မြို့တော်တွေမှာ ဒုစရိုက်မှုတွေ များလာ

RFA Burmese
2025.01.29
မြို့တော်တွေမှာ ဒုစရိုက်မှုတွေ များလာ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့ညနေပိုင်းက ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရသည့် မြင်ကွင်းကို CCTV မှ တွေ့ရစဉ်။
Screenshot: CCTV Video

စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် တခြားနယ်မြို့တွေမှာ ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ လုယက်တဲ့ ဒုစရိုက်မှုတွေ များလာပြီး မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်ကဆိုရင် ရန်ကုန်၊ မန္တလေး၊ တာချီလိတ်နဲ့ မူဆယ်မြို့တွေမှာ ငွေကြေးတတ်နိုင်တဲ့ မိသားစုဝင်တွေ ပြန်ပေးဆွဲခံရတာ ငါးကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။

အခုနှစ် ဇန်နဝါရီ ၃ ရက်နေ့မှာလည်း မန္တလေးမြို့က စတားပါဝါ စက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲသွားခဲ့သလို ဇန်နဝါရီ ၁၈ ရက်နေ့မှာလည်း မူဆယ်မြို့က ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင် အမျိုးသားသုံးဦးက ပြန်ပေးဆွဲခဲ့ပါတယ်။

“စစ်တပ်နဲ့ရဲက ကင်းလှည့်တာတွေ ရှိနေပေမဲ့ ဒုစရိုက်မှုတွေကတော့ ဖြစ်နေဆဲပါပဲ”

ဒါ့အပြင် ရန်ကုန်၊ မန္တလေးလို မြို့ပြတွေမှာ အမျိုးသမီးငယ်တွေ မကြာခဏ ပျောက်ဆုံးမှုတွေ ရှိလာသလို တချို့ကို ငွေနဲ့ ပြန်ရွေးခဲ့ရတဲ့ ဖြစ်ရပ်တွေလည်း များလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ကာယကံရှင် မိသားစုတွေက ပြန်ပေးအဖွဲ့တွေ ပြန်ပြီးပြဿနာရှာမှာကို စိုးရိမ်တဲ့အတွက် အမှုဖွင့်တာတွေ တိုင်တာတွေ မလုပ်ကြဘူးလို့ ရန်ကုန်မြို့မှာ ပြန်ပေးဆွဲခံရတဲ့မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ညီမတို့ လမ်းထဲက အစ်မတစ်ယောက်ရဲ့ သမီးဆို မနက်ပိုင်းကို သင်တန်းသွားရင်း လမ်းမှာ ကားနဲ့ လူတစ်စုက ဖမ်းသွားတာ။ ညနေလောက်ကျတော့ အဲဒီဖမ်းတဲ့သူတွေက အမေဖြစ်သူဆီကို ဖုန်းဆက်လာပြီး သိန်းခြောက်ရာနဲ့ ရွေးရင်ရွေး၊ မဟုတ်ရင် သတ်ပစ်မယ်၊ ရောင်းစားပစ်မယ်ဆိုပြီး အမျိုးမျိုး ခြိမ်းခြောက်တာပေါ့။ သူတို့ တောင်းတဲ့ ပိုက်ဆံပေးလိုက်တော့ ကလေးက ပြန်လွတ်လာတယ်။ မိသားစုတွေကလည်း ပြန်ပြီးရန်လုပ်လာမှာကို ကြောက်လို့ထင်တယ်။ အမှုဖွင့်တာ တိုင်တာ တောတာလည်း မရှိဘူး။ အဓိကတော့ ကြောက်နေရတာပေါ့”

ဒုစရိုက်မှုတွေကို ရဲစခန်းတွေမှာ အမှုဖွင့်တိုင်တန်းတာတွေ ရှိပေမဲ့လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးတာ အရေးယူနိုင်တာ မရှိတဲ့အတွက် ကာယကံရှင်အများစုကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲကို သေနတ်ကိုင်ထားတဲ့ လူတစ်ဦးက နေ့ခင်းကြောင်တောင် ဓားပြတိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့က ကာကွယ်ပေးတာမဟုတ်ဘဲ ဘဏ်လုံခြုံရေးနဲ့ ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တာပဲ ဖြစ်ခဲ့ပါတယ်။

“ရဲတပ်ဖွဲ့က ဖမ်းဆီးတာ အရေးယူနိုင်တာ မရှိတဲ့အတွက် ကာယကံရှင်အများစုကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းနေရပါတယ်”

နောက်ဖြစ်ရပ်တစ်ခုကတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က သားဖွားမီးယပ် ဆရာဝန်တစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲ ငွေညှစ်ပြီး သတ်ဖြတ်လိုက်တာပါ။


ဆက်နွှယ်သောသတင်းများ

စစ်ကောင်စီလက်ထက် ဒုစရိုက်မှုထူပြောလာပြီး လူထုလုံခြုံမှု အကြီးအကျယ် ခြိမ်းခြောက်ခံနေရ

