စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုရှိနေကြောင်း စစ်ကောင်စီ ဝန်ခံ
2025.01.31
စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ပတ်သက်ပြီး ခရိုင်၊ မြို့နယ်နဲ့ ရပ်ကျေးအဆင့်တွေမှာ ငွေတောင်းခံတာ အပါအဝင် အားနည်းချက်တွေရှိနေတယ်လို့ စစ်ကောင်စီဘက်က ဝန်ခံထားပြီး မမှန်မကန် ဆောင်ရွက်တာ၊ မတရား ဆောင်ရွက်တာတွေကို ထိရောက်စွာ အရေးယူဖို့လိုတယ်လို့ ပြောထားပါတယ်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာလို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဖော်ပြထားတာပါ။
ဒါပေမဲ့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနဲ့ ပဲခူး အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ စစ်မှုထမ်း လူစားထိုးငှားရမ်းဖို့ဆိုပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက လစဉ် ငွေကျပ်သောင်းနဲ့ချီ တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငွေကြေးတောင်းယူနေပေမဲ့ စစ်သားလိုအပ်ချက်များနေတာကြောင့် စစ်ကောင်စီဘက်က လက်ခံနေတယ်လို့ နိုင်ငံရေးလေ့လာသူတချို့နဲ့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစပြီး လူစားထိုးဖို့ တစ်အိမ်ကို ငွေကျပ်ငါးသောင်းကနေ ကျပ်သုံးသိန်းအထိ လစဉ်တောင်းယူနေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ပြင်ဦးလွင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"တစ်လကို ငါးသောင်း၊ ငါးသောင်း ပေးခဲ့တာ ခြောက်လရှိပြီဗျ။ အခုလည်း ပေးနေရတယ်။ အဲဒီ ကျွန်တော်တို့နားက နည်းနည်း ချမ်းသာတဲ့ အိမ်တွေပေါ့ဗျာ။ အဲဒီအိမ်တွေမှာဆိုရင် ယောက်ျားလေးနှစ်ယောက်ရှိတယ်။ တစ်ယောက်ကို တစ်သိန်းခွဲ တောင်းတယ်၊ တစ်လကို။ နှစ်ယောက်ကို သုံးသိန်း၊ သုံးသိန်း ပေးရတယ်။ ပထမတော့ မခံမရပ်ဖြစ်တာပေါ့။ နောက်ပိုင်းကျတော့လည်း ကိုယ့်မြို့တစ်မြို့တည်း မဟုတ်ဘူး။ နောက် ဘာမှလည်း မတတ်နိုင်ဘူး။ ဘယ်မှလည်း၊ ဘယ်သူ့မှလည်း ကူရာကယ်ရာမဲ့နေတဲ့ ပုံစံဖြစ်နေတယ်။ ဘာမှလည်းတိုင်လို့မရဘူးဆိုတော့ ကြိတ်မှိတ်ပြီးတော့ပဲ ဒီလိုပဲ ပေးရတာပေါ့ဗျာ"
"ဘာမှလည်း တိုင်လို့မရဘူးဆိုတော့ ကြိတ်မှိတ်ပြီးတော့ပဲ ဒီလိုပဲ ပေးရတာပေါ့ဗျာ"
ငွေကြေးကောက်ခံနေပေမဲ့ လူငှားရမ်းထည့်တာမျိုးမဟုတ်ဘဲ ညပိုင်းအပြင်ထွက်တဲ့ လူငယ်တွေကို ဖမ်းဆီးတာ၊ ပြစ်မှုကျူးလွန်သူတွေကို စစ်မှုထမ်းဖို့ လူစားထိုးတာမျိုးသာ လုပ်နေတယ်လို့ ပြင်ဦးလွင်မြို့ခံတွေက ဆိုပါတယ်။
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က စစ်မှုထမ်းအကျုံးဝင်သူတွေလည်း ၂၀၂၄ ခုနှစ်၊ မေလကစလို့ အစားထိုးဖို့ဆိုပြီး တစ်လ ငွေကျပ်နှစ်သောင်း ပေးနေရတယ်လို့ သားသမီးနှစ်ဦးစလုံး စစ်မှုထမ်းစာရင်းပါနေတဲ့ ခရမ်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ အိမ်ထောင်စုတစ်စုတည်းမှာ ဆရာရယ်၊ သူတို့သတ်မှတ်ထားတဲ့ အသက်အတွင်းမှာ ကလေး တစ်ယောက်ရှိရင် နှစ်သောင်း၊ နှစ်ယောက်ရှိရင် လေးသောင်းပေါ့လေ။ သုံးယောက်ရှိရင်တော့ သူတို့ငါးသောင်းပဲ ယူတယ်။ အရင်တုန်းကတော့ အမျိုးသားဦးရေကိုပဲ သူတို့ကောက်တာဆရာ။ အခုတော့လေ သူတို့က ဘာလဲ မိန်းကလေးတွေပါ အရေအတွက်ထဲမှာ ထည့်ပေါင်းမှာပေါ့လေ။ ဘယ်လိုပြောမလဲ။ ကိုယ့်မှာ ချွေတာစားပြီးတော့ မရှိရှိတာ ရှာကြံပေးနေရတဲ့ဘဝတွေ ရောက်နေတာပေါ့ ဒီအချိန်ကတော့”
