၂၀၂၀ အလွန် ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်ဖို့ ပါတီတချို့ လိုလားနေ

ဝေမာထွန်း
2020-05-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြည်တွင်းစစ်ရပ်စဲရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ စီးပွားရေးနဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ နိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ ပြဿနာရပ်မျိုးစုံကို တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ ကိုင်တွယ်ဖို့ ခက်တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ် ဖွဲ့စည်းပြီး အားလုံး ပူးပေါင်းဆောင်ရွက် နိုင်ဖို့ နိုင်ငံရေးပါတီ အတော်များများက လိုလားနေပါတယ်။

ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်မှသာ နိုင်ငံ့ရဲ့ ကောင်းမွန်တဲ့အရွေ့ဟာ လက်ရှိအခြေအနေထက် ပိုရှေ့ရောက်နိုင်မယ် လို့ ဒီမိုကရက်တစ် အင်အားစုတွေက ယူဆနေကြပါတယ်။

တစ်ပါတီအစိုးရတွေက မဖြေရှင်းနိုင်တဲ့ နိုင်ငံရေးပြဿနာတွေကို အမျိုးသားညီညွတ်ရေးအစိုးရကပဲ ဖြေရှင်းနိုင် မယ်လို့ ခိုင်ခိုင်မာမာယုံကြည်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

“၂၀၂၀ အလွန်မှာ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ လိုတယ်လို့ ကျွန်တော်တို့ကတော့ ခိုင်ခိုင်မာမာ ယုံကြည်တယ်။ ညွန့်ပေါင်းအစိုးရဆိုတဲ့ အတွေ့အကြုံမျိုး ကျွန်တော်တို့ ပြီးခဲ့တဲ့ ကာလမှာ မရှိခဲ့ဘူး။ တစ်ပါတီအစိုးရတွေကို တောက်လျှောက်ကြုံခဲ့ရတယ်။ တိုင်းပြည်ရဲ့ ပြဿနာက အဟောင်းတွေ မဖြေရှင်းနိုင် တဲ့အပြင် အသစ်တွေတောင် ထပ်ထပ်ပြီးထွက်လာတယ်။ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် ပါသင့် ပါထိုက်တဲ့ ပုဂ္ဂိုလ်များ အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ တစ်ရပ်သာလျှင် ဒီပြဿနာတွေကို ဝိုင်းဝန်းဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။”

ပြည်သူ့ပါတီအနေနဲ့ကတော့ ၂၀၂၀ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်နိုင်မှာမဟုတ်ဘဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေရဲ့ ကိန်းဂဏန်းအချက်အလက်တွေပေါ် မူတည်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးမူကို လက်ခံတယ်ဆိုတဲ့အထဲမှာ NLD ပါတီနဲ့ မဟာမိတ်ဆက်ဆံရေးရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီလည်း ပါဝင်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ညွန့်ပေါင်းအစိုးရ မဖွဲ့စည်းနိုင်ရင်တောင် တစ်ပါတီတည်းက မဲအပြတ်အသတ် နိုင်တာမျိုးထက် မဲရလဒ် ကွာဟချက်နည်းတဲ့ အတိုက်အခံပါတီတစ်ရပ် ပေါ်ထွက်လာဖို့ မျှော်လင့်တယ်လို့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“တစ်ပါတီတည်းကပဲ နိုင်ငံကို ဦးဆောင်ပြီး အရာရာကို ဆုံးဖြတ်တဲ့အခါမှာ သူ့မှာ အတိုက်အခံရယ်လို့ ပီပီပြင်ပြင် မရှိတဲ့အတွက်ကြောင့်မို့လို့ လူထုရဲ့ ဆန္ဒနဲ့ ကင်းကွာသွားတာတွေ အများကြီး တွေ့ရတာပေါ့နော်။ အဲလိုမျိုး မဖြစ်အောင် ညွန့်ပေါင်းအစိုးရလိုမျိုးကို ကျွန်တော်တို့ ဖွဲ့စည်းနိုင်မယ်၊ ပီပြင်တဲ့ အတိုက်အခံ တစ်ခုရှိအောင် လုပ်ဆောင်နိုင်မယ်ဆိုရင် လမ်းကြောင်းက ပိုပြီးတည့်မတ်သွားနိုင်မယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော် တို့လည်း အဲဒီသဘောတရားကို လက်ခံပါတယ်ခင်ဗျ။”

လက်ရှိ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံရေးပါတီ ၁၄ ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း အရေအတွက် ၆၅၀ ကျော် ရှိပါတယ်။

