ရှမ်းပြည်နယ် ဝဒေသမှာ ပိတ်ထားတဲ့ လားဟူခရစ်ယာန်အဖွဲ့ချုပ် ဘုရားရှိခိုးကျောင်းတွေကို ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA က တဖြည်းဖြည်းပြန်ဖွင့်ခွင့်ပေးနေရာမှာ ရွာတွေအတွင်းက ဘုရားကျောင်း ၄၀ နီးပါး ပြန်ဖွင့်ခွင့်ရပြီလို့ လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ထံက သိရပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာကစပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ကျမ်းစာသင်ကျောင်းတချို့ကို အစွန်းရောက်မှုတွေရှိတယ်ဆိုတဲ့ သံသယနဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ပိတ်ခဲ့ပါတယ်။
ဒါတွေကို ပြန်ဖွင့်ခွင့်ပေးဖို့ ဘာသာရေးနဲ့ စာပေယဉ်ကျေးမှုအဖွဲ့တွေက အစိုးရ၊ UWSA တို့ထံ တင်ပြခဲ့ကြပြီး UWSA က ဧပြီလကစလို့ ရွာတွေအတွင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို တဖြည်းဖြည်း ပြန်ဖွင့်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ မြို့ပေါ်နဲ့ လမ်းမကြီးတွေမှာရှိတဲ့ ဘုရားရှိခိုးကျောင်းတွေ ပြန်ဖွင့်ခွင့်ရဖို့လည်း မျှော်လင့်နေကြပါတယ်။
ဝဒေသရောက် လားဟူတိုင်းရင်းသားများနဲ့ အဆက်အသွယ်ရှိတဲ့ ရှမ်းပြည်နယ်အခြေစိုက် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်က သူလည်း ဒီ သတင်းကြားပေမယ့် မျက်မြင်မဟုတ်လို့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
“ပြန်ဖွင့်ရပြီဆိုတော့ ကျမတို့အနေနဲ့ အတိုင်းမသိ ဝမ်းသာတယ်။ ကျမကလည်း မနေ့ကမှ ပြန်ဖွင့်ခွင့်ပေးလိုက်ပြီ ဆိုတဲ့သတင်းကို ကြားတယ်ပေါ့နော်။ အခုထိတော့ ဘုရားကျောင်း ပြန်ဖွင့်တယ်ဆိုတာတော့ ကျမအနေနဲ့ အတည်မပြုရသေးဘူးပေါ့”
ဒေါ်အေးသီတာမြင့်ဟာ ဘုရားကျောင်းတွေ ပြန်ဖွင့်ခွင့်ရဖို့ UWSA ထံ စာပေးပို့တောင်းဆိုခဲ့သူပါ။ ဝဒေသအတွင်း သွားရောက်ခွင့်မရှိတဲ့အတွက် ဒေသတွင်းဖြစ်နေတဲ့ အခြေအနေတွေအပေါ် သတင်းရရှိနိုင်မှုအပိုင်း အားနည်းတယ် လို့ သူက ပြောပါတယ်။
ပြန်ဖွင့်လို့ရရင်လည်း သူတို့ကို ကြောက်ရတာနဲ့ စိုးရိမ်ရတာနဲ့ ဒီလိုပဲလုပ်နေရတယ်
ဝဒေသထဲမှာ လားဟူခရစ်ယာန်ဘုရားကျောင်း ၆၀ ကျော် ရှိပါတယ်။ အဲဒီထဲက ပန်ဆန်း၊ မိုင်းပေါက်၊ ဟိုတောင်း၊ မိုင်းဖျင် စတဲ့မြို့ပေါ်က ဘုရားရှိခိုးကျောင်း ၂၀ လောက်က ဖွင့်ခွင့် မရသေးပါဘူး။
ဆက်လက်ပိတ်ပင်ထားတဲ့ အကြောင်းရင်းကို မသိရကြောင်း၊ ဒီလိုကန့်သတ်ခံရတဲ့အတွက် လားဟူ တိုင်းရင်းသားတချို့က ဒီဒေသမှာ ဆက်နေဖို့ ဝန်လေးလာကြောင်း လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာလာဇရုက ပြောပါတယ်။
“ဘာကြောင့်လဲတော့ ကျနော်တို့ မသိဘူး။ ပြန်ဖွင့်လို့ရရင်လည်း သူတို့ကို ကြောက်ရတာနဲ့ စိုးရိမ်ရတာနဲ့ ဒီလိုပဲလုပ်နေရတယ်။ ဘုရားကျောင်းပိတ်ခံရတော့ ကျနော်တို့ ခရစ်ယာန်တွေကတော့ အဲဒီမှာနေတာလည်း မပျော်တော့ဘူးပေါ့။ နေရာရွှေ့ချင်တာလားမသိဘူး။ တချို့လည်း ပြောင်းလာကြတယ်။”
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဝဒေသကနေ ကျိုင်းတုံမြို့ကို ပြောင်းရွှေ့လာတဲ့ လားဟူတိုင်း ရင်းသား ခန့်မှန်းခြေ ၅၀၀ လောက်နဲ့ အိမ်ခြေ ၁၀၀ လောက်ရှိတယ်လို့ ဒေါက်တာလာဇရုက ပြောပါတယ်။
