကောင်းရှိပါလိမ့်မယ်။

ဒီလို သစ်ခိုးထုတ်မှုအခြေအနေတွေအပြင် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောက်စိမ်းလုပ်ငန်းတွေ အတွင်းမှာလည်း တရုတ်နိုင်ငံသားတွေက ၇၅ ရာခိုင်နှုန်းလောက် လွှမ်းမိုးနေတယ်လို့ ဖားကန့်ကျောက်စိမ်းတွင်းက အရောင်းအဝယ် လုပ်နေတဲ့ ဦးဇော်မှိုင်းကလည်း သူမြင်တွေ့ရတဲ့ အခြေအနေတဲ့ ပတ်သက်ပြီးတော့ အခုလိုပြောပြထားပါတယ်။

ဦးဇော်မှိုင်း။               ။ကျနော်တို့ တွေ့ရသလောက်တော့ အများပိုင်း တရုတ်တွေချည်းပဲ၊ နာမည်ခံတဲ့အခါကျတော့ ကုမ္ပဏီနာမည်တွေကျတော့ နိုင်ငံတော်ရဲ့ထိပ်တန်းကလူကြီးတွေပေါ့နော်၊ သူတို့နာမည်နဲ့ လုပ်ခွင့်ပေးထားတဲ့ ကုမ္ပဏီတွေ၊ သူတို့နာမည်ခံပြီးတော့ အထဲမှာသူတို့ရှယ်ယာ၊ တကယ့်လက်တွေ့လုပ်တဲ့ နေရာမှာတော့ တရုတ်လော ပန်းတွေပေါ့နော်၊ ဝင်ထွက်နေတဲ့ဟာတွေ အားလုံးတရုတ်လူမျိုးတွေပါပဲ၊ လုပ်တာကတော့ ၇၅ ရာခိုင်နှုန်းလောက်တော့ တရုတ်တွေလို့မြင်တယ်၊ ကျန်တဲ့လူတွေ တိုင်းရင်းသားတွေ ၂ ဦးစပ်၊ ၃ ဦးစပ် ပေါင်းပြီးလုပ်တဲ့ကုမ္ပဏီတွေပေါ့၊ သူတို့စစ်တပ်နဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးတွေ ပိုက်ဆံပေးပြီးတော့ လုံခြုံရေးတွေလုပ်ခိုင်းပြီးတော့ လုပ်တဲ့ဟာတွေ ဒေ သခံရေမဆေးသမားတွေ ကျောက်ရှာအပြင်က သူတို့စွန့်ပစ်မြေစာထဲက ကျောက်ရှာတဲ့လူကိုတောင်မှ ဖမ်းခိုင်းတယ်၊ သူတို့ဆီမှာ အာဏာရှိတယ်ပေါ့၊ အဲ့လိုမျိုးပုံစံလုပ်ပြီးတော့ စစ်တပ်နဲ့ရဲတွေကို သူတို့က ခိုင်းစားတဲ့ပုံစံတွေ လုပ်နေတာပါ၊ ဟိုဘက်က ဗမာစကားမတက်တဲ့ လူတွေကျတော့ တခါတလေမှ လာတာပေါ့၊ ဒီတစ်နှစ်မှာ တစ်ခေါက် နှစ်ခေါက်လောက်၊ တရုတ်ဆိုရင်လည်း နယ်စပ်မှာနေတဲ့လူတွေ၊ ကချင်ပြည်နယ်မှာ နေတဲ့လူတွေကို သူတို့ကိုယ်စားလှယ် ခန့်ပြီးတော့၊ ဦးစီးပြီးတော့ လုပ်တယ်ပေါ့နော်၊ ဗမာစကားလည်း ပြောတက်တဲ့တရုတ်တွေပေါ့၊ အဲ့ဒါမျိုးကို သူတို့ ခိုင်းပြီးတော့လုပ်တယ်ပေါ့၊ ဒေသခံတွေအနေနဲ့ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ လုပ်စားနေရတယ်၊ အရင်ကတော့ တနိုင်တပိုင်လုပ်ပြီးတော့ ဖက်စပ်လုပ်ငန်းတွေလုပ်ပြီးတော့ နည်းနည်းပါးပါးတိုးလို့ရတယ်ပေါ့၊ အခုကတော့ ရေမဆေးကျောက်တောင်မှ ခိုးချောင်ခိုးဝှက်နဲ့ ရှာစားနေရတဲ့ပုံစံဖြစ်တော့ တရားတော့ မတရားဘူးပေါ့ဗျာ၊ အစိုးရလုပ်တဲ့ပုံစံတွေတော့ အဲ့လိုတော့မြင်ပါတယ်။

