ထန်တလန်တစ်မြို့လုံးနီးပါး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း CNF ပြော
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ စစ်ကောင်စီ တပ်ရင်း ခလရ-၂၆၉ ရှိတဲ့ နေရာကလွဲပြီး ကျန်တဲ့နေရာတွေကို ဒေသကာကွယ်ရေး အဖွဲ့တွေ စိုးမိုးထားနိုင်ပြီလို့ ချင်းအမျိုးသားတပ်ဦး (CNF) က ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ် ရှိနေသေးတဲ့အပြင် လေယာဉ်နဲ့ လာတိုက်ခိုက် နိုင်တာကြောင့် မြို့ခံတွေ ပြန်နေလို့ မရသေးဘူးလို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
“ကျနော်တို့ ထန်တလန်မြို့ သိမ်းပိုက်တယ်လို့ ပြောတာမဟုတ်ဘဲနဲ့ ထန်တလန်မြို့မှာ စစ်ကောင်စီရဲ့ တပ်ကုန်း ရှိနေတယ်။ တပ်စခန်းပေါ့။ ဟိုအရင်ကတည်းက ရှိတာပေါ့။ ကျန်တဲ့နေရာတွေကတော့ အားလုံးကိုတော့ စိုးမိုးထားနိုင်တယ်ပေါ့။ အခုက စစ်ကောင်စီလည်း ရှိနေသေးတယ်ဆိုတော့ ပြည်သူလူထုက လာလို့မရသေးဘူးပေါ့။ တကယ်လို့ ကျနော်တို့ အားလုံးကို ဝင်ယူထားပြီးမှ ပြည်သူလူထုတွေ လာပြီဆိုတော့မှ ဂျက်လေယာဉ် ပြန်လာတိုက်ရင်တော့ ပြည်သူ့လုံခြုံရေးအတွက် အန္တရာယ်ရှိနေ သေးတာပေါ့နော် ”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က ထန်တလန်မြို့ရဲစခန်းကို CNF နဲ့ ထန်တလန် CDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး သေနတ် ၄၀ ကျော်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရပုဂ္ဂိုလ် လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီ မီဒီယာတွေမှာတော့ ထန်တလန်ရဲစခန်းကို CDF အဖွဲ့က သာလွန်အင်အားနဲ့ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်တွေများလာလို့ ရဲစခန်းကို လက်လွှတ်ခဲ့ရပေမယ့် လေကြောင်းနဲ့ ပစ်ကူယူပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မနေ့က ဖေဖော်ဝါရီ ၉ ရက်မှာ ဝန်ခံထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကလည်း ထန်တလန်မြို့ CB ဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားခြောက်ဦးကို CNF နဲ့ CDF တပ်ဖွဲ့က လက်နက်တွေနဲ့အတူ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ လုပ်ဆောင်နေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ထန်တလန်မြို့မှာ တိုက်ပွဲတွေဖြစ်တဲ့အပြင် နေအိမ်တွေပါ မီးရှို့ခံရတာကြောင့် အဲဒီအချိန်ကတည်းက ဒေသခံတစ်သောင်းကျော် မြို့လုံးကျွတ် ထွက်ပြေးခဲ့ရပါတယ်။
အခုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ တစ်မြို့လုံးကို ထိန်းချုပ်နိုင်ရင်တောင် ပျက်စီးတာတွေကို ပြုပြင်ရမှာကြောင့် ကိုယ့်အိမ်မှာ ကိုယ်ပြန်နေလို့ မရနိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန် စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။
