ရွေးကောက်ပွဲကိုဆန့်ကျင်ပြီး CDF တွေကိုထောက်ပံ့လို့ CNF ဌာနချုပ် တိုက်ခိုက်ခံရတာဖြစ်
2023.01.20
ချင်းပြည်နယ်၊ ထန်တလန်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် ဝိတိုရိယ စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အဲဒီအနားမှာရှိတဲ့ ရွာငါးရွာက ဒေသခံနှစ်ရာကျော် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည် နှစ်ရာကျော်ထဲမှာ တချို့က အိမ်ငှားနေထိုင်ကြသလို အများစုကတော့ နီးစပ်ရာ ဆွေမျိုးတွေ အိမ်မှာ နေထိုင်နေကြရပြီး လက်ရှိ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအခြေအနေကြောင့် ရွာအမည်တွေကိုတော့ RFA အနေနဲ့ ဖော်ပြနိုင်ခြင်း မရှိပါဘူး။
ဒါ့အပြင် လေကြောင်းရန် စိုးရိမ်တာကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀၀၀ ကျော်ကို ပညာသင်ကြားနေတဲ့ ကြားကာလ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်း ၉၅ ကျောင်းလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားရပါတယ်။
ထန်တလန်မှာ စစ်ကောင်စီတပ်ရဲ့ ကင်းထောက်လေယာဉ်တွေ မကြာခဏ လာနေတာကြောင့် ကျောင်းတွေပါ ပိတ်ထားရတာလို့ ထန်တလန်မြို့ရဲ့ ကြားကာလ ပညာရေးမှူး ဦးခရော့စ်ထန်က RFA ကိုပြောပါတယ်။
“ဒီလ ၁၆ ရက်နေ့ကစပြီး ကျနော်တို့ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ထားတယ်ပေါ့။ ပိတ်ထားတဲ့ အကြောင်းအရင်းကလည်း ကင်းထောက် လေယာဉ်တွေ လာတာကြောင့်ပေါ့။ ရှေ့မှာလည်း နမူနာ ရှိခဲ့ပြီးပြီလေ။ ဒါကြောင့် လုံခြုံရေးအရ နည်းနည်း စိုးရိမ်ရတဲ့အနေအထားဆိုတော့ ကျောင်းတွေကို ယာယီ ပိတ်ထားတာပါ။”
စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ CNF ဌာနချုပ်ကို လေကြောင်းကနေ ပစ်ခဲ့တာကြောင့် CNF တပ်သားငါးဦးသေဆုံးပြီး ဆေးကုသဆောင်နဲ့ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။
"သူတို့ ကုန်းကြောင်းကနေ မတိုက်နိုင်တဲ့အခြေနေမှာ ပစ်ခတ်မှုတွေရှိနေရင် လေကြောင်းနဲ့ သူတို့က ပစ်မှာပဲ။"
CNF ဟာ စစ်တပ်အာဏာမသိမ်းခင်က အပစ်ရပ် လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အဖွဲ့ ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းခဲ့တဲ့ ပထမဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ နှစ်သစ်ဆုတောင်း သဝဏ်လွှာမှာ ဖော်ပြခဲ့သလို ချင်းဒေသကာကွယ်ရေး အဖွဲ့တွေကလည်း ရွေးကောက်ပွဲကို လက်မခံကြောင်း ဇန်နဝါရီလဆန်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဌာနချုပ်ကို လေကြောင်းနဲ့ တိုက်ခိုက်တာဟာ ၂၀၂၃ မှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံလို့ ဖြစ်ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကိုပြောပါတယ်။
“ကျနော်တို့အနေနဲ့ အဲဒီရွေးကောက်ပွဲက တရားမဝင်ဘူး၊ လက်မခံနိုင်ဘူး။ တစ်ဖက်သတ် သူ့ဟာသူ ကောက်ဆွဲပြီး လုပ်နေတာဖြစ်တဲ့အတွက် ကျနော်တို့ကတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ အဲဒါကြောင့် လာပြီးတော့ လေယာဉ်နဲ့ လာတိုက်ခိုက်နေတာ ဖြစ်တယ်။ နောက်တစ်ခုကတော့ စစ်ရေးမှာ ဒီနှစ်လအတွင်း စစ်ရေး အခြေအနေက မြေပြင်မှာသူက အင်အားချိနဲ့နေပြီလို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် အခုလို လေကြောင်းနဲ့ အပြစ်မဲ့ပြည်သူကိုပါမချန် ရက်ရက်စက်စက် လုပ်နေတာဖြစ်ပါတယ်”
CNF ဌာနချုပ်မှာနေထိုင်တဲ့ တွန်းဇံမြို့ ဒေသကာကွယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇိုမိုမုန်ကလည်း CNF ဟာ ချင်းမှာရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကို စစ်သင်တန်းပေးခဲ့သလို လက်နက်ပါ ထောက်ပံ့ပေးတာကြောင့် လေကြောင်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံရတာလို့ ပြောပါတယ်။
