KIA အဖွဲ့ NCA လက်မှတ်ထိုးလာအောင် တိုက်တွန်းပေးဖို့ တရုတ်အစိုးရ ဖိအားပေး

0:00 / 0:00

ကချင်လွတ်မြောက်ရေး တပ်မတော် KIA အနေနဲ့ NCA စာချုပ်ကို အမြန်ဆုံးလက်မှတ်ရေးထိုးလာအောင် တိုက်တွန်းပေးဖို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူတွေကို တရုတ်အစိုးရက ဖိအားပေးတာတွေရှိနေပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။

■ KIA အဖွဲ့အနေနဲ့ ၂၀၁၉ ခုနှစ်မကုန်ခင် NCA စာချုပ် လက်မှတ်ထိုးလာအောင် ကချင်ခေါင်းဆောင်တွေအနေနဲ့ တိုက်တွန်းပေးဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရအဖွဲ့က ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ခေါင်းဆောင်တွေကို တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ မတ်လ ၁ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

KIA အနေနဲ့ NCA စာချုပ်ကို လက်မှတ်မထိုးဘူးဆိုရင် နယ်စပ်ဂိတ်တွေပိတ်တာတွေနဲ့ KIA အဖွဲ့ကို နည်းပညာ ကူညီပေးနေတဲ့ တရုတ်ပညာရှင်တွေကို ပြန်လည်ခေါ်ယူမယ်ဆိုတာတွေအထိပါ ယူနန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

NCA မှာ လက်မှတ်မထိုးဘူးဆိုရင် ပိတ်ဆို့တာတွေ လုပ်လာနိုင်ကြောင်း ယူနန်ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုလိုက်တာ ဟုတ်မှန်ကြောင်း KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ကို KIA ကို NCA ထိုးဖို့ လိုတယ်ဆိုတဲ့အကြောင်းပြောပါတယ်၊ လူထုကိုလည်း နားလည်ဖို့ဆိုတဲ့ အကြောင်းပြောပါတယ်၊ ၂၀၁၉ ခုနှစ် မကုန်ခင်မှာ မထိုးခဲ့ဘူးဆိုရင် တရုတ်ဘက်က ပိတ်ဆို့မှုတွေ လုပ်လာနိုင် တယ် ဆိုတာတွေပြောပါတယ်၊ သွားရေး လာရေးတွေ သွင်းကုန်၊ ပို့ကုန်တွေ စီးပွားရေးတွေအားလုံးပေါ့ နယ်စပ်ဂိတ်ကနေ သွားနေတယ်ဆိုတော့ နေ့စားအလုပ်သမားတွေ သွားလာရေးကို ပိတ်မယ်ဆိုပြီးတော့ ပြောပါတယ်"

တရုတ်အစိုးရဘက်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ အဖွဲ့အစည်းအားလုံးကို ပြောဆိုနေကြောင်းနဲ့ NCA ရေးထိုးပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်လာမယ်ဆိုရင် စည်းကမ်းချိုးဖောက်သူကို တရုတ်ဘက်က အရေးယူသွားမယ်လို့ ယူနန်ပြည်နယ်အစိုးရအဖွဲ့က KBC ခေါင်းဆောင်တွေကို ပြောဆိုလိုက်ကြောင်းလည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ဆက်သွယ်ရာမှာ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

တရုတ်နိုင်ငံက NCA လက်မှတ်ထိုးဖို့ ဖိအားပေးပြောဆိုချက်အပေါ် KIO ခေါင်းဆောင်တွေရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် အဆက်အသွယ်မရရှိခဲ့ဘဲ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ သူအနေနဲ့ ဒီကိစ္စမှာ ပြောဆိုပိုင်ခွင့်မရှိကြောင်း ပြောပါတယ်။

KBC ခေါင်းဆောင်တွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုကော်မတီဝင်တွေနဲ့ မနေ့က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆွေးနွေးရာမှာ တရုတ်နိုင်ငံဘက်က NCA လက်မှတ်ရေးထိုးဖို့ တိုက်တွန်းလိုက်တာကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

