ဆေးရုံဆေးခန်းတွေ စစ်မြေပြင်ဖြစ်လာကြောင်း သုတေသနအဖွဲ့ပြောကြား

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2024.03.17
ဆေးရုံဆေးခန်းတွေ စစ်မြေပြင်ဖြစ်လာကြောင်း သုတေသနအဖွဲ့ပြောကြား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် ဖယ်ခုံမြို့ရှိ ဆောင်းဖွေးဆေးပေးခန်းကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

စစ်အာဏာသိမ်းချိန်ကစလို့ သုံးနှစ်အတွင်း ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးရုံဆေးခန်းတွေ အကြိမ်ပေါင်း ၁၂ဝဝ နီးပါး တိုက်ခိုက်ခံရတယ်လို့ အမေရိကန် အခြေစိုက် Global Health သုတေသနအဖွဲ့က မတ် ၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ Insecurity Insight သုတေသနအဖွဲ့ကပြောတာကို ကိုးကားတာဖြစ်ပြီး ဆေးရုံဆေးခန်းတွေဟာ စစ်မြေပြင်ဖြစ်လာတယ်လို့လည်း ဖော်ပြပါတယ်။

ဒါကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဗညားက မငြင်းပါဘူး။

“တချို့နေရာတွေဆို တစ်နေရာတည်းကို သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံရပါတယ်။ အသေအပျောက်လည်း ရှိတာပေါ့။ ဆေးရုံဆေးခန်းတောင်မှ တိုက်ခိုက်ခံရပါတယ်”

ဒီလိုဆေးရုံတွေ၊ ဆေးခန်းတွေ တိုက်ခိုက်ခံရတာ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“ဂျီနီဗာကွန်ဗင်းရှင်းမှာ အတိအလင်းပြဋ္ဌာန်းထားတာပဲ၊ ဆေးရုံဆေးခန်းတွေ မတိုက်ရဘူးလို့။ တိုက်ရင် စစ်ရာဇဝတ်မှုကျူးလွန်တာပဲ”

ဒုတိယကမ္ဘာစစ်အပြီး ချမှတ်တဲ့ ဂျီနီဗာပဋိညာဉ်စာတမ်း နောက်ဆက်တွဲသဘောတူညီချက်တွေမှာ ပါရှိတဲ့ အရေးအကြီးဆုံးစည်းမျဉ်းက စစ်ပွဲမှာ ရက်စက်တဲ့အတိုင်းအတာကို ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။

တိုက်ပွဲနဲ့ ပတ်လည်းမပတ်သက်၊ ပါလည်းမပါဝင်တဲ့ အရပ်သားတွေ၊ ဆေးဝန်ထမ်းတွေ၊ ကယ်ဆယ်ရေး လုပ်သားတွေကို ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Convention) က အကာအကွယ်ပေးထားတာပါ။

မြန်မာနိုင်ငံဟာ နဂိုကတည်းက ကျန်းမာရေးလုပ်သားမပြည့်စုံပါဘူး။ ၂ဝ၁၉ စာရင်းမှာတင် လူတစ်ထောင်မှာ ဆရာဝန်တစ်ယောက်တောင်မရှိဘဲ ဝ ဒသမ ၇ ယောက်နှုန်းနဲ့ လူတစ်သောင်းမှာ ခုနစ်ယောက်ပဲ ရှိပါတယ်။

နဂိုက မပြည့်စုံတဲ့ထဲ ၂၀၂၁ စစ်အာဏာသိမ်းနောက်ဆက်တွဲ ဆေးဝန်ထမ်းတွေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ကြတဲ့အခါ ရှင်နည်းရာ အဂ္ဂလူထွက်ဖြစ်ရပါတယ်။ ဒီလို ဆေးပစ္စည်းရော ဆေးဝန်ထမ်းပါ မပြည့်စုံရတဲ့အထဲ ဆေးရုံတွေ ဆေးခန်းတွေ ဗုံးကြဲခံရ၊ တိုက်ခိုက်ခံရပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ရန်ကုန်မြို့မှ ဆရာဝန်တချို့အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ရန်ကုန်မြို့မှ ဆရာဝန်တချို့အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မြန်မာ့ပြည်တွင်း ပဋိပက္ခတွေထဲ ၂ဝ၂၁ စစ်အာဏာသိမ်းမှုက အဆိုးဝါးဆုံးလို့ ပြောနိုင်ပြီး စစ်ကောင်စီတပ်သားတွေ သေကြေဆုံးရှုံးရတာတွေ ရှိလည်း ပြဿနာက ပြီးဆုံးမယ့်ပုံလည်းမရတဲ့အတွက် တိုင်းပြည်က အထူးထိခိုက်နစ်နာရတယ်လို့ Insecurity Insight က ပြောပါတယ်။ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ ကလေးကာကွယ်ဆေးထိုးလုပ်ငန်းက စံချိန်တင်ကျဆင်းသွားပြီး ကလေး နှစ်သန်းနီးပါးကို ဆေးထိုးပေးဖို့ လိုနေတယ်လို့လည်း ပြောပါတယ်။

လူသားချင်းစာနာရေး အကူအညီတွေကလည်း လိုအပ်တဲ့နေရာ မရောက်သလောက်ရှိပါတယ်။ စစ်ကောင်စီကတစ်ဆင့် ပေးပို့မယ်ဆိုရင် ကယားပြည်နယ်ကို ရောက်လာမှာမဟုတ်ဘူးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးဗညားကလည်း ပြောပါတယ်။

“နိုင်ငံတကာအကူအညီကတော့ တွေ့ရတာ ခဲယဉ်းပါတယ်။ တချို့တိုင်းဒေသတွေဆီတော့ ရောက်နိုင်တယ်။ အဟန့်အတားရှိနိုင်တယ်။ စစ်ကောင်စီက တဆင့်လာမယ့် အကူအညီက ကျွန်တော်တို့ ပြည်နယ်ကို ရောက်မှာမဟုတ်ဘူး”

နိုင်ငံတကာအကူအညီကလည်း စစ်ကောင်စီကတစ်ဆင့် ပေးပို့မယ်လို့ အမြဲလိုလို ဖြစ်နေတဲ့အတွက် သူတို့ဆီ ရောက်လည်း မရောက်ဘဲ ရောက်လာဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဦးဗညားက တစ်ဆက်တည်းပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
အဖွဲ့တွေမညီညွတ်မှုကြောင့် ချင်းပြည်နယ်အရေး ရှုပ်ထွေးနေကြောင်း ICG ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။