ရခိုင်ပဋိပက္ခနောက်ပိုင်း တရုတ်- မြန်မာ စီးပွားရေး စီမံကိန်းများ

2018-11-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ CNPC ရဲ့ အကောင်အထည်ဖော်နေတဲ့ ရွှေဂတ်စ်စီမံကိန်းကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ CNPC ရဲ့ အကောင်အထည်ဖော်နေတဲ့ ရွှေဂတ်စ်စီမံကိန်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် နိုင်ငံတကာရဲ့ဖိအားတွေ ဆက်တိုက်ကြုံလာရတဲ့အခါ မြန်မာအစိုးရဟာ တရုတ်နိုင်ငံအပေါ် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ သာမကပဲ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးအရပါ မှီခိုမှုတွေ ရှိလာပါတယ်။

နိုင်ငံရေးအရ ပိုနီးစပ်လာတဲ့တချိန်တည်းမှာပဲ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်တွင်းမှာ စီးပွားရေးစီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်လာပါတယ်။

RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
~~~~~~~~~~
ရခိုင်ပဋိပက္ခနောက်ပိုင်း တရုတ်- မြန်မာ စီးပွားရေး စီမံကိန်းများ

(ဝေမာထွန်း)

■ မြန်မာပြည်ရဲ့ နှစ်ပေါင်း ၆၀ ကြာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် အစိုးရရဲ့ ကြိုးပမ်းနေမှုတွေမှာ တရုတ်နိုင်ငံ အနေနဲ့ မဖြစ်မနေပါဝင်ပတ်သက်နေသလို လတ်တလောဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အရေးပဋိပက္ခမှာလည်း ကုလသမဂ္ဂမျက်နှာစာမှာ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အားကိုးရာအဖြစ် ရပ်တည်လို့နေပါတယ်။

အခုလပိုင်းတွေအတွင်း ကုလသမဂ္ဂမျက်နှာစာမှာ မြန်မာဘက်ကနေ တရုတ်ရဲ့ ရပ်တည်ပေးခဲ့မှုတွေကို ပြန်ကြည့် မယ်ဆိုရင် မြန်မာ့တပ်မတော်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ FFM ရဲ့ အစီရင်ခံစာကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့အခါ ဒီအစီရင် ခံစာဟာ တရားမျှတမှုမရှိသလို အဲဒီထဲက အချက်အလက်တွေဟာ သက်သေအထောက်အထား မခိုင်လုံတာတွေ ပါဝင်နေကြောင်းတယ်လို့ ဆွေးနွေးပြောဆိုချက်တွေ ရှိခဲ့ပါတယ်။

FFM ရဲ့ အဖွဲ့ဝင်တွေဘက်က ဘက်လိုက်ပြောဆိုမှုတွေရှိနေကြောင်းနဲ့ မြန်မာကို အဲဒီလို ဖိအားပေးနေတာကို လက်မခံကြောင်း တရုတ်သံတမန်တွေက ကန့်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် ကုလအထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းဝေးမှာ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU နဲ့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တို့က တင်ပြခဲ့ကြတဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့် အရေးချိုးဖောက်ခဲ့သူတွေကို ရာထူးအာဏာတွေကနေ ဖယ်ရှားပေးဖို့ တင်ပြချက်အပေါ် တရုတ်က