KIO ဘက်ကတော့ NCA လက်မှတ်ရေးထိုးဖို့ထက် Bi-Lateral စာချုပ်ချုပ်ဆိုဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုလိုက်တယ်လို့ လည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

"KIO ဘက်ကတော့ Bi-Lateral ထိုးဖို့ အဆင်သင့်ဖြစ်တယ်လို့ပြောပါတယ်၊ NCA ကတော့ နိုင်ငံရေး ဆွေးနွေး သွားရင်တော့ အလိုအလျှောက် ပြီးသွားမယ်ဆိုပြီး ခံယူထားတယ်လို့ နားလည်ထားပါတယ်၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မှန်မှန်သွားနိုင်ရင်တော့ ပြည်သူလူထု ယုံကြည်မှုများလာရင်တော့ NCA ကတော့ ဖြစ်လာဖို့များလာတယ်လို့ အဲ့လိုပဲနားလည်ပါတယ်"

တဆက်တည်းမှာပဲ NCA နဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတွေကြားထဲမှာ အမြင်တွေကွဲပြားနေတာရှိပြီး တရုတ်နိုင်ငံအနေနဲ့ စီးပွားရေးလုပ်ကိုင်ဖို့ နယ်မြေတည်ငြိမ်ရေးကို တောင်းဆိုနေတာဖြစ်ပြီး၊ တပ်မတော်နဲ့ အစိုးရဘက်က NCA ဟာ လက်နက်စွန့်လွတ်ရေးလို့ အမြင်ရှိသလို KIA ဘက်ကတော့ NCA ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုပြီး အမြင်တွေ ကွဲပြားနေတာတွေရှိနေတယ်လို့လည်း ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ KIA အဖွဲ့ကို NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ ဖိအားပေးခိုင်းတဲ့အထဲမှာ ကချင်ဘာ သာရေးခေါင်းဆောင်တွေအပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း ကချင်လူငယ် ခေါင်းဆောင်းတွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှာ တွေ့ဆုံ ပြောဆိုတာတွေရှိခဲ့ပါတယ်။

တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ကချင်လူငယ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဆိုင်းနုပန်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမှသာ NCA ထိုးဖို့ တောင်းဆိုလို့ ရနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။

"တိုင်းရင်းသားတွေ တောင်းနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့က ရနိုင်မှာလားပေါ့၊ ဒါက ကျွန်မတို့ရဲ့ စိုးရိမ်ချက်ပေါ့၊ တကယ်ရနိုင်မယ်ဆိုရင်တော့ NCA ထိုးဖို့ကိုကျွန်မတို့လက်ခံတယ် ဒါက ဖြစ် ကိုဖြစ်သင့်တဲ့ဟာပေါ့၊ ဒီလိုမှမဟုတ်ပဲ တပ်မတော်က ကျွန်မတို့တောင်းဆိုနေတဲ့ဟာကို မလုပ်နိုင်ဘူးဆိုရင်တော့ NCA ထိုးဖို့ တောင်ဆိုဖို့ကတော့ အခက်အခဲတွေရှိနေအုံးမယ်"

KIA အဖွဲ့ကို NCA လက်မှတ်ထိုးဖို့ တရုတ်နိုင်ငံက ဖိအားပေးနေတဲ့အပေါ် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

တရုတ်နိုင်ငံက NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ဖိအားပေးနေပေမယ့် KIA အဖွဲ့ကတော့ Bi-Lateral စာချုပ်ချုပ်ဆိုရေးကိုသာ ဦးစားပေးဆောင်ရွက်နေတဲ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့နဲ့ အတူတကွ လက်မှတ်ရေးထိုးလိုတယ်ဆိုပြီး အစိုးရကို တောင်းဆိုထားပါတယ်ခင်ဗျာ။