စစ်မှုထမ်းဥပဒေကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားတိုးလာ

RFA Burmese
2024.07.10
စစ်မှုထမ်းဥပဒေကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားတိုးလာ စစ်ရေးလေ့ကျင့်နေသည့် ရန်ကုန်တိုင်း စစ်ဒေသခွဲရဲ့ တပ်ရင်း ၅၁၀၁ တပ်ဖွဲ့ဝင်များ။
ရန်ကုန်တိုင်းစစ်ဒေသခွဲ

အာဏာသိမ်း စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်လိုက်ပြီးနောက်ပိုင်း လေးလကျော်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လူငယ်တွေ ဝင်ရောက်လာတာ ပိုများလာတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားဟာ နိုင်ငံရပ်ခြားထွက်ကြသလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီလည်း လူငယ်အများစု ဝင်ရောက်လာတာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အတည်ပြုပေမဲ့ အရေအတွက်အတိအကျကိုတော့ ထုတ်မပြောပါဘူး။

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက လူငယ်တွေ နည်းလမ်းပေါင်းစုံနဲ့ ပူးပေါင်းပါဝင်လာတာကြောင့် စစ်ကောင်စီကို တိုက်ခိုက်ရေးမှာ အထောက်အကူဖြစ်တယ်လို့ ပြောပါတယ်။

“စစ်မှုထမ်းဥပဒေက လက်နက်ကိုင်တော်လှန်ရေးတစ်ခုထဲကိုသာ အားကောင်းစေတာ မဟုတ်ပါဘူး။ ပြည်သူ့ စစ်မဟာဗျူဟာဖြစ်တဲ့ ကဏ္ဍပေါင်းစုံက ဆန့်ကျင်တော်လှန်ဖို့အတွက်မှာလည်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု ပိုပြီးတောင် အားကောင်းလာတယ်”

NUG ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ ဇွန် ၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ် ဝင်ရောက်လာတဲ့ လူငယ်တစ်ထောင်ခန့်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအဖြစ် စစ်သင်တန်းပေးထားတယ်လို့ ဆိုပါတယ်။

“ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်လာသူတွေကိုတော့ လတ်တလော အခြေခံစစ်သင်တန်းတွေ ပေးနေပါတယ်”

96 Soldiers (LPDF) ခေါင်းဆောင် ကိုဇေယျာလွင်ကတော့ စစ်မှုထမ်းဥပဒေကြောင့် အညာဒေသမှာရှိတဲ့ သူတို့တပ်ဖွဲ့ကို ဆက်သွယ်လာသူတွေထဲမှာ သုံးဆယ်ရာခိုင်နှုန်းခန့် တပ်သားသစ်အဖြစ် ဝင်ရောက်လာတယ်လို့ ပြောပါတယ်။

“သုံးဆယ်ရာခိုင်နှုန်းပဲ ရောက်တယ်ဆိုတာ နယ်မြေအနေအထားကြောင့်လည်း မူတည်ပါတယ်။ ကျွန်တော်တို့ အညာဒေသမှာ ဖြစ်တဲ့အတွက်ကြောင့် လာကြရတာ နည်းနည်းအခက်အခဲလေးတွေ ရှိတယ်”

ကာကွယ်ရေးတပ်တွေဆီ ဝင်ရောက်လာတဲ့ အမျိုးသားအများစုဟာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးနဲ့ ရန်ကုန်တိုင်းကဖြစ်ပြီး တက္ကသိုလ်ကျောင်းသား၊ ဘွဲ့ရတွေနဲ့ အခြေခံလူတန်းစားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: မုံရွာခရိုင် အမှတ်၄တပ်ရင်း _ Chindwin Attack Force)
မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: မုံရွာခရိုင် အမှတ်၄တပ်ရင်း _ Chindwin Attack Force)

စစ်မှုထမ်းဥပဒေကိုရှောင်တိမ်းပြီး စစ်ကိုင်းတိုင်းထဲက ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှာ စစ်သင်တန်းတက်နေတဲ့ ကိုချစ်ဦးက အမှန်တရားဘက်ကပဲ လက်နက်ကိုင်ရပ်တည်ချင်တယ်လို့ ပြောပါတယ်။

