ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်မယ့်ကိစ္စ ကျန်းမာရေးထိခိုက်နိုင်

RFA Burmese
2023.10.18
ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်မယ့်ကိစ္စ ကျန်းမာရေးထိခိုက်နိုင် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO) ဖိုရမ်သို့တက်ရောက်လာသည့် စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် (ဝဲ) နှင့် ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီး Satkaliyev Almassadam (ယာ) တို့အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

အောက်တိုဘာ ၃ ရက်ကနေ ၆ ရက်နေ့အထိ ကာဇက်စတန်နိုင်ငံမှာ ပြုလုပ်တဲ့ ပထမအကြိမ် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO) ဖိုရမ်ကို စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် တက်ရောက်ပြီး မြန်မာနိုင်ငံမှာ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးကို အကူအညီပေးဖို့ တောင်းခံခဲ့ပါတယ်။

ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီး Satkaliyev Almassadam နဲ့ အောက်တိုဘာ ၅ ရက်နေ့က တွေ့ဆုံချိန် ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်ယူနိုင်ရေး နည်းပညာနဲ့ သတ္တုဗေဒဘာသာရပ်ကို စာတွေ့သာမက လက်တွေ့သင်တန်းပါ ကူညီပေးဖို့ ဦးကိုကိုလွင်က တောင်းဆိုခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါက ဆိုးဆိုးရွားရွား ပြတ်တောက်နေတဲ့ လျှပ်စစ်မီးပြဿနာကို သူတို့ဖြေရှင်းနေ တယ်ဆိုတာကို စစ်ကောင်စီက ပြသချင်တဲ့သဘောလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်း က ပြောပါတယ်။

“စစ်ကောင်စီက ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အားထုတ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ အပိုင်းမှာတော့ ဒါကတော့ ဒီလိုမျိုးလုပ်ငန်းမျိုး လုပ်ကြပြီဆိုကတည်းက နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ လျှပ်စစ် ဓာတ်အား ပြတ်တောက်နေတဲ့ ပြည်သူတွေကိုပေးနိုင်ဖို့ သူတို့ ကြိုးစားနေတယ်ဆိုတဲ့ အကြောင်းအရာကို ပြဖို့ပဲ ဖြစ်ပါတယ်။ တကယ်ရတာ မရတာသည် နောက်ထားပြီးတော့ ဒီလုပ်ငန်းကို ပြခြင်း ဖြစ်နိုင်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ဘာလဲဆိုတော့ သူတို့ထုံးစံအတိုင်း ဒီလိုစွမ်းအင် စီမံကိန်း အကြီးကြီးတွေ လုပ်ပြီဆိုတိုင်း လက်ဝါးချင်းရိုက်ပြီးတော့ ဒီအပေါ်မှာ စီးပွားရေးအရ ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်ဖို့ ဖြစ်ပါတယ်"

ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ဘေးထွက်ဆိုးကျိုး နည်းအောင် စနစ်တကျ မလုပ်နိုင် ရင် ပြည်သူအတွက် အကျိုးရှိမှာမဟုတ်ဘူးလို့ ဦးစိုးသူရထွန်း က ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း မြို့နယ်က တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကြောင့် ဒေသခံတွေ ကျန်းမာရေး ထိခိုက်လာတာကို ထောက်ပြပြီး ကန့်ကွက်နေကြပါတယ်။

"အခုလည်း ဆက်လုပ်လာမယ့်ဟာကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်သွားဖို့ ရှိတယ်”

တီကျစ်ဓာတ်အားပေးစက်ရုံကထွက်တဲ့ ကျောက်မီးသွေးအမှုန်တွေကြောင့် ဒေသခံတွေဟာ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားရောဂါနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ပျက်တာမျိုး ခံစား ခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ကျောက်မီးသွေးလုပ်ငန်းက စွန့်ပစ်တဲ့ မြေစာပုံတွေနဲ့ စွန့်ပစ်ဓာတုရည်တွေကြောင့်လည်း မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာတယ်လို့ ဖော်ပြပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဒေသခံတွေရဲ့ စိုက်ပျိုးမြေတွေပါ ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါကြောင့် နောက်ထပ် အစီအစဉ်တွေ ထပ်လုပ်လာရင် ပြင်းပြင်းထန်ထန် ကန့်ကွက် သွားမယ်လို့ အမည်မဖော်လိုတဲ့ ရှမ်းပြည်နယ်ထဲက သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီတပ် အနေနဲ့ကတော့ သူတို့ကတော့ ဒီလျှပ်စစ်မီး မလုံလောက်တာကို အကြောင်းပြပြီးတော့ လုပ်မှာပေါ့နော်။ ဒီကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကပေါ့နော် ဒါကိုလည်း အရင်ကတည်းကနေ သူတို့ လုပ်ခဲ့ပြီးသားတွေ ရှိတယ်။ ကျွန်မတို့ ဘားအံ၊ ပြီးတော့ ဒီတီကျစ်ပေါ့နော် ဒေသခံတွေလည်း အမြဲတမ်း ကန့်ကွက်ခဲ့တယ်။ ကျွန်မတို့အနေနဲ့လည်း အရင်ကတည်းက ကန့်ကွက်တယ်။ အခုလည်း ဆက်လုပ်လာမယ့်ဟာကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်သွားဖို့ ရှိတယ်”

တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကြောင့် ဒေသခံတွေ ထိခိုက်ခဲ့တာကို သာဓကထားပြီး ဘာစီမံကိန်းပဲလုပ်လုပ် ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ လူမှုဘ၀ကို မထိခိုက်အောင်လုပ်ဖို့က အရေးအကြီးဆုံးပဲ လို့လည်း သူက ဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ် ကျောက်မီးသွေးစက်ရုံနှင့် ကျောက်မီးသွေးမိုင်းကို အပြီးပိတ်ပေးဖို့ တီကျစ်ဒေသတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၆ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။ (Photo: Aung Kyaw Moe)
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ် ကျောက်မီးသွေးစက်ရုံနှင့် ကျောက်မီးသွေးမိုင်းကို အပြီးပိတ်ပေးဖို့ တီကျစ်ဒေသတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၆ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။ (Photo: Aung Kyaw Moe)

ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ လျှပ်စစ် ပြဿနာကို အရေးပေါ်ဖြေရှင်း ဖို့ ကြိုးစားတာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုပြီး ဝိုင်းအော်နေရင်တော့ ကျောက်ခေတ် လူသားလို အမှောင်ထဲမှာပဲ ထိုင်နေတော့လို့ ပြောပါတယ်။

“အင်မတန်မှ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းပါတယ်ဆိုတဲ့ ဒီဥရောပတိုက်လို ဒေသမျိုးမှာ နောက်ဆုံး သန့်ရှင်းကျောက်မီးသွေးစွမ်းအင် ဆိုတဲ့အပိုင်းကို ဒီနည်းလမ်းသုံးပြီးတော့ ထုတ်နေကြတာပဲ။ အဓိကက ဆောက်လုပ်တဲ့စရိတ် အရမ်းနည်းတယ်။ ရှိတဲ့အရင်းအမြစ်ကို သုံးပြီးတော့ နိုင်ငံမှာ လိုအပ်နေတဲ့ လိုအပ်ချက်ကို ဖြည့်မယ်၊ ပြီးရင် သူနဲ့ဆက်စပ်နေတဲ့ စက်မှုလုပ်ငန်းတွေ လုပ်မယ်။ အဲဒီအပေါ်က အကျိုးအမြတ်ရသွားပြီးလို့ ကျွန်တော်တို့နိုင်ငံ ချမ်းသာသွားပြီဆိုရင် ခုနပြောတဲ့ ဒီပတ်ဝန်းကျင်ကို ပြန်ထိန်းတဲ့ဟာ သွားလုပ်လို့ ရတယ်။ တစ်ချိန်လုံး ထိုင်ပြီးတော့ သဘာ၀ ဘာညာဆိုပြီး တစ်ချိန်လုံး အော်နေရင်တော့ ကျွန်တော်တို့က ကျောက်ခေတ်လူသားတွေလို အမှောင်ထဲမှာ ထိုင်နေရမယ်"

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ဟာ ကာဇက်စတန်နိုင်ငံ မြို့တော် Astana မှာရှိတဲ့ ကျောက်မီးသွေးနဲ့ သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံက လျှပ်စစ် ဓာတ်အားထုတ်လုပ်နေတဲ့ အခြေအနေကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့ပါတယ်။

ကျောက်မီးသွေးနဲ့ တခြားစွမ်းအင်အရင်းအမြစ်ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာ နည်းပညာနဲ့ ရင်းနှီးမြုပ်နှံမှုတွေ လိုအပ်တာကြောင့် နည်းလမ်းရှာနေပြီး ရင်းနှီးတဲ့ မိတ်ဖက်နိုင်ငံတွေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ကိုလည်း အဲဒီဖိုရမ်မှာ ဖိတ်ခေါ်ခဲ့ပါတယ်။

