တရုတ်ကမြန်မာကို ငြိမ်းချမ်းရေးထက် နယ်မြေတည်ငြိမ်ရေးသာ ဦးစားပေးလို့သုံးသပ်

0:00 / 0:00

ပြီးခဲ့တဲ့ သြဂုတ်လမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်မျက်နှာအသစ်ပြောင်းပြီး စစ်ဖက်ဆိုင်ရာအဆောက်အအုံ အများအပြားရှိတဲ့ မန္တလေး-ရှမ်းပြည်နယ်စပ် ပြင်ဦးလွင်မြို့ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်းမှာ ရခိုင်မြောက်ပိုင်း အပြင်၊ ရှမ်းမြောက်မှာပါ တကျော့ပြန်တိုက်ပွဲတွေက ပြန်လည်ပြင်းထန်လာခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်ပေါ်လာတဲ့နောက် မြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍက လယ်ပြင်မှာဆင်သွားသလိုမျိုး ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ အထူးသဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ မျက်နှာချင်းဆိုင်စကားပြောနိုင်ဖို့ တရုတ်အစိုးရက ချက်ချင်းလက်ငင်းစီစဉ်ပေးနိုင်တဲ့အချက်ပါပဲ။ ဒါနဲ့ပတ်သတ်ပြီး မြန်မာ့အရေးနဲ့ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ Bertil Lintner ဘာတေးလ် လင့်တနာက အခုလို သုံးသပ်ပါတယ်။

"ကျနော် နားလည်တာကတော့ တရုတ်က မြန်မာ့ငြိမ်းချမ်းရေးကို အဓိကဦးစားပေး စိတ်ဝင်စားတာမျိုး မဟုတ်ပါဘူး။ သူတို့လိုချင်တာက နယ်စပ်တလျှောက် တည်ငြိမ်ရေးပါ။ နောက်ပြီး ဒေသထဲက လက်နက်ကိုင်တွေနဲ့ အစိုးရနှစ်ဖက်လုံးကို ဆက်သွယ်မှုမပြတ်ရှိနေမယ်ဆိုတာက တရုတ်ပေါ်လစီရဲ့ တစိတ်တဒေသဖြစ်ပါတယ်။"

တရုတ်အနေနဲ့ နယ်စပ်တည်ငြိမ်ရေးကိစ္စကို ဦးစားပေးတာက တရုတ်ရဲ့ ပိုးလမ်းမကြီး စီမံကိန်းနဲ့လည်း ဆက်စပ်နေတယ်လို့ တရုတ်ပြည်နေထိုင်သူ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော က သုံးသပ်ပြပါတယ်။

"တရုတ်အနေနဲ့ကလည်း နိုင်ငံကြီးတစ်နိုင်ငံဖြစ်တော့ သူက ဘက်စုံက ပြင်ဆင်မှာပဲ။ ကျွန်မအမြင်တာတော့ သူ အခု အာဖရိကတိုက်မှာ လုပ်နေတာတို့ရှိတာပေါ့လေ။ ဥပမာ ဆူဒန်တို့ ဘာတို့လုပ်နေတာက တတ်နိုင်သမျှ သူ့ရဲ့တည်ငြိမ်ရေးအတွက် ကြိုးစားပြီးလုပ်နေတာပဲ။ သူရဲ့ Belt and Road ကလည်း ချီကျင့်ဖျင်ရဲ့ brainchild ပေါ့။ ဒီ ပိုးလမ်းမစီမံကိန်းကလည်း တောက်လျှောက်တည်ငြိမ်မှဖြစ်မှာ။ ဒီမြောက်ပိုင်းမဟာမိတ်တွေနဲ့ ထိစပ်နေ တဲ့ တရုတ်ပြည်နယ်စပ်ကြီး တစ်ခုလုံးက တောက်လျှောက်ငြိမ်းချမ်းနေမှလည်း သူ့စီမံကိန်းက အောင်မြင်မှာ"

တိုင်းရင်းသားလက်နက်ကိုင်အရေး ကျွမ်းကျင်သူ ရန်ကုန်အခြေစိုက် ဗကပအဖွဲ့ဝင်ဟောင်း ဦးမောင်မောင်စိုး ကလည်း အခုလို ပဲသုံးသပ်ပြပါတယ်။

"တခုက ငြိမ်းချမ်းရေးနဲ့ပတ်သတ်ရင် သူလည်းပဲ ထိန်းထိန်းသိမ်းသိမ်းပဲ လုပ်ပေးလို့ရတယ်။ သဘောက ရှမ်းဆိုလည်း သူ့ပြည်နယ်မှာရှိတယ်၊ ဝဆိုလည်း သူ့ပြည်တွင်းမှာရှိတယ်။ လူဦးရေသိန်းနဲ့ချီပြီးတော့ရှိတဲ့ လူမျိုးတွေပဲ။ သူက အဲလူတွေနဲ့ ပတ်သတ်ပြီးတော့ တရုတ်မှာထိုက်သင့်တဲ့အခွင့်ရေးတွေ ပေးထားပြီး ငြိမ်သက်အောင်ထိန်းထားပေမယ့် ဗမာပြည်ဘက်ကတော့ ပေးမထားဘူး။