ကန့်ကွက်မဲပေးခဲ့တာကို မြင်နိုင်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန်က တရုတ်အစိုးရက မြန်မာအစိုးရ အပေါ် ကူညီဆောင်ရွက်ပေးနေတဲ့ အကြောင်းအရာတွေရှိကြောင်းနဲ့ ဒါတွေအပေါ် ကျေးဇူူးတင်တယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်ရေးအတွက် တရုတ်နိုင်ငံကနေပြီး special envoy တစ်ယောက်တောင် ခန့်ပြီးတော့ ပါဝင်ကူညီနေတာတွေရှိပါတယ်။ ရခိုင်ပြည်နယ်ကိစ္စ ကျနော်တို့ မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်း တဲ့အခါ ကျနော်တို့ ပြန်လည်နေရာချထားရေးအတွက် လိုအပ်တဲ့ အိမ်တွေတော်တော်များများ တရုတ်က လှူပါတယ်။ ကျနေ်ာတို့ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းဆွေးနွေးတဲ့အခါမှာလည်း တရုတ်ဘက်ကနေပြီးတော့ ကြားဝင်ပြီးတော့ နှစ်ဖက်စလုံးနဲ့ ညှိပေးတာတွေလည်း ရှိပါတယ်။ နောက်တစ်ချက်က ကုလသမဂ္ဂအထွေထွေ ညီလာခံတို့ ဘာတို့မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမြဲကန့်ကွက်မဲပေးခဲ့ပါတယ်။ ဒါကလည်း ကျေးဇူးတင်တဲ့ အချက်ပါပဲ”

တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ဒီလိုကူညီမှုတွေရှိနေတဲ့ တချိန်တည်းမှာပဲ မြန်မာပြည်တွင်း စီးပွားရေးစီမံကိန်းတွေ ပြန်အကောင်အထည်ဖော်ဖို့ လှုပ်ရှားဆောင်ရွက်လာမှုတွေလည်း ရှိလာခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမကျင်းပခင် ရက်ပိုင်းအလို စက်တင်ဘာလ ၉ ရက်နေ့က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ တရုတ်-မြန်မာစီးပွားရေးစြင်္ကန်လမ်းအတွက် နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေ MOU စာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အခုနိုဝင်ဘာလ ၈ ရက်နေ့မှာလည်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်မယ့် တရုတ်-မြန်မာ စီမံကိန်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် စီးပွားရေးနဲ့ နိုင်ငံရေးကဏ္ဍတွေမှာ အရေးကြီးတဲ့နေရာကနေ ရပ်တည်နေတယ်လို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဖွင့်ဟပါတယ်။

အခုလထဲ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အပိုင်း ၄ ခုထဲက ပထမဆုံးအပိုင်းဖြစ်သလို တရုတ်နိုင်ငံအတွက် အရေးပါတဲ့ One Belt One Road လို့ခေါ်တဲ့ ပိုးလမ်းမစီမံကိန်းအတွက် အရေးပါတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

