တပ်ကိုယ်စားလှယ်လျှော့ချဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာမှာ NLD အကြံပြုထား


2019.07.16
myatnyanasoe-622.jpg ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၉ ဇူလိုင် ၁၆ ရက်နေ့က တင်ပြနေစဉ်
Photo: Pyidaungsu Hluttaw

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို လျော့ချဖို့၊ ပယ်ဖျက်ဖို့ အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး အဓိကသော့ ချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မဲမပါဘဲ ပြင်ဆင်ခွင့်ရဖို့ အချက်တွေ ပါဝင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်လိုတဲ့ အချက်ပေါင်း ၃၇၀၀ ကျော်ပါဝင်တဲ့ အစီရင်ခံစာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအပါအဝင် တိုင်းရင်းသားပါတီတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီထံ အကြံပြု တင်ပြထားတာတွေ ဖြစ်ပါတယ်။

အဲဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အကြံပြုတင်ပြချက် ၁၁၄ ချက်ကို တင်သွင်းခဲ့တာပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်မယ်ဆိုရင် လက်ရှိမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေပါ မဲပေးနိုင်ပြီး ၇၅ ရာခိုင်နှုန်းကျော်မှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

အဲဒီသတ်မှတ်ချက်အစား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ မပါဘဲ ရွေးကောက်ခံကိုယ်စားလှယ် သုံးပုံ နှစ်ပုံဖြစ်တဲ့ ၆၇ ရာခိုင်နှုန်းကို မဲပေးပြီး ပြင်ဆင်နိုင်ဖို့ NLD ပါတီက အကြံပြုထားပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ၂၀၁၉၊ ဇူလိုင် ၁၅ ရက်နေ့က ကျင်းပစဉ်

ဒါ့အပြင် လွှတ်တော်အတွင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုလျော့ချဖို့နဲ့ ပတ်သက်ပြီးလည်း လက်ရှိ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အဆင့် ၃ ဆင့်နဲ့ လျော့ချဖို့၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ်ဆိုတဲ့ ပုဒ်မ ၂၀ အပိုဒ်ခွဲ(ခ)ကို ပယ်ဖျက်ဖို့ NLD က အဆိုပြုထားတာဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိရမယ်လို့ လက်ရှိပြဌာန်း ထားတဲ့ ပုဒ်မ ၃၃၈ နဲ့ နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမယ် ဆိုသည့် ပုဒ်မ ၃၃၉ ကိုလည်း ပယ်ဖျက်ဖို့ NLD ကအဆိုပြုထားတယ်လို့ သိရပါတယ်။

NLD ပါတီက  ဖွဲ့စည်းပုံအခြေခံဥပဒေမှာ  နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအခန်းကလွဲလို့ ကျန်တဲ့ ကဏ္ဍ အကုန်လုံးမှာ ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်ဖို့ တင်သွင်းထားတာဖြစ်ပါတယ်။

တကယ့် ဥပဒေကြမ်းရေးဆွဲဖို့ ဆွေးနွေးရာမှာတော့ အခု အကြံပြုထားတဲ့ တပ်မတော်ကဏ္ဍကို လျော့ချဖို့ဆိုတဲ့ အချက်တွေမှာတော့ ပြင်ဆင်ဖို့ အခက်အခဲတွေရှိလာနိုင်တယ်လို့ NLD ပါတီက မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက အခုလိုပြောပါတယ်။

"ကျနော်တို့ဘက်က ၄၅ ဦးကော်မတီမှာလည်း အများစုရှိတဲ့အတွက် လိုချင်တဲ့အချက်တွေကိုတော့ ထည့် ပြီးရေးထားတာပေါ့၊ ပြင်ဆင်ချက်ထဲမှာပါတဲ့ အရေးကြီးတဲ့အချက်ဆိုတာက တပ်မတော်က ၅ နှစ်တစ်ကြိမ် ရာခိုင်နှုန်းလျော့လျော့ပြီးတော့ ဆုတ်သွားဖို့ပဲ၊ ဥပမာ လာမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ ၁၀ ရာ ခိုင်နှုန်းလျော့ပေးရမယ် ၁၅ ရာခိုင်နှုန်းပဲရှိတော့မယ်၊ နောက်တစ်ကြိမ်ဆို ၁၀ရာခိုင်နှုန်းပဲရှိတော့မယ်၊ ၂၀၃၁ နောက်ပိုင်းကြရင် ၅ ရာခိုင်နှုန်းပဲရှိတော့မယ်၊ အဲလို အရေးကြီးတဲ့အချက်ကတော့ ဖွဲ့စည်းပုံဘောင်အတွင်းက ပြင်မယ်ဆိုလို့ရှိရင် အကုန်လုံးရဲ့သဘောထားပါမှ ပြင်ဖို့လွယ်မယ်လို့ ထင်ပါတယ်"