NLD ပါတီက ၅၈ ရာခိုင်နှုန်းကျော်နဲ့ ကိုယ်စားလှယ် အများဆုံးဖြစ်ပြီး တပ်မတော်က ၂၅ ရာခိုင်နှုန်း၊ USDP က ၆ ရာခိုင်နှုန်းကျော်၊ ရခိုင်အမျိုးသားပါတီက ၃ ရာခိုင်နှုန်းကျော်၊ SNLD က ၂ ရာခိုင်နှုန်းကျော်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁ ရာခိုင်နှုန်းကျော်နဲ့ ကျန် ၁၀ ပါတီကတော့ ၁ ရာခိုင်နှုန်းတောင်မပြည့်တဲ့ အရေအတွက်နဲ့ လွှတ်တော်ထဲမှာ ရှိနေတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်ရသလို သမ္မတကပဲ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ရွေးချယ်ခန့်အပ်တာဖြစ်လို့ ပြည်ထောင်စု လွှတ်တော်မှာ ပါတီတွေရဲ့ ကိုယ်စားလှယ် ပါဝင်မှု ရာခိုင်နှုန်းဟာ အစိုးရအဖွဲ့  ဖွဲစည်းရေးအတွက် အဓိကအချက် ဖြစ်နေပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးလို ဥပဒေကြမ်းတစ်ခုကို တင်သွင်းနိုင်ဖို့ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ သဘောတူလက်မှတ်ရှိမှ ဖြစ်နိုင်တာမို့ ကိုယ့်ပါတီက ကိုယ်စားလှယ်တွေ ၂၀ ရာခိုင်နှုန်းထက် မနည်း ပြည်ထောင်စုလွှတ်တော်ထဲရောက်ဖို့ကလည်း ပါတီအသီးသီးအတွက် အရေးကြီးလှပါတယ်။

လွှတ်တော်တွင်း ကိုယ်စားလှယ် အနည်းငယ်သာ ပါဝင်ခွင့်ရတဲ့ ပါတီတွေက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးမူကို လိုလားနေချိန်မှာ အစိုးရ ဖွဲ့စည်းဆောင်ရွက်ခဲ့ဖူးတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ကတော့ ဒီမူနဲ့ ပတ်သက်လို့ ယတိပြတ် ပြောတာမရှိပါဘူး။

“ညွန့်ပေါင်းဖွဲ့လိုက်မယ်ဆိုရင်တော့ အားလုံး ပါဝင်လာမှာဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခုအထိတော့ ကျေနပ်ကောင်း ကျေနပ်ကြလိမ့်မှာပေါ့လေ။ သို့သော် Background အသီးသီးက ပါလာတဲ့ ပုဂ္ဂိုလ်တွေက တိုင်းပြည်နဲ့ လူမျိုးမျက်နှာကိုပဲ ကြည့်ပြီး သဘောထားကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ ကောင်းတာပေါ့။ ငါ့ပါတီက ဒီမူဝါဒ ရှိလို့မလုပ်နိုင်ဘူး။ ငါ့တိုင်းရင်းသားတွေကတော့ ဒီသဘောထားရှိလို့ မလုပ်နိုင်ဘူးဆိုပြီး သဘောထားမကြီးဘဲ အစွဲတွေပါလာရင်တော့ ရန်ဖြစ်နေရင်းနဲ့ တိုင်းပြည်ရဲ့ အနာဂတ်က ရှေ့ရောက်မှာ မဟုတ်ဘူး။”

USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် ပြောသွားတာပါ။

NLD ကတော့ ၁၉၉၀ ရွေးကောက်ပွဲကစလို့ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးမူ မရှိသေးဘူးလို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် မုံရွာ အောင်ရှင်က ပြောပါတယ်။

“လောလောဆယ်ပြောရရင်တော့ NLD မှာ ညွန့်ပေါင်းအစိုးရဆိုတဲ့မူက လက်ရှိအထိတော့ မရှိသေးဘူး။ ရွေးကောက်ပွဲမှာ NLD က တစ်လျှောက်လုံးပဲ ၉၀ ခုနှစ်ကတည်းက သူနိုင်ကိုယ်နိုင် အပြိုင်ဘဲ ပြိုင်ကြတာပဲ။ ရွေးကောက်ပွဲ ပြီးတဲ့အခါကျတော့လည်း လွှတ်တော်ထဲမှာ ညီနောင်ပါတီတွေနဲ့ လုပ်လို့ရတာတွေ ဆက်ပြီးတော့ လုပ်နေကြတာပဲ။ အဲဒီအစဉ်အလာပဲရှိတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိနေသမျှ NLD က ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ မူဝါဒ ရှိနိုင်မှာ မဟုတ်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း (မိတ္ထီလာ) က သုံးသပ်ပါတယ်။