“တရုတ်နိုင်ငံက ကျနော်တို့အတွက် အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံသူအနေနဲ့ အခုလည်းရှိနေဆဲပဲ။ နောက်လည်း ဆက်ရှိနေဦးမယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးမျက်နှာစာမှာသာမက ကျန်တဲ့မျက်နှာစာမှာလည်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထောက်ပံ့မှုနဲ့ အားပေးကူညီမှုက အများကြီးလိုအပ်တာကိုး။ အိမ်နီးနားချင်း နိုင်ငံလည်းဖြစ်နေတယ်။ နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အကျိုးပြုသွားနိုင်တဲ့ မူဝါဒလည်း သူတို့မှာ ချထားတယ်ဆိုတော့ တရုတ်ကတော့ အနာဂတ်မှာလည်း ဆက်ပြီးအရေးကြီးနေဦးမယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ Belt and Road Initiative ပေါ့ဗျာ။ ဒါတွေကလည်း လုပ်လာမယ့် အခြေအနေတွေက အများကြီးရှိလာတော့”

ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ အန္ဒိယသမုဒ္ဒရာကို ထွက်နိုင်မယ့် အရေးပါတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်လာမှာပါ။
ကျောက်ဖြူဒေသခံ ဦးကျော်ဝင်းကတော့ ကျောက်ဖြူရေနက်စီမံကိန်းကြောင့် ဒေသခံတွေ ငါးဖမ်းလုပ်ကိုင် စားသောက်ခွင့်တွေ ဆုံးရှုံးကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုလောလောဆယ်ကတော့ မြေယာသိမ်းဆည်းမှုတွေက ဒီရေနက်ဆိပ်ကမ်းနဲ့ပတ်သက်ပြီး သိပ်ပြီးတော့ မရှိသလောက်ပဲ။ စီမံကိန်းမြေတွေ တိုးချဲ့လာမှပဲ ဒီလယ်ယာမြေတွေပေါ်မှာ မြေယာသိမ်းဆည်းမှုတွေ ရှိလာမယ့် သဘောရှိတာပေါ့နော်။ အခုကတော့ လောလောဆယ်ကတော့ ဒီရေနက်ဆိပ်ကမ်း လုပ်လိုက်မယ် ဆိုလို့ရှိရင် အဲဒီ မဒေးကျွန်းတလျှောက်မှာ လုပ်စားနေကြတဲ့ ရေလုပ်ငန်းသမားတွေကိုတော့ ထိခိုက်မှုတွေရှိလာနိုင် တာပေါ့လေ။ ဒီ ၂၀၁၇ လောက်ကလည်း ရေနံတင်သင်္ဘောတွေ မဒေးကျွန်း ဆိပ်ကမ်းကိုဝင်တဲ့အခါ အဲဒီ လမ်းကြောင်းတလျှောက်မှာရှိတဲ့ ပိုက်သမားတွေ ငါးဖမ်းခွင့်မရှိတော့ဘူးပေါ့နော်”

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တရုတ်ကုမ္ပဏီဖြစ်တဲ့ CITIC က ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တည်းက တင်ဒါအောင်ခဲ့ပြီး မူလသဘောတူညီချက်မှာ တရုတ်က ပိုင်ဆိုင်မှု အချိုး ၈၅ ရာခိုင်နှုန်းနဲ့ မြန်မာက ၁၅ ရာခိုင်နှုန်း သဘောတူထားခဲ့ကြတာပါ။

ဒါပေမဲ့ အခုပြောင်းလဲသဘောတူညီထားမှုမှာ မြန်မာက ၃၀ ရာခိုင်နှုန်းနဲ့ တရုတ်က ၇၀ ရာခိုင်နှုန်းဆိုပြီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာဘက်က စီမံကိန်းပိုင်ဆိုင်မှု အချိုးတိုးမြင့်ရလာတာကြောင့် ရင်းနှီးမြှုပ်နှံမှု အချိုးကိုလည်း ထည့်ဝင်လာရပါတယ်။

စီမံကိန်းလက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိုးရတာဝန်ရှိသူတွေက ဒေသခံတွေထံ လာရောက်ရှင်းပြမှု မရှိသေးဘူးလို့ ကျောက်ဖြူဒေသခံ ဦးကျော်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စစ်အစိုးရသက်တမ်း တလျှောက်လုံး စီးပွားရေးစီမံကိန်းတွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင် ရွက်ခဲ့ရာမှာ တိုင်းပြည်အနေနဲ့ အကျိုးစီးပွား ဖြစ်ထွန်းမှုမရှိခဲ့သလို သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံရဲ့ စားဝတ်နေ မှုဘဝတွေ ထိခိုက်ဆုံးရှုံးမှုတွေ များခဲ့တာကြောင့် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မယ့်ဆိုတဲ့ စီမံကိန်းတွေကို မြန်မာပြည်သူပြည်သားတွေက မလိုလားကြတာတွေ များပါတယ်။