ဒီလိုမျိုး ကိုယ့်နိုင်ငံက သဘာဝသယံဇာတပစ္စည်းတွေကို တဖက်နိုင်ငံကို တရားမဝင်ခိုးထုတ်မှု ရနေတယ်ဆိုတဲ့ အခြေအနေတွေဟာ အစိုးရမှာ တာဝန်ရှိပြီးတော့ ဒီလုပ်ငန်းတွေထဲမှာ အဲ့ဒီနယ်မြေတွေအတွင်းမှာ တာဝန်ယူထားတဲ့ အစိုးရအာဏာပိုင်တချို့ရဲ့ ပူပေါင်မှုပါဝင်နေတာကြောင့် ဖြစ်တယ်လို့လည်း ဒေါ်ဘောက်ဂျာက သုံးသပ်ပါတယ်။

ဒေါ်ဘောက်ဂျာ။                  ။အခုကတော့ ကျောက်စိမ်းတူးတဲ့နေရာတွေမှာ အလုပ်လုပ်တယ်၊ လမ်းခင်းတဲ့နေရာ သူတို့ကလုပ်တာကတော့ နည်းနည်းပါးပါးပါ၊ တိုင်းပြည်ကပစ္စည်းတွေရယ်၊ သယံဇာတတွေများစွာ တဘက်လှည့်နဲ့ ယူသွားတာ၊ လုပ်ကြတာကတော့ နည်းနည်းပါပဲ၊ ဘာဖြစ်လို့လည်းဆိုတော့ အဲ့နေရာတွေမှာဆိုလည်း ကျမတို့တိုင်းပြည်က ပြည်သူတွေကိုမခိုင်းပါဘူး၊ သူတို့ တရုတ်တွေက လာတာတွေရှိပါတယ်၊ အဓိကကတော့ အဲ့ဒါကြီးက ကျမတို့ရဲ့လူတွေ မပါဘူးဆိုရင် ဒါတွေကဘယ်လိုမှ ဆက်စပ်လို့မရပါဘူး၊ ကျမတို့တိုင်းပြည်က ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို အမည်ခံပြီးတော့ သူတို့က လုပ်စားသွာတာချည်းပဲများတာပါ၊ သူတို့ပေါ်တင်ပြီး သူတို့နာမည်နဲ့လုပ်သွားတာတော့ မဟုတ်ဘူး၊ တဘက်လှည့်နဲ့ လုပ်သွားတာချည်းပဲ။

NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာ ပြောပြသွားတာပါရှင်၊ အခုဇန်နဝါရီလ လဆန်းပိုင်းအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့ထဲမှာ တရားမဝင်သစ်ခိုးထုတ်မှုလုပ်နေတဲ့ တရုတ်နိုင်ငံသား ၁၃၂ ဦးနဲ့အတူ၊ သစ်အလုံးရေ ထောင်ဂဏန်းချီပြီးတော့ ဖမ်းဆီးမိခဲ့သလို မူးယစ်ဆေးတွေနဲ့ စက်ယန္တရားတွေ၊ မော်တော်ကားတွေ အစီး ၅ဝဝ လောက်ကိုလည်း ဖမ်းဆီးမိခဲ့ပါတယ်၊ အခုဒီဖမ်းဆီးမိတဲ့ တရုတ်နိုင်ငံသား ၁ဝဝ ကျော်ကိုတော့ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆၁ နဲ့ အရေးယူထားတယ်လို့လည်း သစ်တောအရာရှိတွေက ပြောပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။