ဝဒေသမှာ ကက်သလစ်ခရစ်ယာန်တချို့လည်းရှိတဲ့အတွက် ကက်သလစ်ဘရားကျောင်း အနည်းငယ်လည်း ရှိတယ်လို့ သိရပါတယ်။
ဝဒေသမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ဘုရားကျောင်း ခုနှစ်ကျောင်းရှိပါတယ်။

ပိတ်ခံရတဲ့အထဲမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဘုရားကျောင်း ငါးကျောင်းလည်း ပါဝင်နေတယ်လို့ မကြာသေးခင်က သမ္မတထရမ့်နဲ့ တွေ့ဆုံပြီး ဘာသာရေးလွတ်လပ်ခွင့်အကြောင်းကို တင်ပြခဲ့သူ KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။
လားဟူဘုရားကျောင်းတွေနည်းတူ ကချင်ဘုရားကျောင်းတွေလည်း ပြန်ဖွင့်ခွင့်ရနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
“သူတို့အစီစဉ်ကတော့ ပြန်ဖွင့်မယ်လို့ အစီစဉ်ရှိတယ်လို့ ပြောတယ်။ လားဟူဘုရားကျောင်းတွေ ပြန်ဖွင့်ပြီဆိုတော့ ဖွင့်မှာကတော့ သေချာမှာပါ။”
လက်ရှိမှာတော့ ဟိုတောင်း လားဟူကျမ်းစာသင်ကျောင်း ဖွင့်ခွင့် မရသေးသလို ပန်ဆန်းမြို့က ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ကိုလည်း စာပေနဲ့ယဉ်ကျေးမှုရုံးအဖြစ် အသွင်ပြောင်းလိုက်ရပါတယ်။
UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ဘုရားကျောင်းတွေကို စိစစ်ပြီး ပြန်ဖွင့်ပေးနေတယ်။ အရင်က ပိတ်ပင်ပင်ခဲ့တာဟာ ဘုရားကျောင်းအရေအတွက် များနေတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်သိသလောက် အခုတဖြည်းဖြည်းနဲ့ ဖွင့်ပေးနေပါပြီ။ လားဟူ ဘုရားကျောင်းနဲ့ ကချင်ဘုရားကျောင်းတချို့ ဖွင့်ပေးနေပြီနော်။ အသေးစိတ်တော့ ဘယ်နှစ်ကျောင်းလဲ ဘယ်နေရာလည်းဆို တာတော့ မသိရဘူးနော်။ အရင်တုန်းက ပိတ်တယ်ဆိုတဲ့ အဓိက အကြောင်းအရင်းက တချို့အမှုတော်ဆောင်တွေက သူတို့ရဲ့ လုပ်ဆောင်ချက်တွေက အစွန်းဘက်ရောက်လို့။ တချို့ ရပ်ကွက်၊ ရွာတွေမှာလည်း အိမ်ခြေက ၂၀၊ ၃၀ ပဲရှိတယ်။ ဘုရားကျောင်းတွေ က နှစ်ကျောင်း သုံးကျောင်း၊ နှစ်ဖွဲ့ သုံးဖွဲ့ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့လူမျိုးတွေ စည်းလုံးရေးပျက်ပြားမှာစိုးလို့ ဝင်ရောက် ထိန်းသိမ်းတဲ့သဘောလို့ ကျနော်တို့ ယူဆပါတယ်နော်။”
ဝဒေသအတွင်းမှာ နတ်ယုံကြည်ကိုးကွယ်မှုတွေရှိသလို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်ယုံကြည်သူတွေ လည်းရှိတယ်လို့ ဦးညီရမ်းက ပြောပါတယ်။
လားဟူအဖွဲ့အစည်းတချို့ကတော့ ဝ တိုင်းရင်းသားတွေဟာ နတ်ယုံကြည်ကိုးကွယ်မှုများပြီး နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာ ပိုမိုထွန်းကားလာမှုကို တားမြစ်တဲ့အနေနဲ့ အခုလို ခရစ်ယာန်ဘုရားကျောင်းတွေကို ပိတ်ခဲ့တာလို့ ဆိုပါတယ်။
UWSA ဘက်ကတော့ အိမ်ခြေ ၂၀၊ ၃၀ လောက် ရှိတဲ့ ရွာတွေမှာ ဘုရားကျောင်း နှစ်ကျောင်း၊ သုံးကျောင်းဖြစ်နေ တာတွေရှိပြီး မလိုအပ်တဲ့အတွက် ပိတ်ခဲ့တာလို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲ လူအင်အား လက်နက်အင်အား အကောင်းဆုံးဖြစ်တဲ့ UWSA က ချုပ်ကိုင်ထားတဲ့ ဝဒေသဟာ နေပြည်တော်ရဲ့အာဏာ သက်ရောက်မှုမရှိတဲ့ ဒေသ ဖြစ်ပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်။)