စစ်အစိုးရလက်ထက်က တရုတ်ကုမ္ပဏီတွေဖြစ်ကြတဲ့ ဝမ်ပေါင်၊ ရန်စီတို့နဲ့ မြန်မာအစိုးရကြား အကောင်အထည်ဖော် ခဲ့တဲ့ လက်ပံတောင်းတောင်နဲ့ ကြေးစင်တောင် ကြေးနီစီမံကိန်း ဧရိယာအနီး ညောင်ပင်ကြီးရွာမှာ နေထိုင်တဲ့ ဦးဉာဏ်ဝင်းက တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ စီမံကိန်းတွေအပေါ် သူအမြင်ကို အခုလို ဝေမျှပါတယ်။

“လက်ရှိရှိပြီးသား လုပ်ကွက်တွေနဲ့ မြန်မာနိုင်ငံလူထုနဲ့ တရုတ်ကုမ္ပဏီနဲ့ အားလုံး ၉၀ ရာခိုင်နှုန်းလောက် အောင်မြင်မှုမရှိဘဲနဲ့ နောက်ကုမ္ပဏီတွေ၊ နောက်လုပ်ငန်းတွေ ဆက်လုပ်ခံမယ် လက်ခံမယ်ဆိုရင်တော့ မသင့်ဘူးလို့ပဲ ကျနော်တို့က မြင်တယ်။ လိမ်နေတယ်လို့ပဲ တွက်တယ်။ ဒီမှာဆိုလို့ရှိရင် ကြေးတန်ချိန် တစ်နေ့ကို ဘယ်နှစ်တန် ကားဘယ်နှစ်စီးထွက်တယ်။ ဘယ်လောက်တင်ပို့တယ်။ ကြေညာတာမျိုးတွေ ကျနော်တို့ မတွေ့ရသေးဘူး။ မြန်မာရဲ့ ဓလေ့စရိုက်အတိုင်းပဲ စာရွက်ပေါ်မှာပဲပြီး အဲဒီလိုမျိုးပဲ ဖြစ်နေတယ်”

အစိုးရအဖွဲ့အတွင်း အာဏာအရှိဆုံးခေါင်းဆောင်ဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာရေးရာဌာနကြီးအကဲ မစ္စတာဆွန်းတာအို အခုလဆန်းပိုင်းက မြန်မာပြည်လာစဉ်မှာ မြန်မာအနေနဲ့ တရုတ်ပြည်နဲ့အတူ နှစ်နိုင်ငံပူးတွဲ ဆောင်ရွက်နေတဲ့ စီမံကိန်းကြီးတွေကို မြန်မြန်ဆန်ဆန်ခရီးရောက်လိုပြီး၊ အစိုးရချင်း ဆက်ဆံရေးလည်း ပိုမိုတိုးတက်ခိုင်မာလိုကြောင်း ပြောခဲ့ပါတယ်။

မစ္စတာဆွန်းတာအိုက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးစြင်္ကန်ပတ်လမ်း တည်ဆောက်ဖို့ မျှော်လင့်နေကြောင်း ပြောခဲ့ပါတယ်။

ဒီလမ်းဟာ တရုတ်နိုင်ငံက အကောင်အထည်ဖော်မယ့် Belt and Road initiative လို့ခေါ်တဲ့ စီးပွားရေးစြင်္ကန် လမ်းရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။

စီးပွားရေးစြင်္ကန်လမ်းကြီးရဲ့ အပိုင်းကြီး ၆ ပိုင်းထဲက အပိုင်းနှစ်ပိုင်းမှာ မြန်မာနိုင်ငံပါဝင်နေပါတယ်။ မြန်မာပြည် တွင်းက မူဆယ်၊ ကွတ်ခိုင်၊ ပြင်ဦးလွင်၊ မန္တလေး၊ တမူး စတဲ့မြို့တွေကနေ အန္ဒိယနိုင်ငံထဲကိုဖြတ်ပြီး လမ်းဖောက် ဖို့ရှိနေတာပါ။

ဒီစြင်္ကန်လမ်းနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ ရှိကျင်းပင်ရဲ့ သဘောထားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သက်ဆိုင်တဲ့ပွဲတစ်ခုမှာ စကားပြန်ကနေတဆင့် ပြောဖူးတာက ဒီလိုပါ။