“ကာကွယ်ရေးတပ်တွေထဲ ဝင်လာတယ် ဆိုတာကလည်း ရှင်းရှင်းပြောရရင် လက်နက်ကိုင်တာချင်း အတူတူတော့ ကျွန်တော်တို့ အမှန်တရားဘက်ကနေ ကိုင်မယ်ပေါ့။ အမှန်တရားဘက်က မဟုတ်ရင် မကိုင်တော့ဘူး”

စစ်မှုထမ်းဥပဒေကြောင့် ကာကွယ်ရေးအဖွဲ့တွေမှာ ပုံမှန်ထက် အင်အားတိုးတာတွေရှိပေမဲ့ စစ်ကောင်စီရဲ့ လူသစ်စုဆောင်းခံလိုက်ရတဲ့ လူငယ်အင်အားကလည်း မနည်းပါဘူး။

96 Soldiers (LPDF) ခေါင်းဆောင် ကိုဇေယျာလွင်က “စစ်မှုထမ်းဥပဒေ အတည်ပြုခြင်းဟာ ကျွန်တော်တို့ဆီကိုရောက်လာတဲ့ ရဲဘော်ပမာဏက သူတို့ လူစုတာရဲ့ ငါးပုံတစ်ပုံစာလောက်ပဲရှိမယ် ထင်တယ်၊ ကျွန်တော်ထင်တာ”လို့ ပြောပါတယ်။

လက်ရှိ ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်လာသူတွေကိုတော့ လတ်တလော အခြေခံစစ်သင်တန်းတွေ ပေးနေတယ်လို့ သူက ပြောပါတယ်။

စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့နဲ့ ကရင်နီပြည်နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ RFA က ဆက်သွယ်မေးမြန်ရာမှာ စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက် တပ်သားသစ် ဝင်ရောက်လာတာတွေရှိပေမဲ့ စစ်ရေးကာလဖြစ်တာကြောင့် အရေအတွက်ကို ထုတ်ဖော်ပြောဆိုဖို့တော့ ငြင်းဆိုကြပါတယ်။ စစ်ကောင်စီ လွှမ်းမိုးမှုအားနည်းတဲ့ တိုင်းရင်းသားနယ်မြေအများစုမှာတော့ စစ်မှုထမ်းဥပဒေဟာ သက်ရောက်မှုမရှိဘူးလို့ ထောက်ပြကြပါတယ်။

“ကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးခဲ့တဲ့ အရေအတွက်ကိုတော့ စစ်ရေးလုံခြုံရေးကြောင့် ထုတ်ဖော်ပြောဆိုတာတော့ မရှိပါဘူး”

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ (CDM) ဗိုလ်ကြီး ညီသုတကလည်း တော်လှန်ရေးတပ်တွေမှာ တပ်သားအသစ်တွေ အင်အားပိုတိုးလာတာကြောင့် စစ်အာဏာရှင် တော်လှန်ရေးမှာ ပိုအားကောင်းလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“တပ်သားသစ်တွေ တပ်ဖွဲ့တွေမှာ ရာနဲ့ချီ ထောင်နဲ့ချီပြီး ရောက်လာတဲ့အတွက် ယခင် စီနီယာတွေကလည်း တစ်ဆင့်မြင့်တဲ့တာဝန်တွေကို ပိုပြီးထမ်းဆောင်လာနိုင်ဖို့ ရှိတော့။ ပြောရမယ်ဆိုရင် အရင်ကထက် ပိုပြီးတော့မှ ရလဒ်တွေ ပိုပြီးကောင်းလာနိုင်တဲ့ အနေအထားမျိုးဖြစ်တာပေါ့။ ဘာလို့ဆိုရင် အင်အားသည် အရင်ကထက် ပိုပြီးတိုးလာတဲ့အတွက်ကြောင့်”