“အကုန်လုံး သိမ်းပိုက်နိုင်တာတောင်မှ ပြည်သူလူထု ပြန်ဝင်လာဖို့ဆိုတာ မလွယ်သေးဘူး။ တစ်ဖက်က သိမ်းပိုက်နိုင်လို့ ဝင်မယ်ဆိုရင်လည်း တစ်ဖက်က ပြန်ပြီးတော့ တိုက်ခိုက်ဦးမယ်။ လေယာဉ်နဲ့ ဗုံးကြဲဦးမယ် ဆိုရင်တော့ ကျနော်တို့ ဘယ်လိုမှမနေရဲဘူး။ ချက်ချင်းနေလို့လည်း မရဘူး။ မီးမရှိဘူး။ ရေလည်းမရဘူး။ လမ်းတွေကလည်း လနဲ့ချီပြီးတော့ ပြုပြင်ရမှာ ”
စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့က CNF ဌာနချုပ်ကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် CNF တပ်သားငါးဦးသေဆုံးပြီး ဆေးကုသဆောင်နဲ့ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။
CB ဘဏ်က စစ်ကောင်စီတပ်သားတွေ အဖမ်းခံရပြီးချိန်ကလည်း ဒေသကာကွယ်ရေး အဖွဲ့တွေ ရှိနိုင်တဲ့နေရာကို လေယာဉ်နဲ့ဗုံးကြဲခဲ့သလို ထန်တလန်ရဲစခန်း အသိမ်းခံရပြီးချိန် မှာလည်း လေကြောင်းကပစ်ခတ် ခဲ့ပါတယ်။
"လေယာဉ်နဲ့ ဗုံးကြဲဦးမယ် ဆိုရင်တော့ ကျနော်တို့ ဘယ်လိုမှမနေရဲဘူး။"
ထန်တလန်ဒေသခံတွေဟာ အခုလို လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဗုံးခိုကျင်းတွေကို တူးထားရပေမယ့် စိုးရိမ်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဟိုတလောက ကျနော်တို့ ဒီရွာနှစ်ရွာမှာ ဗုံးလာကြဲသွားတာရှိတယ်။ ထိခိုက်တာတော့ မရှိဘူး။ လေယာဉ်လာရင် ကျနော်တို့ တောထဲပြေးရမလား၊ တောထဲပြေးချိန်မရရင် ဗုံးခိုကျင်းတွေ တူးထားတယ်ပေါ့။ လေယာဉ်လာရင်တော့ ဗုံးခိုကျင်းထဲပဲ ပုန်းရုံရှိတာပေါ့။ ဗုံးခိုကျင်းအပေါ် လာချရင်တော့ သွားပြီပေါ့ဗျာ။ မလုံခြုံဘူးပေါ့ဗျာ ”
ချင်းလူ့အခွင့်အရေးအဖွဲ့ စာရင်းအရ အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ ထန်တလန်မြို့မှာ ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် နေအိမ်ပေါင်း ၁၃ဝဝ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်တာဟာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) ရဲ့ စီမံအရာရှိ ဆလိုင်းမန်ဟင်လျန်က RFA ကို ပြောပါတယ်။
“စစ်တပ်အနေနဲ့ မြေပြင်စစ်ဆင်ရေး မလုပ်နိုင်တဲ့အခါမှာ လေယာဉ်ကို အားကိုးပြီး သုံးတယ်ပေါ့။ ဆိုတော့ လေယာဉ်အားကိုးပြီး ဗုံးကြဲဆောင်ရွက်တာကို ကြည့်မယ်ဆိုရင်တော့ တကယ်တမ်း သူတို့က အရပ်သား ပြည်သူတွေကို ထိခိုက် နစ်နာတာတွေရယ်၊ ပြီးတော့ အရပ်သားပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးနေတာကို ကျနော်တို့တွေ့ရတယ်။ ဒါဟာ လုံးဝကိုမလုပ်သင့် မလုပ်ထိုက်တဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါ့ ”
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ချင်းပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း တစ်သိန်းကျော်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်နယ်မှာ ကိုးမြို့နယ်ရှိတဲ့အနက် မင်းတပ်မြို့ကို ၂၀၂၁ ခုနှစ်ကတည်းက စစ်အုပ်ချုပ်ရေး ကြေညာထားသလို ထန်တလန်၊ ဟားခါး၊ ကန်ပက်လက်၊ မတူပီ၊ တီးတိန်၊ တွန်းဇံနဲ့ ဖလမ်းမြို့နယ်တွေကိုတော့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။