"လက်ရှိမှာ တရုတ်- မြန်မာနှစ်နိုင်ငံက Belt and Road စီမံကိန်းကို အတူတကွ တည်ဆောက်လျှက်ရှိပါတယ်။ သမ္မတ မစ္စတာ ရှီကျင်းပင်က Belt and Road က ငြိမ်းချမ်းရေးလမ်းကြောင်းလို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ပေါက်ဖော်ညီအစ်ကိုအနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆက်လက်ကူညီတွေ ထောက်ပံ့အားပေးသွားမှာဖြစ်ပါတယ်"

Belt and Road ဟာ ငြိမ်းချမ်းရေးလမ်းကြောင်းလို့ တရုတ်သမ္မတရဲ့ ပြောဆိုမှုကို လက်မခံသူတွေထဲမှာ ကချင် ငြိမ်းချမ်းရေး ကွန်ယက်က ဒေါ်ခွန်ဂျာလည်း ပါဝင်ပါတယ်။

“တရုတ်နိုင်ငံကနေ ဝင်ရောက်ပတ်သက်မှုမရှိတဲ့ နေရာတိုင်းမှာ ငြိမ်းချမ်းမှု ပိုရတယ်လို့ မြင်တယ်။ တရုတ်နိုင်ငံက ဝင်ပြီးတော့မှ စွက်ဖက်တဲ့ နေရာတိုင်းမှာဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို မြင်ရတယ်။ လောလော ဆယ် တိုက်ပွဲဖြစ်နေတဲ့နေရာတွေအကုန်လုံးက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုရှိတဲ့ လမ်းကြောင်းတလျှောက်လုံး မှာဖြစ်နေတယ်။ တရုတ်နိုင်ငံရဲ့ ဖိအားကို မြန်မာနိုင်ငံအစိုးရက လွန်ဆန်လို့မရဘူးလို့လည်း မြင်ရတယ်။ မလုပ်သင့်တဲ့ စီးပွားရေးတွေကို အစိုးရက No လို့ ပြောနိုင်စွမ်းရှိအောင် အစိုးရက မကန့်ကွက်နိုင်တဲ့အချိန်မှာ ပြည်သူက ကန့်ကွက်သင့်သလားပေါ့”

ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာရဲ့ စဉ်းစားချက်ကို ကြားခဲ့ရတာပါ။

စစ်အစိုးရသက်တမ်းအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံကြား ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးစီမံကိန်းတွေဟာ ပွင့်လင်း မြင်သာမှုမရှိခဲ့သလို စစ်အာဏာရှင်တွေရဲ့ အကျိုးရလိုမှုတွေများခဲ့တာကြောင့် မြန်မာနိုင်ငံအနေနဲ့ နစ်နာခဲ့တာတွေ များခဲ့ပါတယ်။

လက်ရှိမှာတော့ ရင်းနှီးမြုပ်နံှမှုဥပဒေကစလို့ ပြင်ဆင်ဆောင်ရွက်နေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့နဲ့ မြန်မာ့နိုင်ငံရဲ့ ဥပဒေစည်းမျဉ်း၊ စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ဖို့ တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေထံ ကတိပြုချက်တွေ ရယူထားတာမို့ စီမံကိန်းတွေလုပ်ဆောင်တာဟာ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းမယ်လို့ မြန်မာ အစိုးရတာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။
တချို့သော စီးပွားရေးပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေကလည်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်လွတ်မခံသင့်ဘူးဆိုတဲ့ တွက်ဆချက်တွေရှိပါတယ်။