တရုတ်ရဲ့ အားထုတ်မှုနဲ့ ပတ်သက်ပြီးတော့ သူက ဆက်ပြောပါတယ်။

အဲတော့ သူ (တရုတ်) က စေ့စပ်ပေးရုံတင်မက သူပြောတာလည်းရှိပါတယ်။ အဓိကက ဒီတိုင်းရင်းသားတွေနဲ့ ပတ်သတ်ပြီးတော့ ထိုက်သင့်တဲ့အခွင့်အရေးပေးဖို့လိုတယ်။ ဒါကို သူတို့သိတယ်။ ဒါပေမဲ့ ဒါ မြန်မာပြည်ကို သူတို့လုပ်ပေးလို့မရဘူး။ အစိုးရက လုပ်ပေးမှရမှာ။ အဲတော့ တရုတ်ပါဝင်ပတ်သတ်မှုက နိုင်ငံရေးအရတော့ ဗမာပြည်အစိုးရကို သူဖျောင်းဖျလို့မရဘူး။ ဗမာအစိုးရကို တိုင်းရင်းသားတွေရဲ့ အခွင့်ရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိပေးရမယ်ဆိုတာက ကျနော်တို့ဟာ ကျနေ်ာတို့ပဲ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်နေတယ်"

ဒေါက်တာလှကျော်ဇောကလည်း တရုတ်အနေနဲ့ သူ့ရဲ့သြဇာကို အသုံးပြုပြီးတော့ ငြိမ်းချမ်းရေးအတွက် အကြံပြုသည့်တိုင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာ့တပ်မတော်က လက်ခံခြင်း ရှိ၊ မရှိကလည်း မူတည်နေတယ်လို့ ပြောပါတယ်။

"အဲတော့ အဓိက က ဗမာ့တပ်မတော်နဲ့ ကျမတို့ မြောက်ပိုင်းအဖွဲ့တွေနဲ့ အပေးအယူမျှဖို့ လုပ်ရမှာက အဓိကဖြစ်တယ်။ ဗမာ့တပ်မတော်ရဲ့ စိတ်နေစိတ်ထား၊ ဗမာ့တပ်မတော်ရဲ့ တိုင်းရင်းသားလူမျိုးစုတွေ အပေါ်ထားတဲ့ သဘောထား ဒါမှမဟုတ် တခြားလူမျိုးစုတွေအပေါ်ထားတဲ့ စိတ်နေစိတ်ထားပေါ်မူတည်တယ်"

ဒါပေမယ့် တကယ်လို့သာ အစိုးရ တပ်မတော် တိုင်းရင်းသားလက်နက်ကိုင် သုံးအုပ်စုအကြား သဘောတူညီမှုရရှိပြီး ငြိမ်းချမ်းရေးရနိုင်မယ်ဆိုတာနဲ့ ပတ်သတ်ပြီးတော့ ဘာတေးလင့်တနာက အခုလိုမှတ်ချက်ပြုပါတယ်။

"ဥပမာ ဆိုကြပါစို့ဗျာ.. မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အားလုံးကြားမှာ သဘောတူညီကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုအဆင့်ထိရောက်ကြပြီ တော်လှန်ရေးအုပ်စုတွေလည်း လက်နက်ဖြုတ်သိမ်းပြီးတော့ နိုင်ငံရေးပါတီ သို့မဟုတ် ရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲပြီလို့ပဲဆိုကြပါစို့၊ ဒါ သဘောတရားကိုပြောတာပါ၊ လက်တွေ့ဖြစ်နိုင်ခြေ အင်မတန်နည်းပါတယ်။ တကယ်လို့သာ အဲဒီလိုတနေ့ဖြစ်လာခဲ့ရင် တရုတ်က အရှုံး သမားဖြစ်သွားမှာပါ။ ပြီးတော့ သူတို့ရဲ့ လွှမ်းမိုးနိုင်မှုကဏ္ဍလည်း ပျောက်သွားပါလိမ့်မယ်။ တရုတ်က ဝတပ်ဖွဲ့၊ ကိုးကန့်၊ တအောင်းပလောင်နဲ့ ရခိုင်တပ်တော်တို့ရဲ့ နောက်ကွယ်ပတ်သတ်မှုကိုလည်း မြင်နေရတာရှိတော့ ဒီလိုလက်နက်ဖြုတ်သိမ်းပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုသွားတဲ့ နောက်ဆုံးအဖြေမျိုးကိုတော့ တရုတ်က စိတ်ဝင်စားမယ်မထင်ပါဘူး။ ဆိုတော့ ဒီလိုလက်နက်ကိုင်တွေကို သူတို့ရဲ့လွှမ်းမိုးမှုတွေ ဆက်လက်ရှိနေတဲ့ အခြေအနေမျိုးက သူတို့ပြောတဲ့ နယ်မြေတည်ငြိမ်ရေးပါပဲ"

အခုလို ဝေဖန်သုံးသပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်သံရုံးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိတာကြောင့် တင်ပြနိုင်ခြင်းမရှိပါဘူး။

(RFA သတင်းထောက် ကိုမိုးမြင့် စုစည်းတင်ပြသည်)