စစ်မှုထမ်းအတွက် အမျိုးသမီးတွေကိုပါ စာရင်းကောက်ယူနေတယ်ဆိုတာဟာ မမှန်ဘူးလို့ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့က စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကနေ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ခရမ်းမြို့နယ်ထဲက စစ်မှုထမ်းအကျုံးဝင်တဲ့ အမျိုးသမီးတစ်ဦးကို ဖေဖော်ဝါရီလကစပြီး တစ်လ ကျပ်နှစ်သောင်း စကောက်မဲ့အကြောင်း ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက ပြောထားတယ်လို့ ခရမ်းမြို့ခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အောင်သာယာရွာမှာလည်း စစ်မှုထမ်းအပတ်စဉ် (၁) အတွက် မဲနှိုက်ပြီးနောက်ပိုင်း အစားထိုးဖို့ဆိုပြီး တစ်အိမ်ကို ကျပ်နှစ်သောင်းခွဲ လစဉ်ကောက်ခံနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အောင်သာယာရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
"အခု ငါတို့ရွာမှာကွာ။ တစ်လတစ်ခါ အခု ဆက်ကြေးတောင်းသလိုပဲ နှစ်သောင်းခွဲ။ အရင့်အရင် မဲပေါက်ထားတဲ့ကောင်တွေကျတော့လည်း စီနီယာနဲ့ မခေါ်နိုင်ဘူး။ စီနီယာနဲ့ မခေါ်နိုင်တဲ့အပြင် မဲပေါက်ထားတဲ့ကောင်ကလည်း လူကြီးထဲဝင်ရော၊ ဝင်ရောပြီးတော့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ဝင်လုပ်တဲ့ကောင်က လွတ်မြောက်၊ မလွတ်မြောက်တဲ့ကောင်က ထိုင်းပြေး၊ မလေးပြေးပေါ့ကွာ။ ရွာမှာ သူအို၊ သူနာတွေချည်းပဲ ရှိတဲ့အချိန်ကျတော့ အဲဒီမှာ လူတွေဝယ်ရတယ်ဆိုပြီးတော့ တစ်လကို နှစ်သောင်းခွဲ နှစ်သောင်းခွဲချည်းပဲ ခွဲနေတာ လတိုင်းလတိုင်း ခွဲနေတာ"
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်က ကျေးရွာတွေမှာလည်း စစ်မှုထမ်းအပတ်စဉ် (၁) ကစပြီး တစ်အိမ်ကို တစ်လ ငွေကျပ် တစ်သောင်းခွဲကနေ လေးသောင်းအထိ လစဉ်ပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်မှုထမ်းဥပဒေနဲ့မညီဘဲ ငွေကြေးတောင်းခံသူတွေကို အရေးယူထားကြောင်း စစ်ကောင်စီထုတ်ပြန်
စစ်မှုထမ်းကိစ္စ ပိုပြီးကြပ်မတ်မယ်လို့ စစ်ကောင်စီ ပြော
လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ဖမ်းပြီး စစ်မှုထမ်းဖို့ စုဆောင်းတဲ့ဖြစ်ရပ် ပိုများလာ
ဒါပေမဲ့ လာမဲ့ ဖေဖော်ဝါရီလကစပြီး ငွေကြေးမကောက်ခံတော့ဘဲ လူပဲရွေးချယ်တော့မှာကြောင့် စိုးရိမ်နေတယ်လို့ စစ်မှုထမ်းအကျုံးဝင်သူ သားနှစ်ဦးရဲ့ ဖခင် ဒိုက်ဦးဒေသခံက RFA ကို ပြောပါတယ်။
"ဒီလကျတော့ မကောက်တော့ဘူးတဲ့ အဲဒီလိုတော့ ပြောတယ်။ ရှိတဲ့လူခေါ်မယ်လို့တော့ သူတို့က အဲဒီလိုပဲ ခြိမ်းခြောက်မှု အဲဒီလိုပဲ ပြောတယ်လေ။ ဘေးနိုင်ငံနဲ့ ဖြစ်ခဲ့လို့ရှိရင် ကျွန်တော်ပြောတာက အကုန်လုံး မိသားစု တစ်အုပ်လုံး တိုက်ရင်တိုက်ရပါစေ။ အခုဥစ္စာက ကိုယ့်မှာလည်း ဘာမှလည်းဖြစ်တာမဟုတ်ဘူး။ ပြည်သူအချင်းချင်း၊ မိသားစုအချင်းချင်း ပြန်ပစ်ရတဲ့ အဲဒီ ပြန်သတ်ရမဲ့ အချိန်မျိုးကြီးကျတော့ ကျွန်တော်တို့လည်း ဘယ်လုပ်ချင်ပါ့မလဲ"
