KIO နဲ့ တရုတ်အာဏာပိုင် တွေ့ဆုံပြီးတဲ့နောက် နယ်စပ်ဂိတ်တချို့ ပြန်ဖွင့်
2024.12.13
Update 6:03 PM, Dec 13, 2024
KIA နဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဘာတွေ ဆွေးနွေးတယ်ဆိုတာ နှစ်ဖက်စလုံးက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါပေမဲ့ ကချင်ပြည်နယ်ထဲက တရုတ်-မြန်မာ နယ်စပ်ဂိတ်တချို့ကို ဒီနေ့မနက်မှာ တရုတ်ဘက်က ပြန်ဖွင့်ခဲ့တယ်လို့ KIA ဘက်က အတည်ပြုပါတယ်။
နှစ်ဖက်စလုံး ပြန်ဖွင့်ခဲ့ပေမဲ့ လတ်တလော လူအသွားအလာနဲ့ ကုန်သွယ်ရေး မရှိသေးဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
“နယ်စပ်ဂိတ်က တံခါးတွေတော့ ဖွင့်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ လူဝင်လူထွက်တွေ ခွင့်မပြုဘူး။ ကားတွေ အဝင်အထွက် ခွင့်မပြုဘူး။ တခြားပစ္စည်းတွေပေါ့နော်။ ကုန်စည်စီးဆင်းမှုတွေတော့ ဘာမှ ခွင့်မပြုသေးဘူး။ အဲဒီဝါးလုံးတွေ သူတို့ တံခါးတွေ ဖွင့်တာတွေ ရှိပါတယ်။ ဆွေးနွေးပွဲက မထူးခြားတာမဟုတ်ဘူး။ ကျွန်တော်တို့ မကြားတာပါ။ တွေ့တာက မနေ့ကတွေ့ပြီလို့ ပြောတယ်”
တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ ကူမင်းမြို့မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က တွေ့ဆုံခဲ့တာပါ။
တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဟာ တရုတ်ပြည်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဖြစ်ပြီး သြဇာရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဆွေးနွေးပွဲ သွားတဲ့သူတွေ ပြန်မရောက်သေးတာကြောင့် အသေးစိတ်ကို မသိရသေးသလို ဂိတ်ဖွင့်တဲ့ကိစ္စကိုလည်း တရုတ်ဘက်က တရားဝင် ဆက်သွယ်ပြောဆိုလာတာ မရှိဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
KIA နဲ့ နီးစပ်သူတစ်ဦးကလည်း နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တာ ဆွေးနွေးပွဲရလဒ် ဖြစ်နိုင်ပြီး ဘယ်အတိုင်းအတာအထိ ဖွင့်မယ်ဆိုတာကိုတော့ KIA ခေါင်းဆောင်တွေ ပြန်ရောက်မှ အတည်ပြုနိုင်မယ်လို့ RFA ကို ပြောပါတယ်။
KIA က ပန်ဝါမြို့သိမ်းပြီးနောက် အောက်တိုဘာ ၁၉ ရက်နေ့ကပြီး ကချင်မှာရှိတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ခဲ့သလို KIA ဘက်ကလည်း နိုဝင်ဘာ ၁၄ ရက်ကစတင်ပြီး ပြန်ပိတ်ခဲ့တာ ဖြစ်ပါတယ်။
မြေရှားသတ္တုထွက်တဲ့ ပန်ဝါမြို့မှာ ဒီနေ့မနက်ပိုင်းကစပြီး နယ်စပ်ဂိတ် ဖွင့်လိုက်ပြီလို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပန်ဝါကလည်း ဒီနေ့မနက်ကစပြီး ဖွင့်ပြီ။ ဒါပေမဲ့ ကားတွေတော့ မဖြတ်သေးဘူး။ KIA နဲ့ တရုတ်တွေကဖွင့်ပြီး ဒီနေ့မနက်မှ ဖွင့်တာဆိုတော့ နောက်ရက်တွေမှာတော့ ကားတွေ ဝင်လာမလားတော့ မသိသေးဘူး”