နိုင်ငံတစ်ဝန်း ရာဇဝတ်မှုတွေကို စစ်ကောင်စီ မထိန်းချုပ်နိုင်

မလုံခြုံမှုတွေကြား ရုန်းကန်နေရတဲ့ ရန်ကုန်မြို့က အငှားယာဉ်မောင်း အမျိုးသမီးများ


ဒါကြောင့် မန္တလေးမြို့ခံတွေ နေ့တိုင်း စိုးရိမ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေရတယ်။ သူခိုးရန်က တစ်မျိုး၊ ဒီအုပ်ချုပ်တဲ့ယန္တရားက ဥပဒေမဲ့ လုပ်နေကိုင်နေတာတွေက တစ်မျိုးဆိုတော့ စိတ်သက်သာမှုတော့ မရှိဘူး။ နေရထိုင်ရတာ အရမ်း စိတ်ပင်ပန်းတယ်။ စားဝတ်နေရေးအတွက် အကုန်လုံးက ရှာရဖွေရတာက တစ်မျိုး၊ ဒါတွေက အကုန်လုံး လက်တွေ့ခံစားနေရတာ။ လူတော်တော်များများပေါ့။ လူတစ်ရာမှာ ၉၈ ယောက်က အဲဒီလို ခံစားနေရတာ”

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်ထားပြီး စစ်တပ်နဲ့ရဲက ကင်းလှည့်တာတွေ ရှိနေပေမဲ့ ဒုစရိုက်မှုတွေကတော့ ဖြစ်နေဆဲပဲလို့ ဒေသခံတွေက ထောက်ပြကြပါတယ်။

ရန်ကုန်မြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားတချို့အား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (AFP Photo)
ရန်ကုန်မြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားတချို့အား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (AFP Photo)

ရာဇဝတ်မှုတွေကို အဓိက ဖြေရှင်းရမဲ့ ရဲတပ်ဖွဲ့အနေနဲ့ ဒုစရိုက်မှုတွေ ဖြေရှင်းဖို့ထက် စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးကိုပဲ အဓိက လုပ်ကိုင်ဆောင်ရွက်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“တရားဥပဒေ စနစ်ကတော့ ပွင့်ပွင့်လင်းလင်း ကျွန်တော့်အမြင်ပြောရရင် ဇီးရိုးအဆင့်ပဲလို့ ပြောရမယ်။ ဒါရဲ့ အခြေခံအကြောင်းရင်းက နိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ပျက်သွားတယ်။ တရားဥပဒေစိုးမိုးမှု ပျက်သွားတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုး‌ရေး အဓိက တာဝန်ယူဆောင်ရွက်ရမဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း သူ့ရဲ့ ပင်မလုပ်ငန်းတာဝန်တွေကို သူ မလုပ်နိုင်တော့ဘူး။ သူ လုပ်နိုင်တာသည် လုံခြုံရေးကိစ္စတွေမှာပဲ အားစိုက်ပြီး လုပ်နေရတယ်။ လုံခြုံရေးဆိုတဲ့နေရာမှာ အကြမ်းဖက်အဖွဲ့စည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းဝင်တွေကို ထုတ်ဖော်ဖမ်းဆီးရေး ဒီပိုင်းတွေမှာပဲ ဆောင်ရွက်နေရတဲ့အခါကျတော့ ရဲလုပ်ငန်းတာဝန်တွေမှာ လစ်ဟင်းသွားတယ်”

ဒုစရိုက်သမားတွေဟာ စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်ကို အကာအကွယ်ယူပြီး လှုပ်ရှားနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန် မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ခိုးဆိုးလုယက်သမားတွေကလည်း အခွင့်ကောင်းကို ယူပြီးတော့ မာရှယ်လောဆိုတဲ့ သူတို့ထုတ်တဲ့အမိန့်ကို ကျော်လွန်ပြီးတော့ မနက် လေးနာရီ ငါးနာရီအထိတောင် ဝင်ရောက်ပြီးတော့ ခိုးဆိုး လုယက်တာ၊ ဖောက်ထွင်းတာတွေ အကုန်လုပ်လာတယ်။ အဲဒီတော့ ပြည်သူတွေက မိမိအိမ်ပတ်ဝန်းကျင်ကို တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီဆောင်ရွက်ပြီးတော့ပဲ မိမိရဲ့လမ်း၊ မိမိရဲ့အိမ်၊ မိမိရပ်ကွက်ကို ကာကွယ်စောင့်ရှောက်နေရတဲ့ ဘဝ ရောက်သွားပြီ”

ဒုစရိုက်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လို အရေးယူနေလဲဆိုတာ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနိုင်ငံဟာ ကမ္ဘာလည့် ခရီးသွားတွေအတွက် အန္တရာယ်များတဲ့ နိုင်ငံဖြစ်နေလို့ မသွားကြဖို့ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ ဗြိတိန်နဲ့ အနောက်နိုင်ငံတွေက သူတို့နိုင်ငံသားတွေကို သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။