တရုတ်စစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ စစ်ကောင်စီ ဒုခေါင်းဆောင်တွေ့ဆုံ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.05.31
တရုတ်စစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ စစ်ကောင်စီ ဒုခေါင်းဆောင်တွေ့ဆုံ ၂ဝ၂၃ ခုနှစ် မေလ ၃ဝ ရက်နေ့က နေပြည်တော်တွင် တရုတ်စစ်ဘက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ယန်ယန်နှင့်အဖွဲ့ စစ်ကောင်စီ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တွေ့ဆုံစဉ်။
Myanmar Military

တရုတ် စစ်ဘက်ထောက်လှမ်းရေးမှာ လတ်တလော ညွှန်ကြားရေးမှူးချုပ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ် ယန်ယန်နဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့က နေပြည်တော်ကို သွားရောက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် တရုတ်စစ်ဘက်ပိုင်းက ထိပ်တန်းအရာရှိတစ်ဦး လူသိရှင်ကြား လာရောက်တာဖြစ်ပါတယ်။

နှစ်နိုင်ငံတပ်မတော်ကြား ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့ရုပ်မြင်သံကြားက သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

"နယ်စပ်လုံခြုံရေးကိစ္စ ပြောလာတယ်ဆိုတော့ အထူးသဖြင့် ထိုင်းနယ်စပ်က လက်နက်တွေဝင်ရောက်လာမှာကို သူကြိုပြီးတော့ ဘာသတင်းတွေရထားလို့လည်း အဲ့ဒါတွေကို ပြောဖို့များဖြစ်မလားပေါ့"

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative-GSI) ကိစ္စ၊ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တားဆီးရေးကိစ္စကို အဓိကဆွေးနွေးကြလိမ့်မယ်လို့ တရုတ်၊ မြန်မာအရေးလေ့လာစောင့်ကြည့်နေတဲ့ ISP Myanmar အဖွဲ့က သုံးသပ်ပါတယ်။

အဲဒီ GSI အစီအမံကို ထောက်ခံတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ကြေညာထားပါတယ်။ အဲဒီ GSI အစီအမံအရ မြန်မာအပါအဝင် လန်ချန်-မဲခေါင် နိုင်ငံတွေကြားမှာ စစ်တပ်အချင်းချင်း လုံခြုံရေး၊ ထောက်လှမ်းရေးသတင်းတွေ မျှဝေကြတာ၊ ထောက်လှမ်းရေးသင်တန်းတွေ နည်းပညာတွေ ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

"GIS မှာ မြန်မာအပါအဝင် လန်ချန်း-မဲခေါင် နိုင်ငံတွေကြားမှာ စစ်တပ်အချင်းချင်းကြား လုံခြုံရေးနဲ့ ပတ်သက်တဲ့ Pilot Project တွေလုပ်မယ်ဆိုတာပါတယ်။ အဲဒါက လုံခြုံရေး Network တွေကြားမှာ အချင်းချင်း သတင်းရှယ်တာ၊ ထောက်လှမ်းရေးတွေကြားမှာ သတင်းတွေရှယ်တာ၊ အဲဒါကိုစပြီး ခြေလှမ်း လှမ်းနေတယ်လို့ ထင်တယ်"

ဒီလိုစစ်တပ်အချင်းချင်း ထောက်လှမ်းရေးသတင်းတွေ ဖလှယ်ကြတဲ့ လုပ်ရပ်က တော်လှန်ရေးအင်အားစုတွေမှာ သက်ရောက်မှု ရှိလာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

" Pro Democracy ဘက်ကအဖွဲ့တွေလုပ်နေတဲ့ အတွင်းကျတဲ့ Data တွေ သူတို့ရနိုင်တယ်။ တရုတ် Melware တွေဟာ NUG ဘက်က သူတွေရဲ့ Device တွေထဲမှာ ရှိနေနိုင်တယ်။ ဘာတွေဖြစ်နိုင်လဲဆိုရင် Exiled တော်လှန်ရေး ဂရုတွေ ဘယ်လိုအလုပ်လုပ်နေလဲ၊ ဘယ်နားမှာရှိနေလဲအထိ ရနိုင်တယ်။ သူတို့သာ အပြန်အလှန် Sharing လုပ်ကြမယ်ဆိုရင်"

လာမယ့်ဇွန်လ ၂ ရက်နေ့ကစလို့ သုံးရက်ကြာကျင်းပမယ့် ရှန်ဂရီလာဒိုင်ယာလော့ အာရှဒေသလုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်၊ တရုတ်အပါအဝင် ဒေသတွင်းစစ်ဘက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံဖို့ရှိပါတယ်။

ဒီတွေ့ဆုံပွဲမတိုင်ခင် တရုတ်စစ်အရာရှိတချို့ မြန်မာစစ်တပ်နဲ့လာတွေ့တာလို့ ယူဆသူတွေလည်းရှိပါတယ်။

အာဆီယံနဲ့ ဒေသတွင်းအရေးလေ့လာသူ ကိုကြည်စင်တော့ ဗိုလ်ချုပ် ယန်ယန်ခရီးစဉ်အပေါ် သူ့ရဲ့ခန့်မှန်းချက်ကို ပြောပြပါတယ်။

"နယ်စပ်လုံခြုံရေးကိစ္စတွေကို စစ်ရေးအရ သတင်းဖလှယ်တာဖြစ်နိုင်သလို၊ တော်လှန်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီသိချင်တာ၊ တရုတ်နိုင်ငံက သိချင်တာကို ဖလှယ်တာလည်းဖြစ်နိုင်တယ်။ လက်ရှိမှာ စစ်ဘက်ဆိုင်ရာ ရာထူးမြင့်တဲ့သူလာတယ်ဆိုတော့ ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင်လာရင် နိုင်ငံတကာက ပြောစရာဖြစ်မှာဆိုးလို့ တစ်ဆင့်နိုင်တဲ့ စစ်အရာရှိတစ်ယောက်လာတာလည်း ဖြစ်နိုင်တယ်"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ ... "နေပြည်တော်မှာရောက်နေတဲ့ တရုတ်စစ်ဘက် ထောက်လှမ်းရေးအရာရှိကတော့ နယ်စပ်လုံခြုံရေးကိစ္စ ပြောလာတယ်ဆိုတော့ အထူးသဖြင့်တော့ ထိုင်းနယ်စပ်က လက်နက်တွေဝင်ရောက်လာမှာကို သူကြိုပြီးတော့ ဘာသတင်းတွေရထားလို့လည်း အဲ့ဒါတွေကို ပြောဖို့များဖြစ်မလားပေါ့"

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကိုမခံနိုင်လို့ အနောက်နိုင်ငံတော်တော်များများက စစ်တပ်ကို ဖယ်ကျဉ်ထားကြပေမဲ့ တရုတ်ကတော့ ဆက်ဆံရေးမပြတ် ရှိနေဆဲဖြစ်ပါတယ်။

MAH1.jpg
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang)နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂ဝ၂၃ ခုနှစ် မေလ ၂ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ (Myanmar Military)

ဒီမေလ အစောပိုင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း မြန်မာပြည်လာရောက်ခဲ့ပြီး၊ သူဟာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလာတဲ့ အမြင့်ဆုံး တရုတ်အကြီးအကဲဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ပစ္စည်းအများဆုံး ထောက်ပံ့နေတဲ့ နိုင်ငံတွေထဲ ရုရှားပြီးရင် တရုတ်က ဒုတိယအများဆုံးဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ရုရှားကနေ ဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်းဖိုး စစ်လက်နက်ပစ္စည်း တွေ တင်သွင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဒီလလယ်ပိုင်းက အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။