နယ်စပ်ဂိတ် ပိတ်ထားချိန်ကလည်း မြေရှားသတ္တုတူးဖို့ ဓာတုပစ္စည်းတွေကျန်တဲ့ ကုမ္ပဏီအချို့ ဆက်ပြီးတူးဖော်နေကြပေမဲ့ တရုတ်ဘက်ကိုတော့ မြေရှားသတ္တု သယ်တာမရှိဘူးလို့ ဆိုပါတယ်။
တရုတ် အကောက်အခွန်ဌာန (China custom) ရဲ့ စာရင်းအရ အခုနှစ်စကနေ အောက်တိုဘာအထိ ဆယ်လအတွင်း မြန်မာကနေ တရုတ်ကိုတင်ပို့တဲ့ မြေရှားသတ္တု တန်ချိန် (၃၃,၀၀၀) ကျော်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ရှစ်ရာနီးပါး ရှိပါတယ်။
မြန်မာ-တရုတ် တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ လွယ်ဂျယ်ဂိတ်လည်း ပြန်ဖွင့်တာ တွေ့ရ တယ်လို့ လွယ်ဂျယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခြေအနေကတော့ တစ်ခြမ်းဖွင့်ထားတာပါ။ ကားအဝင်အထွက်တော့ မတွေ့ခဲ့ဘူး။ ခါတိုင်းက လုံးဝ ပိတ်ထားတာ။ သူတို့ လူကြီးတွေ ဘယ်လိုညှိနိုင်းထားလဲ မသိဘူးလေ။ စားသောက်ကုန်ပဲ ထွက်ခွင့်ပေးသလား၊ ဘယ်လိုလဲတော့ မသိသေးဘူး။ ကြံခုတ်တဲ့ ရာသီလည်းရှိတော့ ညှိနှိုင်းလို့ အဆင်ပြေပုံလည်း ရတယ်ထင်တယ်”
တရုတ် သကြားစက်ရုံတွေအတွက် လိုအပ်တဲ့ကြံတွေကို လွယ်ဂျယ်၊ မိုင်ဂျာယာန်တစ်ဝိုက်မှာ စိုက်ပျိုးကြပြီး လက်ရှိ ကြံခုတ်ရာသီရောက်လာချိန် ဂိတ်တွေပြန်ဖွင့်တာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ကန်ပိုက်တီ နယ်စပ်ဂိတ်ကတော့ KIA က သိမ်းယူပြီး နိုဝင်ဘာ ၂၃ ရက်စလို့ မြန်မာဘက်က တစ်သျှူးငှက်ပျောတွေ တရုတ်ဘက် သယ်ယူတာရှိပေမဲ့ တရုတ်ဘက်က ကုန်စည်တွေတော့ မဝင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဧပြီကနေ ၂၀၂၄ ခုနှစ် မတ်အထိ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁၅၈ သန်းကျော်ရှိပြီး ကန်ပိုက်တီကတော့ ဒေါ်လာ ၂၀၈ သန်းကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။
လွယ်ဂျယ်ဂိတ် ဖွင့်ပေမဲ့ မိုင်ဂျာယန်ဂိတ်ကိုတော့ တရုတ်ဘက်က ဖွင့်တာမတွေ့သေးဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ခုနက ကျွန်တော်တို့ သွားကြည့်တာက ဒီ KIA လဝက ကနေတော့ တားဆီးထားတဲ့ အတားအဆီးတွေကတော့ ဖယ်လိုက်ပြီ။ ဂိတ်ကိုတော့ ပြန်ဖွင့်ထားတာ တွေ့ရတယ်။ ဒီမနက် ဆယ်နာရီအထိတော့ တရုတ်ဘက်အခြမ်းဘက်ကနေ ဖွင့်တာတော့ မတွေ့သေးဘူး။ အခုတော့ ဘယ်လိုလဲတော့ ပြန်မသိတော့ဘူး။ အခုကြားတဲ့ သတင်းကတော့ ပြန်ဖွင့်မယ်လို့တော့ ကြားတယ်။ စက်သုံးဆီကလွဲပြီး ကျန်တဲ့အစားအသောက်တွေ ပြန်ဝင်မယ်လို့တော့ ကြားတယ်။ အဲဒီလိုမျိုး ဖြစ်လာရင်တော့ ကျွန်တော်တို့ ဒီဘက်က အခက်အခဲတွေ နည်းနည်းတော့ ဖြေလျော့သွားမယ် ထင်တယ်”
ဒီအတောအတွင်းမှာ တရုတ်ဘက်က စားသောက်ကုန်တွေ မဝင်သလို ကချင်ဘက်က မြေရှားသတ္တုလည်း တင်ပို့တာ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် မိုင်ဂျာယန်မှာ တရုတ်ထုတ်ကုန်တွေ ပြတ်တောက်နေသလို စားသောက်ကုန်တွေလည်း စျေးကြီးနေတယ်လို့ ဆိုပါတယ်။