တိုင်းရင်းသားပါတီတချို့ကတော့ လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အခန်းကဏ္ဍကို ပယ်ဖျက်ပေးဖို့ ခြေဥပြင်ရေးပူးပေါင်းကော်မတီကို အကြံပြုတာတွေလည်းရှိပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွှန့် ကsaikyawnyunt-350.jpg

"ဖွဲ့စည်းပုံမှာ အခက်အခဲအကျပ်အတည်းဖြစ်နေတာ တပ်မတော် သား ၂၅ ရာခိုင်နှုန်းပါနေတဲ့ကိစ္စ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပေါ့၊ ကျနော်တို့က ဒီမိုကရေစီ ပုံစံပြောင်းမယ်ဆိုရင်တော့ ဒီ ၂၅ ရာခိုင်နှုန်းကဏ္ဍကတော့ ဖြုတ်ပစ်ရမယ်၊ အဲဒါကတော့ အကြီးမားဆုံးအခက်အခဲ ဖြစ်လာမယ်လို့ထင်တယ်၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ပါဝါကို ဖြုတ်ပစ်မှာကို ကန့်သတ်မှာကိုဆိုတော့ သူတို့ကလည်း လွယ်လွယ်နဲ့ သဘောတူမှာမဟုတ်ဘူး၊ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အရလည်း ဒါကို ပြင်ဆင်လို့မရအောင် ချုပ်ထားနိုင်တဲ့ ၄၃၆ လိုမျိုးဟာရှိနေတယ်ဆိုတော့ကာ အဲဒါကို ကျော်လွှားနိုင်ဖို့တော့ နည်းလမ်းတွေ စဉ်းစားရမှာပေါ့"

နိုင်ငံတော်သမ္မတရဲ့ အရည်အသွေးကန့်သတ်ချက်တွေအနက်က သမ္မတရဲ့ အိမ်ထောင်ဖက်၊ သားသမီး၊ ချွေးမနဲ့ သားမက်တွေဟာ နိုင်ငံခြားသား မဖြစ်ရလို့ ပြဌာန်းထားတဲ့ နာမည်ကြီး ပုဒ်မ ၅၉(စ)ကိုတော့  ပယ်ဖျက်ဖို့ NLD က အကြံပြုထား ပါတယ်။ အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း အဲဒီအတိုင်း အကြံပြုထားတယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော ကတော့ ပါတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်လိုတဲ့ အချက်တွေကိုသာ တင်ပြခဲ့တာဖြစ်ပြီး တကယ်ပြင်ဆင်နိုင်မလားဆိုတာကိုတော့ သိပ်မမျှော်လင့်ထားဘူးလို့ သူ့အမြင်ကို အခုလိုပြောပါတယ်။uuhlasaw-350.jpg

"ကျနော်တို့ ပြင်ဖို့ သဘောထားပေးထားတယ်။ ဆန္ဒကိုဖော်ထုတ် လိုက်တာပဲ။ ကျနော်တို့ကတော့ ဖွဲ့စည်းပုံထဲမှာ ဒီအချက် ဒီအချက်ကို ပြင်သင့်တယ်၊ မကြိုက်ဘူး ပယ်သင့်တယ်လို့ သဘောထားပေးတဲ့ အဆင့်ပါပဲ။ အဖြေထွက်အောင် ဘယ်လိုလုပ်မလဲဆိုတာပဲ စိတ်ဝင် စားတယ်။ ပြင်ချင်တာတော့ အများကြီးပေါ့။ ပြင်ချင်တာကို ပြော လိုက်ပြီ။ ဒါကို ပြင်ဖို့ဆိုတာ စောင့်ကြည်ရမှာပဲ။ ဒါပေမဲ့ ကျနော် ကတော့ သိပ်မထင်ဘူး။"

ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်တွေနဲ့ ပတ်သက်လို့ ပြင်ဆင် ဖြည့်စွက်၊ ပယ်ဖျက်သင့်တဲ့ အချက်ပေါင်း ၃၇၆၅ ချက်ကို လွှတ်တော် တွင်းက နိုင်ငံရေးပါတီတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ အကြံပြုတင်ပြခဲ့ကြတာပါ။

အဲဒီထဲမှာ အခန်း ၅ ဖြစ်တဲ့ အုပ်ချုပ်ရေးကဏ္ဍက  ပြင်ဆင်၊ ပယ်ဖျက်၊ဖြည့်စွက်ဖို့ အချက် ၁၂၀၀ ကျော်နဲ့ အကြံပြုချက်အများဆုံး တင်သွင်းခံထားရတာဖြစ်ပါတယ်။

