အဓမ္မစစ်သားစုဆောင်းမှုကြောင့် ထိခိုက်နေသူတွေကို ကူညီမယ်လို့ NUG ပြော
2024.03.30
စစ်မှုမထမ်းမနေရဥပဒေနဲ့ ပထမအကြိမ်စစ်သင်တန်းကို စစ်ကောင်စီက စတင်ခေါ်ပြီးနောက်နေ့ မတ်လ ၃၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အဓမ္မစစ်သားစုဆောင်းမှုကြောင့် ထိခိုက်နေသူတွေကို ကူညီပေးနေပြီလို့ ကြေညာလာတာပါ။
ပြည်သူ့ရေးရာဝန်ဆောင်မှုဆိုတဲ့ တယ်လီဂရန်ချန်နယ်ဖွင့်ပြီး ဝန်ဆောင်မှုစပေးနေကြောင်းနဲ့ ပြည်သူတွေအနေနဲ့ အဲ့ဒီချန်နယ်ကနေ NUG ထံ ဆက်သွယ်မေးမြန်း အကြံဉာဏ်တောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
လွတ်မြောက်နယ်မြေတွေကို တိမ်းရှောင်လိုသူတွေကို တိုင်းရင်းသားအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက် ပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“လွတ်မြောက်နယ်မြေကို တိမ်းရှောင်ချင်တဲ့သူတွေနဲ့ ပတ်သက်ပြီးလောလောဆယ် စာရင်းမှတ်ထားပြီး သိပ်မကြာခင်မှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံပြီးညှိနှိုင်းဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျ။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအခြေအနေတွေက လက်ခံနိုင်မှုအခြေအနေ၊ သူတို့စီစဉ်ထားတဲ့ အစီအစဉ်တွေနဲ့ ကျွန်တော်တို့ NUG နဲ့ချိတ်ဆက်ပြီး လမ်းကြောင်းကူညီပေးတာတွေ ဒါတွေလုပ်ဆောင်သွားမှာပါခင်ဗျ။”
တယ်လီဂရန်ချန်နယ်ဖွင့်လှစ်ပြီးနောက် ၆ နာရီအတွင်း အယောက်နှစ်ထောင် ချိတ်ဆက်ခဲ့တယ်လို့ သူကပြောပါတယ်။ နေ့စဉ် မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ NUG ရဲ့ ပြည်သူ့ရေးရာ တယ်လီဂရန်ချန်နယ်ကနေ ဝန်ဆောင်မှုပေးသွားမယ်လို့ ကြေညာထားပါတယ်။
ဆက်သွယ်လာသူတွေကို အကြံဉာဏ်ပေးတာအပြင် NUG ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးမယ်လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။
ဒီအတောအတွင်း စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေနဲ့ အဓမ္မ စစ်သားစုဆောင်းနေတဲ့အပေါ် NUG ဘက်က တုံ့ပြန်ဆောင်ရွက်တာတွေ နှေးကွေးတယ်လို့ ဝေဖန်သံတွေထွက်နေပေမယ့် မနေ့က NUG က စတင်ကူညီနေပြီလို့ ကြေညာတဲ့အပေါ်မှာလည်း ကြိုဆိုမှုတွေရှိနေပါတယ်။
“ကောင်းတဲ့လုပ်ငန်းဆိုတာ နောက်ကျတယ်ဆိုတာမရှိဘူး။ ဒါက မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်။ ပြည်သူတွေကို တက်နိုင်သမျှကူညီရမယ်။ စောင့်ရှောက်ရမယ်။ အဲ့လိုလုပ်ပေးတာဟာ အစိုးရအင်္ဂါရပ်ညီတာပေါ့။ အဓိကတော့ စစ်အနိုင်တိုက်ဖို့အတွက်ကို ဒီလိုအခွင့်အရေးကြီးပေါ်နေတဲ့အခါမှာ ရန်သူက အသုံးချသလို ကိုယ်ကလည်း ကိုယ့်စစ်အနိုင်တိုက်ရေးမှာ အသုံးချနိုင်ဖို့ အသုံးပြုနိုင်ဖို့လိုတယ်။”
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ရဲ့ သဘောထားကို ကြားခဲ့ရတာပါ။
စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးချလာတဲ့နောက်မှာ နိုင်ငံသားလို့ အသိအမှတ်မပြုထားတဲ့ ရိုဟင်ဂျာတွေကိုလည်း ထည့်သွင်းပြီး စစ်မှုထမ်းခိုင်းတာတွေရှိလာနေပါတယ်။ NUG က ကူညီတဲ့အခါ ရိုဟင်ဂျာတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်ရမယ်ဆိုတာထက် မြန်မာပြည်တွင်းမှာ လုံလုံခြုံခြုံခိုလှုံခွင့်ရဖို့ လိုလားတယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။
“ကျွန်တော်တို့အတွက် အတင်းအဓမ္မ ဖိအားပေးပြီး ဖမ်းဆီးခံလိုက်ရသူတွေကို ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေးခိုလှုံဖို့ဆိုရင်တော့ ဒါကောင်းမွန်တဲ့ လမ်းကြောင်းလို့ မယူဆဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေဒီလိုပဲ ထွက်ပြေးခဲ့ရတယ်။ ခြောက်နှစ်၊ ခုနစ်နှစ်ရှိပြီ ပြန်လို့မရဘူးဆိုတော့ အဲ့ဒီ Option ကို ကျွန်တော်တို့ သိပ်ပြီးမကြိုက်ဘူး။ ဒီထဲမှာပဲ လုံလုံခြုံခြုံနဲ့ ခိုလှုံခွင့်ရမယ်ဆို စစ်တပ်ထဲဝင်စရာမလိုဘူး။ အဲ့ဒါကတော့ တော်တော်လေး အရေးကြီးတယ်။ ကျွန်တော်တို့ အဲ့ပုံစံမျိုးပဲ လိုချင်တယ်။”
အခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဧပြီလကုန်ပိုင်းကစလို့ တစ်ကြိမ်ကို လူငါးထောင်စီ စစ်မှုထမ်းဖို့ခေါ်မယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမယ့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေမှာ တစ်လစောပြီး မတ်လ ၂၉ ရက်နေ့ကစလို့ လူငယ်တွေကို စစ်သင်တန်းပေးဖို့ ခေါ်ယူခဲ့တာပါတယ်။
ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
စစ်မှုမထမ်းမနေရဥပဒေနဲ့ စစ်ကောင်စီဟာ စစ်သားစုဆောင်းပြီး လူသားဒိုင်းအဖြစ် စစ်မြေပြင်မှာ အသုံးချနိုင်သလို လာမယ့် ၂၀၂၅ မှာ ကျင်းပနိုင်ချေရှိတဲ့ ရွေးကောက်ပွဲမှာ လုံခြုံရေးအဖြစ် အသုံးချဖို့ ရည်ရွယ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပြုကြပါတယ်။