“အဓိက လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ အကြောင်းအရင်းကတော့ Camp Victoria ဟာ နွေဦးတော်လှန်ရေးကို အစပျိုးတဲ့နေရာမို့လို့ ဗုံးကြဲတာပါ။ ပြီးတော့ PDF တွေကို စစ်သင်တန်းပေးတဲ့ စခန်းမို့လို့လည်း ဗုံးကြဲတာပါ”
CNF ဟာ အင်အားကြီးအဖွဲ့ တစ်ခုဖြစ်တဲ့အပြင် CNF ခေါင်းဆောင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကလည်း NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး တာဝန်ယူထားတာကြောင့် စစ်ကောင်စီတပ်က ချေမှုန်းချင်တာ ဖြစ်နိုင်တယ်လို့လည်း ချင်းနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ချင်းဝါရင့်နိုင်ငံရေးသမား ဆလိုင်းကစ်ပ်ခိုလျန်ကတော့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်တွေ စစ်ကြောင်းထိုးတာ မအောင်မြင်လို့ လေကြောင်းသုံး တိုက်ခိုက်နေတာလို့ RFA ကို ပြောပါတယ်။
“CNF စခန်းကိုပဲဖြစ်ဖြစ်၊ ဘယ်စခန်းကိုပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲဖြစ်ဖြစ်၊ ဘယ်ရွာကိုပဲ ဖြစ်ဖြစ်၊ ဗုံးဘယ်လောက် ကြဲကြဲ သူတို့က အနိုင်တိုက်နေတာ မဟုတ်တော့ဘူး။ အောင်ပွဲရဖို့ တိုက်နေတာ မဟုတ်တော့ဘူး။ ဗုံးကြဲတယ် ဆိုတာက ရှုံးလို့ကြဲနေရတာ။ ခြေလျင်တပ်နဲ့ အရင်သွားရတာပဲ။ ခြေလျင်တပ်နဲ့ သိမ်းနိုင်ရင်သိမ်းရတာ။ လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတာ တော်တော်စျေးကြီး၊ ကုန်ကျစရိတ်တော်တော်ကြီးတာ”
ချင်းဒေသကာကွယ်ရေးတပ် (CDF) တွေရှိတဲ့ နေရာတွေကိုပါ လေကြောင်းကနေ တိုက်ခိုက် လာနိုင်တာကြောင့် လေကြောင်းရန်ကာကွယ်ရေး ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ချင်းပြည်နယ် ပူးတွဲကာကွယ်ရေး ကော်မတီအဖွဲ့ (CJDC) တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ ကုန်းကြောင်းကနေ မတိုက်နိုင်တဲ့အခြေနေမှာ ပစ်ခတ်မှုတွေရှိနေရင် လေကြောင်းနဲ့ သူတို့က ပစ်မှာပဲ။ အဲဒါကြောင့် ကျနော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ပြင်ဆင်ထားတာ ရှိပါတယ်။ ကျနော်တို့ နီးစပ်တဲ့ ချနိုင်တဲ့ နေရာတွေပေါ့။ အဲနားအနီး တစ်ဝိုက်က ရွာတွေကိုတော့ ကတုတ်ကျင်း တူးခိုင်းထားတာတွေတော့ ရှိပါတယ်”
ဝိတိုရိယစခန်းကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ လူမှုရေးရာ ဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ အစီအစဉ်မန်နေဂျာ ဆလိုင်းမန်ဟန်လျန်ကတော့ ဒေသခံတွေပါ ထိခိုက်တာဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး လက်ခံနိုင်စရာမရှိဘူးလို့ RFA ကိုပြောပါတယ်။
“ကျနော်တို့ CNF Camp ဆိုရင်တော့ ဆေးရုံကိုပစ်မှတ်ထား တိုက်ခိုက်တာကို တွေ့ရတယ်။ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာဟာ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိဘူး။ နိုင်ငံတကာ စစ်ရာဇဝတ်ကျူးလွန်မှုလို့ သတ်မှတ်လို့ ရတာပေါ့လေ။ ဒီလိုလုပ်တာက ကျနော်တို့ ပြည်သူလူထုတွေ ပိုပြီး ဒုက္ခရောက်လာဖို့ပဲ ရှိတာပေါ့။ ဒုက္ခသည်တွေလည်း ပိုပြီးထပ်တိုးလာဖို့ပဲ ရှိတာပေါ့”
CHRO ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး ချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့အထိ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ရှိခဲ့ပြီး ဒေသခံတစ်ဦးနဲ့ လက်နက်ကိုင် အဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့သလို ဒေသခံ ၃၅ ဦး ဒဏ်ရာရခဲ့ပါတယ်။