စစ်တပ်ကနေ ပြည်သူ့ဘက် ကူးပြောင်းထားတဲ့ CDM တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ စာရင်းအရ စစ်မှုထမ်းဥပဒေကြေညာပြီးနောက် ဇွန်လကုန်အထိ သူတို့အဖွဲ့ဆီ ဆက်သွယ်အကူအညီတောင်းသူ နှစ်သောင်းကျော် ရှိပါတယ်။ အဲဒီထဲက တချို့တစ်ဝက်လောက်ကိုသာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပေးခဲ့တယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ဆိုပါတယ်။

ဒါပေမဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးခဲ့တဲ့ အရေအတွက်ကိုတော့ စစ်ရေးလုံခြုံရေးကြောင့် ထုတ်ဖော်ပြောဆိုတာတော့ မရှိပါဘူး။

တောင်ပိုင်းစစ်ဒေသ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: တောင်ပိုင်းစစ်ဒေသ)
တောင်ပိုင်းစစ်ဒေသ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: တောင်ပိုင်းစစ်ဒေသ)

အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်မှုထမ်းဥပဒေကြောင့် PDF တွေဆီ လူငယ်တွေ ဝင်ရောက်လာတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“PDF ဘက်ဝင်တယ်ဆိုတာက သူတို့ပြောနေကြလို့သာ ကြားနေရတာ ကျွန်တော်ကတော့ အဲဒါကို မယုံဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီဘက်မှာ ထိတ်လန့်စိုးရိမ်မှု (Panic) ကြောင့် PDF ကိုသွားတယ် ဆိုတာကတော့ သူတို့သာ ပြောနေတာ ကျွန်တော်ကတော့ လက်တွေ့မှာ မြင်လည်း မမြင်ဖူးဘူး သိလည်း မသိဘူး”

NUG နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက် စစ်ကောင်စီက စစ်သင်တန်းအပတ်စဥ် (၁) နဲ့ (၂) ကို ဖွင့်လှစ်ပြီးပါပြီ။ အဲဒီအပတ်စဥ်နှစ်ခုအတွက် စစ်ကောင်စီက လူဦးရေ ကိုးထောင်ခန့်စုဆောင်းခဲ့တယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) မေ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အခုတော့ စစ်သင်တန်း အပတ်စဥ် (၃) အတွက် စုဆောင်းထားတဲ့လူသစ်အားလုံး ဇွန် ၂၂ ရက်နေ့မှာ သက်ဆိုင်ရာ သင်တန်းကျောင်းတွေကို ရောက်နေပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီစုဆောင်းထားတဲ့ တပ်သားသစ်တွေဟာ မြေပြင်စစ်ပွဲမှာ အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“မတရား အဓမ္မနည်းနဲ့ ဆွဲသွင်းတဲ့အခါကျတော့ ဒါတွေက ကောင်းမွန်တဲ့သင်တန်းတွေနဲ့ ဆန္ဒအလျောက် ပါဝင်တာမဟုတ်တဲ့အတွက် ဆိုးဝါးတဲ့အကျိုးဆက်တွေ ပေါ်လာပါလိမ့်မယ်။ ဆိုလိုတာက တိုက်ပွဲထဲမှာ လွယ်လွယ်ကူကူနဲ့ လက်နက်ချကြတာ၊ တပ်ထဲက ထွက်ပြေးတာ စသဖြင့် အဲဒီလို စစ်တပ်တစ်တပ်ရဲ့ ပိုမိုပြီးတော့ ပြိုကွဲပျက်စီးလာတဲ့ အနေအထားကို သယ်ဆောင်လာမယ်လို့ ကျွန်တော်က ရေရှည်မှာမြင်ပါတယ်”

စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက် တစ်နှစ်ကို အနည်းဆုံး လူငါးသောင်းနှုန်း စစ်မှုထမ်းဖို့ ခေါ်ယူမယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကြေညာထားပါတယ်။

အဲဒီဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အကျုံးဝင်နေပြီး ပညာရှင်အမျိုးသားဆိုရင် အသက် ၄၅ နှစ်အထိ၊ ပညာရှင်အမျိုးသမီးဆိုရင် အသက် ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း နည်းလမ်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေဆီ ထွက်ခွာသွားသူတွေ မနည်းသလို တော်လှန်ရေး အင်အားစုတွေဆီ ခိုလှုံရင်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားနေကြသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။