ကူမင်းဆွေးနွေးပွဲအကြောင်းသိတဲ့ အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာသူ တစ်ဦးကတော့ တရုတ်ဘက်က KIA ကို တိုက်ပွဲ ဆက်မတိုက်ဖို့၊ မြို့တွေ ဆက်မသိမ်းဖို့နဲ့ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲပြီးရင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောဆိုတာ ရှိတယ်လို့ RFA ကို ပြောပါတယ်။ ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကချင်ပြည်နယ်ထဲက နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တဲ့အပေါ် အသေးစိတ်သိရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့မနက်ပိုင်း အီးမေးလ်နဲ့မေးမြန်းထားပေမဲ့ ညနေပိုင်းအထိ အကြောင်းပြန်တာ မရှိပါဘူး။
ကချင်ပြည်နယ်ထဲက အကြီးဆုံး နယ်စပ်ဂိတ်တွေဖြစ်တဲ့ လွယ်ဂျယ်နဲ့ ကန်ပိုက်တီအပြင် တစ်နိုင်တစ်ပိုင် ကုန်သွယ်နေတဲ့ ကန်ဖန်၊ ဖီမော်၊ စဂျီ၊ ပန်ဝါ၊ ခါရှန်၊ ပါဂျောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ မံဝိန်းကြီး စတဲ့ နယ်စပ်ဂိတ် ၁၁ ဂိတ်လုံးကို KIA က ထိန်းချုပ်ထားတာပါ။
ဆက်နွှယ်သောသတင်းများ
KIA နဲ့ တရုတ်တွေ့ဆုံမှု တိုက်ပွဲရပ်ဖို့ ဖိအားပေးလာနိုင်ကြောင်း လေ့လာသူတွေပြော
ကချင်ကနယ်မြေ ခုနစ်ဆယ် ရာခိုင်နှုန်းဝန်းကျင်ကို KIA သိမ်းယူထား
ဗန်းမော်မြို့ပေါ်အထိ KIA ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်
အဲဒီဂိတ်တွေထဲက ပန်ဝါ၊ ဖီမော်နဲ့ မိုင်ဂျာယန်ဂိတ်တွေဟာ မြေရှားသတ္တု အဓိက တင်ပို့နေတဲ့ ဂိတ်တွေဖြစ်ပြီး လွယ်ဂျယ်နဲ့ ကန်ပိုက်တီဂိတ်တွေတော့ မြန်မာ-တရုတ် တရားဝင် ကုန်သွယ်ရေးဂိတ်တွေ ဖြစ်ပါတယ်။
ကချင်ဘက်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လာပေမဲ့ ရှမ်းမြောက်က တရုတ် နယ်စပ်ဂိတ်တွေကိုတော့ ပိတ်ထားဆဲဖြစ်တယ်လို့ မူဆယ်မြို့မှာရှိတဲ့ ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
တရုတ်ဟာ ရှမ်းမြောက်က တိုက်ပွဲတွေရပ်တန့်ဖို့ ဖိအားပေးတဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းက စပိတ်ထားပြီး မူဆယ်က ကုန်ပစ္စည်းသယ်ယူမှုကိုလည်း ကန့်သတ်ထားတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိရမှာဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ဖို့ကိုလည်း ဆက်ပြီးဆောင်ရွက်သွားမယ်လို့ တရုတ်ဝန်ကြီး ချုပ်လီချန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောခဲ့ကြောင်း နိုဝင်ဘာ ၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။
(မှတ်ချက် - ဒေသခံများ၏ မှတ်ချက်များကို ဖြည့်စွက်ထားပါသည်။)