အကျိုးစီးပွားအတွက် တရုတ်ခြေလှမ်း ဘယ်လိုရှိလာမလဲ

RFA Burmese
2024.09.10
အကျိုးစီးပွားအတွက် တရုတ်ခြေလှမ်း ဘယ်လိုရှိလာမလဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့‌ကြောင်း ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က မြန်မာစစ်တပ် သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားစဉ်။
MYANMAR MILITARY INFORMATION TEAM / AFP

စီမံကိန်းတွေနဲ့ သူတို့နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ် သံအမတ်ကြီး မစ္စ မာကျားတို့က စစ်ကောင်စီကို ဩဂုတ်လထဲမှာ သုံးကြိမ်တိုင်တိုင်ပြောဆိုခဲ့သလို၊ စစ်ကောင်စီဘက်ကလည်း အစွမ်းကုန်ကာကွယ်ပေးမယ်လို့ ကတိပြန်ပေးတဲ့အကြောင်း တရုတ်ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ပြည်တွင်းစစ်အရှိန်မြင့်လာတာနဲ့အမျှ အရင်က စစ်ကောင်စီထိန်းချုပ်ခဲ့တဲ့ တရုတ်စီမံကိန်း ဆယ်ခုကို အခုတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) ရဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါနဲ့ပတ်သက်လို့ တအာင်းအဖွဲ့ကို မေးကြည့်တော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သူတို့ထိန်းချုပ်ထားတဲ့ စီမံကိန်းတွေအကုန်လုံး လတ်တလောမှာ ရပ်ထားတယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦး က RFA ကို ပြောပါတယ်။

“နယ်မြေ တည်ငြိမ်မှုလည်း မရှိသေးတဲ့ကာလတစ်လျှောက် ဒီရင်းနှီးမြှုပ်နှံမှု အားလုံးကိုတော့ ကျွန်မတို့ ယာယီ ပိတ်ထားဆဲ ဖြစ်တယ်။ နောက်ပိုင်းမှာတော့ ကျွန်မတို့ လိုအပ်တဲ့ မူပေါ်လစီတွေ ရေးဆွဲပြီးတော့မှ အားလုံးကို ပြန်လည်စတင်နိုင်ဖို့ ကျွန်မတို့ ကြိုးပမ်းဆောင်ရွက်နေတာမျိုး ရှိပါတယ်“

သူတို့ထိန်းချုပ်ထားတဲ့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ နှစ်ဖက်ပြောဆိုညှိနှိုင်းတာတော့ မရှိသေးဘူးလို့ TNLA က ပြောပါတယ်။

"သူ့ အကျိုးစီးပွားကို ထိခိုက်လာတာတွေကိုလည်း ဗဟိုအစိုးရနဲ့ပဲ လက်တွဲပြီးတော့ ပြန်ပြီးတော့ ခုခံကာကွယ်တာမျိုး သူ လုပ်ပါလိမ့်မယ်"

ဒီအတောအတွင်းမှာပဲ တရုတ်နိုင်ငံ ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီဆိုတဲ့နာမည်နဲ့၊ TNLA အဖွဲ့ကို တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်ခံရင် အကျိုးစီးပွားနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကူညီပေးမယ်ဆိုတဲ့ စာတစ်စောင် ဩဂုတ်လ ၂၉ ရက်နေ့မှာ ပျံ့နှံ့ခဲ့ပါတယ်။

မူဆယ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကွမ်းလုံဆည်၊ ကွမ်းလုံတံတား၊ ချင်းရွှေဟော် နယ်စပ်စီးပွားရေးကုန်သွယ်မှုဇုန်၊ နောင်ဖဆည်၊ လန်ချန်း-မဲခေါင် သဘာ၀ဘေး ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနဲ့ စင်တာ၊ ဂုတ်ထိပ်တံတားနဲ့ လမ်းသစ်စီမံကိန်း၊ ဆင်းရွှေလီ-၂ သကြား စက်ရုံ၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနဲ့ တကောင်းနီကယ်စက်ရုံတို့ EAO နဲ့ PDF တွေက အပြည့်ဝထိန်းချုပ်ထားတာပါ။

စစ်ကောင်စီမှာ တရုတ် စီမံကိန်းတွေကိုကာကွယ်ပေးနိုင်စွမ်း မရှိတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က သုံးသပ်ပါတယ်။

“အကြမ်းဖက် စစ်အုပ်စုဟာ သူ့ကိုယ်သူတောင် မနည်းကာကွယ်နေရတဲ့ အခြေအနေ ဖြစ်တဲ့အတွက်ကြောင့်မို့ တိုင်းသူပြည်သားတွေကို မကာကွယ်နိုင်တဲ့အပြင် နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေ၊ နိုင်ငံတကာကနေ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကိုရော ဒီလူတွေ အကုန်လုံးရဲ့ လုံခြုံရေးကို သူ့အနေနဲ့ ဘယ်လိုမှ တာဝန်ယူနိုင်စွမ်းမရှိတော့ဘူး ဆိုတာကို အတိအလင်း ပြောလိုပါတယ်“

အမေရိကန် ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ တကောင်းနီကယ်စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးပေးထားတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ အဲဒီ စက်ရုံနဲ့ ပတ်သက်ပြီး NUG နဲ့ တရုတ်ကြား ဆွေးနွေးတာတွေ ရှိပေမဲ့ ဘာတွေဆွေးနွေးထားလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကို လတ်တလောပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။

တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပြင် ပိုးလမ်းမစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံအတွင်းက မီးရထားလမ်း၊ ကားလမ်း၊ ရေလမ်းနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို EAOs တွေက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်လာနိုင်ခြေ ရှိနေပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရခိုင်ပြည်နယ်က ကျောက်ဖြူနဲ့ သံတွဲက တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ကိုးခုလောက်ကို အာရက္ခတပ်တော် (AA) က တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ AA ကို မေးကြည့်တဲ့အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို အကာအကွယ်ပေးသွားမယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက RFA ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပါဝင်ပတ်သက်နေတဲ့ stakeholders တွေ အားလုံးက တရုတ် အကျိုးစီးပွားတွေကို ကာကွယ်ပေးကြဖို့ သူတို့ တောက်လျှောက် ပြောနေတာရှိတယ်။ ကျွန်တော်တို့ကလည်း ထုတ်ပြန်ချက်ထုတ်ပြီးတော့ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း ပြောထားတာ ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဆက်လက်ရပ်တည်နေတာ ဖြစ်ပါတယ်“

စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရနဲ့ AA တို့ ပြောဆိုဆွေးနွေးနေတာ ရှိသလားဆိုတာကိုတော့ လတ်တလော တိုက်ပွဲပြင်းထန်နေတဲ့ကာလမှာ အသေးစိတ်ပြောဖို့ မရှိသေးဘူးလို့ ဦးခိုင်သုခက ဆိုပါတယ်။

တိုင်းရင်းသားအဖွဲ့တွေအောက်ရောက်နေတဲ့ တရုတ်စီမံကိန်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထား သိရအောင် ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။


ဆက်နွှယ်သောသတင်းများ

တရုတ်စီမံကိန်း ဆယ်ခုကို EAO နဲ့ PDF တွေ ထိန်းချုပ်ထား

တရုတ်စီမံကိန်းတွေကို “ဝ”တပ်က ကူညီနေကြောင်း SSFIM ဖော်ပြ

တရုတ်စီမံကိန်းတွေ ကာကွယ်ဖို့ တရုတ်သံအမတ် ထပ်မံပြောဆို


ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ကိုမေးကြည့်တဲ့ အခါ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက - တရုတ်အစိုးရက အာဏာရှိတဲ့သူနဲ့ပူးပေါင်းပြီး သူ့စီမံကိန်းတွေကို ခုခံကာကွယ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“တရုတ်သည် မြန်မာနိုင်ငံမှာ လက်ရှိ တာဝန်ယူနေတဲ့ ဗဟိုအစိုးရ သူတို့နဲ့ပဲ စကားပြောမှာဖြစ်တဲ့အတွက်ကြောင့် ဗဟိုအစိုးရနဲ့ပဲ ညှိနှိုင်းပြီးဆောင်ရွက်လိမ့်မယ်။ သူ့ အကျိုးစီးပွားကို ထိခိုက်လာတာတွေကိုလည်း ဗဟိုအစိုးရနဲ့ပဲ လက်တွဲပြီးတော့ ပြန်ပြီးတော့ ခုခံကာကွယ်တာမျိုး သူ လုပ်ပါလိမ့်မယ်"

စစ်တပ်နဲ့သဘောထားမကွဲတဲ့သူတွေက အခုလိုသုံးသပ်ပေမဲ့ မြန်မာ့နိုင်ငံရေးနဲ့ တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ အဲဒီလို မရှုမြင်ပါဘူး။

“ပဋိပက္ခ ဖြစ်ထားတဲ့နိုင်ငံတွေမှာ ဘက်အားလုံးကို သူ မျှတစွာဆက်ဆံမယ်။ ဘက်မလိုက်ဘဲ ဆက်ဆံမယ်။ စံချိန်စံညွှန်း နှစ်ခုမရှိဘဲနဲ့ ဆက်ဆံပါမယ်ဆိုတာ သူပြောပြီးသား။ ဗမာပြည်အရေးကိုလည်း သူဒီလိုပဲ စဉ်းစားမှာပေါ့။ သူက သူပြောထားတဲ့မူတွေ ဘာတွေကို တစ်သမတ်တည်း လုပ်တာ ဟိုပြောင်းဒီပြောင်း သိပ်မလုပ်ဘူး။ သိပ် အခြေအနေအပြောင်းအလဲဖြစ်လာရင် တစ်မျိုးပေါ့“

စီမံကိန်းတွေနဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တရုတ်အစိုးရက စစ်ကောင်စီကို ပြောထားသလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုလည်း ပြောထားပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ မြင်သာတဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုး မတွေ့သေးလို့ ဆွေးနွေးသင့်ပြီလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဆွေးနွေးသင့်ပြီလို့ မြင်တာပေါ့ဗျာ။ ဒါပေမဲ့ တရုတ်ကတော့ အခုထိ အဲဒီလို စဉ်းစားချက်ကို မရောက်ရှိသေးပါဘူး"

မြန်မာပြည်ရဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေထဲမှာ အကြီးဆုံးဖြစ်တဲ့တရုတ်နိုင်ငံက သူ့အကျိုးစီးပွားနဲ့ စီမံကိန်းတွေ ထိခိုက်ပျက်စီးမှာစိုးပြီး ကာကွယ်ပေးဖို့ စစ်ကောင်စီရော တော်လှန်ရေးအဖွဲ့တွေကိုပါ အပူတပြင်း တိုက်တွန်းနေတဲ့ကာလမှာ စက်တင်ဘာလ ၂ ရက်နေ့က မြောက်ပိုင်းအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီက ကြေညာလိုက်ပြီး TNLA နဲ့ MNDAA ထိန်းချုပ်ထားတဲ့ဒေသတချို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အဲဒီ ကြေညာချက်ကြောင့် တရုတ်အနေနဲ့ သူ့အကျိုးစီးပွားအတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ချဉ်းကပ်လာတာမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြတာလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။