"၂၀၀၈ ဖွဲ့စည်းပုံအရ ၂၅ ရာခိုင်နှုန်းရှိနေလို့ရှိရင် ပြည်နယ်တွေမှာ ဘယ်နည်းနဲ့မှ ညွန့်ပေါင်းအစိုးရဆိုတာ ပေးလို့မရတဲ့ အနေအထားမျိုး။ အဲလိုလုပ်ရင် ဒီမိုကရက်တစ် လမ်းကြောင်းမှာ အများကြီး အားနည်းချက်ရှိမယ် တစ်ချက်၊ အရင် အာဏာရပါတီနဲ့ ညွန့်ပေါင်းအုပ်စုနဲ့ သွားပြီး တွဲမိတဲ့အခါ ဒီမိုကရက်တစ် လမ်းကြောင်းကိုများ အနှောက်အယှက် ဖြစ်သွားမလားဆိုတဲ့ အပိုင်းတွေလည်း စိုးရိမ်ချက်ရှိကောင်းရှိနိုင်တယ်။”

၂၀၂၀ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလထဲမှာ ကျင်းပနိုင်ချေ ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပါတယ်။ ရွေးကောက်ပွဲပြီးနောက် အစိုးရဖွဲ့စည်းရေးမှာ အပြောင်းအလဲတွေ ရှိလာမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ဦးကိုကိုကြီးပြောသလို မြန်မာပြည်မှာ ညွန့်ပေါင်းအစိုးရအတွေ့အကြုံ မရှိသေးတာမှန်သော်လည်း၊ ညွန့်ပေါင်းအစိုးရပေါ်လာရင် တိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မယ်ဆိုတာတော့ ယုံနိုင်စရာမရှိပါဘူး။ နိုင်ငံရေးပါတီတစ်ခုအတွင်းမှာ၊ အုပ်စုပေါင်းစုံ ရောစပ်ပါဝင်နေတတ်ကြပါတယ်။ လက်ရှိအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ၊ မျိုးချစ်စစ်မှုထမ်းဟောင်းများအုပ်စု၊ စာပေအနုပညာသမားများအုပ်စု၊ နိုင်ငံရေးသမားဟောင်းများအုပ်စုတွေ စုပေါင်းဖွဲ့စည်းထားခဲ့တာပါ။ နောက်ပိုင်းမှာ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးဦးဆောင်တဲ့အုပ်စုနဲ့ ကျန်သူများလမ်းစဉ်ကွဲလွဲကြပြီး လမ်းခွဲခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်အတွင်းမှာ အာဏာရဖဆပလပါတီနှစ်ခြမ်းကွဲခဲ့ပါတယ်။ နောက်ရွေးကောက်ပွဲအနိုင်ရပထစအစိုးရအဖွဲ့ထဲမှာ ဦး၊ ဗိုလ်၊ သခင်ကွဲခဲ့ပါတယ်။ တစ်ပါတီထဲမှာတောင်ညီညွတ်မှုမရှိတဲ့လူတွေ၊ မတူတဲ့ပါတီတွေပူးပေါင်းရင် ကောင်းလာမတဲ့လား။ အဓိကပြဿနာက အလွန်စိတ်ဓါတ်ညံ့ဖျင်းပြီး၊ ယုတ်မာကောက်ကျစ် ကိုယ်ကျိုးရှာတတ်တဲ့ လူမျိုးရဲ့ ဉာဉ်ကြောင့် တိုင်းပြည်မှာ ကသောင်းကနင်းဖြစ်နေရတာပါ။ စစ်တပ်ကအုပ်ချုပ်တော့လည်း ထူးမခြားနား ဖေါက်ပြန်ရေးသမားတွေသာ များခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလိုလားသူအနေနဲ့ ကမ္ဘာကအားပေးအားမြှောက်လုပ်ပြီး၊ အမေရိကန်ဦးဆောင်တဲ့အနောက်နိုင်ငံအစိုးရတွေက စစ်အစိုးရကိုဖါယ်ရှားကာ အာဏာရလာအောင်ကူညီပေးခဲ့သူရှိခဲ့ပါတယ်။ တစ်နှစ် နှစ်နှစ်ကြာတော့ လူ့အခွင့်အရေးချိုးဖေါက်ပြီး၊ သူမတူအောင် အရှက်ကင်းမဲ့စွာ ဖေါက်ပြန်သူအဖြစ် သူ့ကို ကမ္ဘာကရှုံ့ချပြစ်တင်ကဲ့ရဲ့နေကြတယ်မဟုတ်ပါလား။ မြန်မာပြည်ရဲ့သမိုင်းကိုကြည့်ရင် မဟုတ်မမှန်တာတွေကို လိမ်ညာမှတ်တမ်းတင်ပြီး၊ မရှိတာကိုအရှိလုပ်နေကြတဲ့အတွက် ကမ္ဘာမှာအညံ့ဆုံးတိုင်းပြည်တစ်ပြည်ဖြစ်နေခဲ့ရပါတယ်။ ဒီစိတ်ဓါတ်တွေကိုမပြင်သမျှ၊ ဘယ်လိုအစိုးရမျိုးတက်တက် ဖွတ်တက်တာထက်မွဲပြာကျမယ့်နိုင်ငံဆက်ဖြစ်နေဦးမှာပါ။

May 12, 2020 02:57 PM

ဆိုက်တခုလုံးသို့