“မြန်မာနိုင်ငံက အခုဆိုရင် တရုတ်ကိုပဲ ပိုအားကိုးနေရတာကို မပေါင်းလို့ကို မဖြစ်ဘူး။ မြစ်ဆုံတုန်းကလို မြန်မာနိုင်ငံက လူကြီးတွေက အိပ်ထဲငွေထည့်ရလို့ တရုတ်ကြိုက်သလိုလုပ်ဆိုပြီး ထိုးအပ်ခဲ့တာ။ အဲဒီလို တိုင်းပြည်မျက်နှာမကြည့်ဘဲ လျှောက်လျှောက်မလုပ်ဘဲနဲ့ ကိုယ့်တိုင်းပြည်ကိုချစ်ရင် ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိမယ့်သူနဲ့ အကျိုးရှိအောင်ပေါင်းတက်ရမှာပေ့ါ။ ကိုယ်ကျိုးမရှာကြနဲ့ တိုင်းပြည်ခေါင်းဆောင်တွေက တိုင်းပြည်မျက်နှာပဲကြည့်လုပ် ပွင့်လင်းမြင်သာစွာနဲ့ လူတကာတွေကို အသိပေး။ ဝေဖန်မှုတွေခံယူ”

ဒါကတော့ စီးပွားရေးပညာရှင် ဦးလှမောင်ရဲ့ သဘောထားကို ကြားခဲ့ရတာပါ။

နောက်ပိုင်းမှာလည်း အမေရိကန်လို အနောက်နိုင်ငံတွေထက် တရုတ်လို အိမ်နီးချင်းနိုင်ငံနဲ့ပဲ မြန်မာဟာ စီးပွားရေးအရ ဆက်ဆံမှုတွေ ပိုတိုးလာမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

“အမေရိကန်က ကျန်တဲ့တိုင်းပြည်တွေနဲ့ ဆက်ဆံတဲ့အခါမှာ American first ဆိုတဲ့အယူအဆနဲ့ ဆက်ဆံသလို သူရဲ့အကျိုးစီးပွားတွေကို အခြေခံပြီး ဆက်ဆံတာပါ။ ကျနော်တို့ ဗမာပြည်မှာက အမေရိကန် အကျိုးစီးပွားက ဘာမှမရှိဘူးခင်ဗျ။ အမေရိကန်နဲ့က လောလောဆယ်လည်း ကျနော် ထင်တယ်။ ဝေးနေတယ် ထင်ပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်နဲ့ လောလောဆယ် OBOR သူ့ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်ရှိလာမယ့် သဘောတော့ ရှိပါတယ်”

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် သံတမန်နည်းအရ ပါးနပ်စွားချည်းကပ်လေ့ရှိပါတယ်။

ဒီလဆန်းပိုင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းက မြန်မာပြည်လာပြီး တရုတ်နိုင်ငံက လှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ ၃ သိန်းကို ငြိမ်းချမ်းရေးကော်မရှင်ကို ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလ ၁၅ ရက်နေ့က စင်ကာပူနိုင်ငံမှာ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချန်းနဲ့ တွေ့ဆုံခဲ့စဉ်က မြန်မာဟာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပြီး ရခိုင်အရေးမှာ တရုတ်နိုင်ငံက နားလည်မှုရှိရှိ ထောက်ခံကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သံတမန်ဆက်ဆံရေးအရ တစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ အပေးအယူသဘော သဘာဝရှိမှုတွေကို အခုလို ထောက်ပြပါတယ်။