လွှတ်တော်တွင်းမှာ နိုင်ငံရေးပါတီ ၁၄ ခုအနက် အခြေခံဥပဒေပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ဖို့ အကြံပြုချက်အများဆုံးတင်သွင်းတဲ့ ပါတီက တိုင်းရင်းသားပါတီတွေဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အကြံပြုချက်  ၁၁၀၀ ကျော်တင်သွင်းထားပြီး ရခိုင်အမျိုးသားပါတီက အချက် ၈၅၀ ကျော်၊ မွန်အမျိုးသားပါတီ က အချက်ပေါင်း ၆၀၀ ကျော်၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက အချက် ၄၆၀ ကျော် တင်သွင်းထား တာဖြစ်ပါတယ်။

တပ်မတော်လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အဖွဲ့ဝင် ၄၅ ဦးပါ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာတင်သွင်းရေးဆိုင်ရာလုပ်ငန်းစဉ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ ညွှတ်ခြင်းမရှိကြောင်း ဝေဖန်ကန့်ကွက်ထားပြီး တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောအနေနဲ့ ပူးပေါင်းကော်မတီအစည်းအဝေးကို တက်ရောက် ခဲ့တာဖြစ်ပြီး အဆိုပြုချက်တင်သွင်းတာ၊ သဘောထားမှတ်ချက်ပြုတာတွေကို ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း မနေ့က လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒီမိုကရေစီပုံစံပြောင်းမယ်ဆိုရင်တော့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကဏ္ဍ ဖြုတ်ပစ်ရမယ်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေလိုပဲ ပူးပေါင်းကော်မတီဖွဲ့စည်းတဲ့အပေါ် ဝေဖန်ကန့်ကွက်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကတော့ အုပ်ချုပ်ရေး ၊တရားစီရင်ရေးနဲ့ ရွေးကောက်တင်မြှောက်ခြင်း ကဏ္ဍတွေအတွက် ပြင်ဆင် ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက် ၁၀ ချက် တင်သွင်းထားပါတယ်။

ပါတီအနေနဲ့ တင်သွင်းထားတဲ့ အချက် ၁၀ ချက်ကလွဲပြီး ကျန်တဲ့အချက်တွေ ဆွေးနွေးလာရင် မှုလသဘောထားအတိုင်းပဲ ကန့်ကွက်သွားမယ်လို့ ကြံံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက အခုလိုပြောပါတယ်။

"ကျနော်တို့အပိုင်းကတော့ ၁၀ ပိုင်းကိုပဲ ဆွေးနွေးမှာ။ ကျန်တဲ့ဟာတွေကို မူလအတိုင်းပဲ ထားမယ်။ လုံးဝမပြင်ဘူး။ ဥပမာ ၅၉(စ) လိုမျိုး လုံးဝမပြင်ဘူး။ ပြင်ရင်လည်း မဲပေးမှာမဟုတ်ဘူး။ ဒါပွင့်ပွင့်လင်းလင်း ပြောတာ။ ကျနော်တို့ ပြင်မယ်လို့ တင်ထားတဲ့ ၁၀ ချက်ပဲ ထောက်ခံမယ်၊ ဆွေးနွေးမယ်၊ မဲပေးမယ်။ ရှုံးတာ နိုင်တာ ဖယ်ထား။ ကျန်တဲ့အပိုင်းကတော့ ကျနော်တို့က ကန့်ကွက်သွားမှာ။"

အစီရင်ခံစာနဲ့ပတ်သက် ဆွေးနွေးလိုတဲ့သူတွေအနေနဲ့ ဇူလိုင် ၂၂ ရက်နောက်ဆုံးအမည် စာရင်းပေးရမှာဖြစ်ပြီး ဒီအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးအကြံပြုနိုင်ဖို့ စုစည်းတင်ပြတာဖြစ်ပြီး ကော်မတီ အစီရင်ခံစာကို လွှတ်တော်မှာ အဆုံးအဖြတ်ရယူပြီးပါက အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း တစ်ရပ် ရေးဆွဲဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

အဲလိုဆောင်ရွက်ရာမှာလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စားလှယ်၊ တရားစီရင်ရေးကဏ္ဍက ကိုယ်စားလှယ်တွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေနဲ့ ထပ်မံဆွေးနွေပြီး အဲဒီပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့မူကြမ်းတစ်ရပ် ပြုစုမှာဖြစ်တယ်လို့ သိရပါတယ်။

(RFA သတင်းထောက် မသက်စုအောင်  တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။