မြန်မာ့စွမ်းအင်ကဏ္ဍ လေ့လာသုံးသပ်သူ တစ်ဦးကတော့ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်ဖို့ ကြိုး စားတာက လက်ရှိကြုံနေရတဲ့ လျှပ်စစ်ပြဿနာအတွက် ရေတိုဖြေရှင်းချက် ဖြစ်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အရင်ကာလတွေကတည်းက ဒီစွမ်းအင်ကဏ္ဍကို NLD လက်ထက်မှာလည်း ရေအားလျှပ်စစ် တစ်ခုတည်းနဲ့ မလုံလောက်တဲ့အတွက်ကြောင့်မို့ ရေအား လျှပ်စစ်ကို ထပ်ချဲ့မယ်၊ ဆောက်ခဲ့မယ်ဆိုတဲ့ အရင်က စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ကြိုးစားတယ်။ ဒီရေအားလျှပ်စစ်သည် ရေတိုအတွင်းမှာ ဒီလိုအပ်နေတဲ့ စွမ်းအင်ကဏ္ဍကို ချက်ချင်း ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး၊ ဒီရေတိုကာလအတွင်းမှာ။ အဲတော့ အဖြေသည် နှစ်ခုပဲ ရှိတယ်။ ခုနကပြောတဲ့ သဘာ၀ဓာတ်ငွေ့ တွေ ထုတ်ပြီးတော့မှ လိုအပ်တဲ့ စွမ်းအင်ကိုဖြည့်တာ။ နောက်တစ်ခု ရေတိုသည် ကျောက်မီးသွေးစက်ရုံတွေ ဆောက်ပြီးတော့မှဖြည့်တာ ဆိုတဲ့ဟာမျိုးပေါ့နော်”

ကျောက်မီးသွေးဆိုတာ ဘယ်အစိုးရတက်တက် ဘယ်တော့မှ သန့်စင်နိုင်တဲ့အခြေအနေ မရှိတာကြောင့် နည်းပညာ၊ ကုန်ကျစရိတ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားတာနဲ့ ရလာတဲ့လျှပ်စစ်က မကာမိနိုင်ဘူး လို့လည်း သူက ထောက်ပြပါတယ်။

နောက်ထပ် ရှမ်းပြည်နယ်က သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူတစ်ဦးကလည်း စီမံကိန်းတွေလုပ်ကိုင်ရာမှာ ဥပဒေပြဋ္ဌာန်းချက်၊ လုပ်ထုံးလုပ်နည်းတွေကို အာဏာပိုင်တွေ ကိုယ်တိုင်က လေးစားလိုက်နာမှု မရှိသရွေ့ ပြည်သူတွေ ဒုက္ခရောက်နေဦးမယ်လို့ RFA ကို ပြောပါတယ်။

“အဓိကက အစိုးရ နှစ်ဆက်စလုံးပေါ့နော်၊ ဒါအရပ်သားအစိုးရ လက်ထက်ပါလို့ ပြောခဲ့တာတောင်မှ သူတို့ကိုယ်တိုင်က သူတို့ပြဋ္ဌာန်းထားတဲ့ ဥပဒေကို အစိုးရ ကိုယ်တိုင်က လေးစားလိုက်နာတာ တစ်ခုမှ မရှိခဲ့ဘူး။ စီမံကိန်းတွေလုပ်တိုင်း လေးစားလိုက်နာခဲ့တာ ဥပဒေတွေ၊ ပြဋ္ဌာန်းချက်တွေ၊ နောက်ပြီး တော့ လုပ်ထုံး လုပ်နည်းတွေ လေးစားလိုက်နာခဲ့တာ တစ်ခုမှ မရှိဘူး။ အဲဒီအတွက် နောက်ထပ် ဘယ်နိုင်ငံကပဲလာလာ ဘယ်သူတွေပဲ လာလုပ်လုပ် ဒီဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ပြဋ္ဌာန်းချက်တွေ အားလုံးကို လေးစား လိုက်နာမှု မရှိသရွေ့ကတော့ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူတွေက ဒုက္ခရောက်နေဦးမှာပဲ”

ကမ္ဘာ့ဘဏ်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလှည့်ကျ မီးပေးစနစ် အသုံးပြုနေရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် စွမ်းအင်ကဏ္ဍ ဆိုးဆိုးရွားရွား ထိခိုက်ပြီး ရေတိုနဲ့ လွယ်လွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ၂ဝ၂၃ - ၂၄ ခုနှစ် ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေမှာ လျှပ်စစ်စွမ်းအား အတွက် အသုံးစရိတ်ကျပ်ငွေ ၆၈၂ ဘီလီယံနဲ့ စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်ကျပ်ငွေ ၁၃ ဘီလီယံကျော် သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ လက်ရှိမှာ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုတောင် ပြည့်မီအောင် ဖြည့်ဆည်းမပေးနိုင်သေးဘူးလို့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က လုပ်ခဲ့တဲ့ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဝန်ခံပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။