“ဦးသိန်းစိန် လက်ထက်အခြေအနေနဲ့ အခုအခြေအနေနဲ့ကတော့ မတူဘူးခင်ဗျ။ နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းတယ်။ ဆန်ရှင်တွေ ရုပ်ခံနေတာမို့ တရုတ်နိုင်ငံရဲ့ သံတမန်အကာအကွယ်နဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို တပ်မတော်အစိုးရလက်ထက်ကလောက် မှီခိုခဲ့ရတာမရှိဘူး။ ရခိုင်အရေးဖြစ်ပြီးနောက် မြန်မာက တရုတ်နိုင်ငံကို လုံခြုံရေးကောင်စီမှာ သံတမန်ရေးအရ ပိုပြီးတော့မှီခိုလာရတာပေါ့။ အဲဒီလိုမှီခိုလာတဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် စီးပွားရေးမှာလည်း ပိုပြီးမှ ပူးပေါင်းဆောင်ရွက်မှုတွေ များလာတယ်။ တရုတ်- မြန်မာ စီးပွားရေးစြင်္ကန်ကို သဘောတူတာမျိုးတွေ ရှိလာတယ်။ တစ်ခုတော့ရှိတာပေါ့။ ငါက ဒါပေးမယ် နင်က ဒါပြန်ပေးဆိုတာမျိုး ဗြောင်ပြောတာမျိုးတော့ မဟုတ်ဘူးပေါ့။ နိုင်ငံတကာဆက်ဆံရေးမှာ တစ်ခုကိုမှီခိုလို့ရှိရင် တစ်ခုမှာတော့ ပြန်လိုက်လျောရတာကတော့ ဓမ္မတာပါပဲ”

မြန်မာနိုင်ငံမှာ နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ လက်ရှိ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် ပထမ ၆ လတာကာလမှာလည်း ရှေ့ဆုံးကပဲ ဦးဆောင်လို့နေပါတယ်။

အနောက်နိုင်ငံတွေနဲ့ ဝေးသွားခြင်းက တရုတ်နိုင်ငံအတွက် ပိုအခွင့်အရေးသာသွားစေတယ်လို့ စာရေးဆရာ ဦးချစ်ဝင်းမောင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပြောသလို အိမ်နီးချင်းနိုင်ငံဆိုတာ ရွေးချယ်လို့မရဘူး။ ဒီနိုင်ငံနဲ့ မဆက်ဆံချင်လည်း ဆက်ဆံရမယ်ဆိုတဲ့ သဘောမျိုးဖြစ်တာက တစ်ပိုင်း၊ အနောက်နိုင်ငံနဲ့ ဝေးသွားတဲ့အတွက်ကြောင့် ဟိုးအရင်ကလည်း တရုတ်က အများဆုံးရင်းနှီးမြှုပ်နှံတော့ အခွင့်သာသလို ဖြစ်သွားတာပေါ့လေ”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံပေါင်း ၄၉ နိုင်ငံမှာ တရုတ်က ရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ ၂၆ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ မီလီယံ ၂ သောင်းကျော် ရင်းနှီးမြှုပ်နှံ ထားမှုနဲ့ ရှေ့ဆုံးမှာရှိနေတာပါ။

တရုတ်ဟာ သဘာဝဓာတ်ငွေ့၊ ရေနံအပါအဝင် ဓာတ်သတ္တုတူးဖော်ရေးနဲ့ မြစ်ဆုံရေကာတာစီမံကိန်းလို့ Hydro Power စီမံကိန်းတွေကို မြန်မာမှာရင်းနှီးမြှုပ်နှံမှုများခဲ့တာမှန်ပေမယ့် ၂၀၁၁ နောက်ပိုင်းကစပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ အဓိကထားရင်းနှီးမြှုပ်နှံမှုများလာတယ်လို့ DICA ရဲ့ ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးစီမံကိန်းတွေအပေါ် မယုံကြည်တဲ့ ဒေသခံပြည်သူတွေဖက်က သဘောထားအမြင် ပြောင်းလဲလက်ခံလာအောင် အချိန်ယူဆောင်ရွက်ရမယ်ဆိုတာကိုလည်း အစိုးရတာဝန် ရှိသူတွေက နားလည်ကြပါတယ်။

ဒေါ်ဂွန်ဂျာတို့လို တိုင်းရင်းသားတွေနဲ့ ဦးဉာဏ်ဝင်းတို့လို အထိနာဖူးတဲ့ စီမံကိန်းဧရိယာ အနီးတဝိုက်နေထိုင်ကြ သူတွေကို မြန်မာအစိုးရအနေနဲ့ ဘယ်လိုဆွဲဆောင်စည်းရုံးမလဲဆိုတာကတော့ တရုတ်- မြန်မာအရေး စောင့်ကြည့်လေ့လာသူတွေအတွက် စိတ်ဝင်စားစရာမေးခွန်းတွေပဲ ဖြစ်ပါတယ်ရှင်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့