စစ်ကောင်စီဟာ စစ်သားလိုအပ်ချက်ကြောင့် အောက်ခြေဝန်ထမ်းတွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို သိပေမဲ့ လက်ခံနေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းက RFA ကိုပြောပါတယ်။
"အောက်ခြေမှာကျတော့ ကျွန်တော်တို့ သတင်းတွေကြားတာက လူဖမ်းတဲ့ကိစ္စတွေ၊ ငွေနဲ့ ပြန်ရွေးခိုင်းတဲ့ ကိစ္စတွေ၊ အဓမ္မလုပ်တာတွေ ဒါတွေရှိတယ်ဗျ။ အခုလက်ရှိမှာ စစ်ကောင်စီအနေနဲ့က တိုက်ပွဲစစ်မျက်နှာတွေက ကျယ်လာတယ်။ အဲဒီတော့ လူအင်အားလည်း လိုတဲ့အခါကျတော့ တချို့ကိစ္စတွေက သူက မျက်စိမှိတ်ပြီးတော့ လက်ခံနေတဲ့ပုံ ယူဆရတာပေါ့နော်။ အဲဒီ အနေအထားမှာပဲ ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဒီအောက်ခြေမှာကျတော့ ဂွင်ကြီးလိုဖြစ်နေတယ်လို့ ယူဆရတယ်"
စစ်ကောင်စီအနေနဲ့ အောက်ခြေဝန်ထမ်းတွေရဲ့ ပြည်သူတွေဆီက ငွေကြေးတောင်းခံမှုကို ပပျောက်အောင် ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ငွေကြေးတောင်းခံမှုအပေါ် တိုင်းနဲ့ ပြည်နယ်အလိုက် တိုင်ကြားမှုတွေရှိနေပြီး စိစစ်ဖော်ထုတ်နေတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ဒီပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ ငွေကြေးကောက်ခံမှု ကိစ္စတစ်ခုတည်းမဟုတ်ဘူး။ ဥပဒေမဲ့လုပ်ရပ်တွေရှိမယ် ဆရာ။ ရှိလာခဲ့ရင် ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့လည်း ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို တိတိကျကျလေး လိုအပ်တဲ့ အချက်အလက်လေးတွေကို သေသေချာချာ ရေးသားပြီးတော့လေ တိုင်ကြားပေးစေလိုပါတယ်။ သူတို့ တိုင်ကြားပြီးတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း အမြန်ဆုံးဖော်ထုတ်မှာလေ။ ဒီလိုမှပဲ ဒီကိစ္စလေးတွေက ပပျောက်သွားမှာလေဆရာ"
ဇန်နဝါရီလ ၂၇ ရက်နေ့က ရွှေဘိုမြို့မှာ ဧည့်စာရင်းမတိုင်တဲ့ လူငယ်တစ်ဦးကို စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ငွေကျပ်သိန်း ၁၃၀ တောင်းယူခဲ့တဲ့ မြို့နယ်ရဲမှူး သန်းဇော်၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးက အငယ်တန်းစာရေး သူရိန်ညွန့်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အကြီးတန်းစာရေး ကျော်ခိုင်လတ်တို့ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာပါ။
ဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အကြား အမျိုးသားရော အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား အမျိုးသမီးများပါ စစ်မှုထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
လက်ရှိ စစ်မှုထမ်းအပတ်စဉ် (၈) ခုအထိပြီးစီးခဲ့ပြီး အပတ်စဉ် (၉) ကိုရောက်ရှိနေပြီဖြစ်တာကြောင့် လူပေါင်း ၄၅၀၀၀ စစ်မှုထမ်းသင်တန်းမှာ ပါဝင်နေပြီလို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြောပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်မှုထမ်းအပတ်စဉ် (၁) ကနေ အပတ်စဉ် (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁၀၀၀) ရှိခဲ့ပါတယ်။