အတည်ပြုလူနာ သေဆုံးနှုန်းတိုးလာတာ ဘာကြောင့်လဲ

နေမျိုးထွန်း
2020.09.17

ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းမှာကူးစက်ခံရတဲ့ အတည်ပြုလူနာ နေ့စဉ်ရာနဲ့ချီပြီး တိုးလာနေသလို သေဆုံးသူတွေ လည်း တိုးလာပါတယ်။

သေဆုံးသူတွေဟာ ရောဂါအခံရှိတဲ့လူနာတွေဖြစ်ပြီး သေဆုံးမှုအများဆုံးက အသက် ၆၀ အထက်တွေဖြစ်သလို အသက် ၆၀ အောက် သေဆုံးနှုန်းတွေလည်း တိုးလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်အထိ ကိုရိုနာဗိုင်းရပ်ကြောင့် အတည်ပြုလူနာတွေထဲက သေဆုံးသူ ၄၆ ဦးအထိရှိလာပြီး ပိုးတွေ့အတည်ပြုလူနာ သုံးထောင်ရှစ်ရာကျော်အထိ ရှိလာပါတယ်။

ပြည်တွင်းမှာ ပထမဆုံး ပိုးတွေ့အတည်ပြုလူနာ စတွေ့တဲ့ မတ်လကနေ သြဂုတ်လလယ်အထိ သေဆုံးသူ ခြောက်ဦးနဲ့ ပိုးတွေ့အတည်ပြုလူနာ ၃၇၀ ကျော်သာရှိခဲ့တာပါ။

သြဂုတ်လယ်လောက်က တကျော့ပြန်ကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာတွေ့ရပြီး  စက်တင်ဘာ ၃ ရက်နေ့ကစလို့ သေဆုံးမှုတွေ ပြန်ရှိလာပါတယ်။

အခုတွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဗီဇမျိုးခွဲအသစ်ဖြစ်ပြီး ကူးစက်တာမြန်သလို ရောဂါခံရှိတဲ့ အသက် ၆၀ ကျော်တွေ သေဆုံးတာများပေမယ့် အသက် ၆၀ အောက် သေဆုံးတာတွေလည်း ရှိလာတယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

“ရောဂါပိုးက ဗီဇမျိုးခွဲပိုး အသစ်ဖြစ်တဲ့အခါမှာ ကူးစက်တာမြန်တယ်။ သေဆုံးမှုတွေများတာနဲ့ ပတ်သက် ပြီးတော့ လက်ရှိဖြစ်နေတဲ့ရောဂါဆိုရင် ဘယ်လိုလူတွေကို သေတာများလဲဆိုရင် ရောဂါအခံရှိပြီး အသက်ကြီး တဲ့သူတွေမှာ သေတာများတယ်။ ကျွန်မတို့ဆီမှာလည်း ပထမလှိုင်းမှာ ခြောက်ယောက် သေတာဆိုရင် ၆၀ အထက်က ၈၃ ရာခိုင်နှုန်းရှိပေမယ့် အခုဒုတိယလှိုင်းမှာဆိုရင် ၆၀ အထက် သေဆုံးမှုဟာ ၆၀ ရာခိုင်းနှုန်းရှိ ပြီးတော့ ၆၀ အောက် သေဆုံးမှုဟာ ၄၀ ရာခိုင်နှုန်းလောက်ဖြစ်လာတယ်။ တနည်းအားဖြင့်ဆိုရင် ၆၀ အောက် သေဆုံးမှုတွေ တက်လာတယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။”

အခုနောက်ပိုင်း စစ်ဆေးတွေ့ရှိမှုတွေအရ တစ်လမပြည့်ခင်မှာပဲ ပိုးတွေ့လူနာ ကိုးဆ၊ ဆယ်ဆလောက် မြင့်တက်လာတွေ့ရလို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ အတည်ပြုလူနာတွေထဲက အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ကျန် ငါးဦးတို့ကတော့ အသက် ၅၈ နှစ်နဲ့အထက် ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ခံရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကြပ်ရှိသူဟာ တစ်ဆခွဲ၊ သွေးတိုးရှိတဲ့သူ၊ ဆီးချိုရှိသူနဲ့ BMI ၃၀ ထက် ဝတဲ့သူဟာ သုံးဆ၊ နာတာရှည် ကျောက်ကပ်မကောင်းသူတွေ၊ ကင်ဆာရောဂါရှိသူတွေက လေးဆ ရောဂါ လက္ခဏာပြင်းထန်တဲ့အပြင် အဲဒီထဲက ရောဂါခံ နှစ်မျိုးရှိရင် လေးဆခွဲ ဆိုးပြီး သုံးမျိုးရှိရင် ငါးဆပိုဆိုးစေ တာကြောင့် ရောဂါအခံရှိသူတွေအနေနဲ့ ဗိုင်းရပ်စ်ကာကွယ်ရေးနည်းလမ်းတွေကို တိတိကျကျလိုက်နာကြဖို့ လိုတယ်လို့ ဒေါက်တာခင်ခင်ကြီးက အမေရိကန် ကျန်းမာရေးဌာန US CDC ရဲ့ သုတေသနရလဒ်ကို ကိုးကားပြီး ပြောပါတယ်။  

မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန်ကူးစက်မှုမှာ ကယားပြည်နယ်ကလွဲလို့ တခြားပြည်နယ်နဲ့ တိုင်းတွေမှာ ပိုးတွေ့လူနာတွေ ရှိနေတာပါ။

အဲဒီထဲက ပိုးတွေ့လူနာ အများဆုံးနဲ့ သေဆုံးမှုအများဆုံးဟာ ရန်ကုန်တိုင်းကဖြစ်ပြီး ဒုတိယပိုးတွေ့အများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပါတယ်။

ရန်ကုန်ဖောင်ကြီး ကုသရေးဌာနကို ရောက်ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ စာနယ်ဇင်းသမား တစ်ဦးဖြစ်တဲ့ ကိုနေမင်းခက ပိုးတွေ့လူနာနဲ့ ထိတွေ့မှုမရှိဘဲ ကူးစက်ခံရတာဖြစ်လို့ လက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူတွေထံကနေ ကူးစက်ခံရတာလို့ ယူဆကြောင်း ပြောပါတယ်။

“ကိုဗစ်ကာလမှာ ကိုဗစ်နဲ့ပတ်သက်တဲ့သတင်းတွေ အဓိကလုပ်ရတာပေါ့လေ။ ပိုးတွေ့လူနာတွေ့တဲ့လမ်းတွေ၊ အသွားအလာကန့်သတ်ထားတဲ့ ရပ်ကွက်တွေ ကျွန်တော်တို့သွားရတာပေါ့။ အဲလို အသွားအလာတော့ရှိတယ်။ ပိုးတွေ့လူနာနဲ့ အထိအတွေ့တော့မရှိဘူး။ တိုက်ရိုက်လည်းမရှိဘူး၊ သွယ်ဝိုက်လည်းမရှိဘူး။ သို့သော် ကျွန်တော် Positive ဖြစ်သွားတယ်။ အကြောင်းအရင်းက ဘယ်သူဆီကလည်းတော့ တိတိကျကျ ကျွန်တော် ကိုယ်တိုင်လည်း မသိဘူး။ ကျွန်တော်ထင်တာ လက္ခဏာမပြဘဲ ပိုးသယ်လာသူတွေရှိတယ်၊ သံသယဖြစ် မိတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ ပိုးတွေ့လူနာနဲ့ ထိတွေ့မှုမရှိဘဲနဲ့ ဖြစ်တာဆိုတော့လေ”

ရန်ကုန်မြို့  ကျောက်တံတားမြို့နယ်မှာနေထိုင်တဲ့ ဒေါ်မိုးသီတာကတော့ အသက် ၈၇ နှစ်အရွယ် အမေရှိလို့ အခုလို ကူးစက်မှုမြန်ပြီး အသက်ကြီးပိုင်း သေဆုံးမှုတွေများလာတာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

“အခုဟာက ကူးစက်နှုန်းကလည်း အရမ်းမြန်တယ်။ သေဆုံးတဲ့သူတွေ ကြည့်လိုက်ရင်လည်း ရောဂါအခံ ရှိနေသူတွေဖြစ်နေတော့ ကိုယ့်အမေကို စိတ်ပူတယ်။ ကျွန်မအမေက အသက် ၈၇ နှစ်ဆိုတော့ မှတ်ဉာဏ်က နည်းနည်းချို့ယွင်းနေတယ်။ ကိုယ့်အမေတစ်ယောက်ထဲတင် မဟုတ်ဘူး ကျန်တဲ့ အပေါင်းအသင်း သူငယ်ချင်း ထဲက အသက်ကြီးတဲ့သူတွေ နောက်အရမ်းငယ်တဲ့ ကလေးရှိသူတဲ့သူတွေ တခြားအသက်ကြီးတဲ့သူတွေ အတွက်လည်း စိတ်ပူပါတယ်။”


ရန်ကုန်မှာနေထိုင်သူတွေက ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းထက် ထိန်းထိန်းသိမ်းသိမ်းနေထိုင်မှုနည်းလာလို့ ကူးစက်မှုမြင့်တက်လာတာလို့ သုံးသပ်သူတွေလည်းရှိပါတယ်။

အများပြောနေသလို ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ရောဂါလက္ခဏာပြင်ထန်မှု အားနည်းသွားတယ်ဆိုတာ သက်သေပြနိုင်တာမရှိတာကြောင့် ဂရုစိုက်နေထိုင်ကြဖို့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းက တိုက်တွန်းလိုက်ပါတယ်။

“ပိုးတွေ့လူနာတွေက ဆတိုးကိန်းနဲ့ကို များလာတာပေါ့နော်။ ပြီးတော့ အခု ဒုတိယလှိုင်းမှာ လူတွေက ပထမ ဖြစ်တုန်းကလောက် သိပ်ထိန်းထိန်းသိမ်းသိမ်းမနေကြတာကြောင့် ကူးစက်နှုန်းတွေကလည်း တအားကြီးများ လာတာပေါ့။ ကူးစက်နှုန်းများလာတာနဲ့အမျှ ရာခိုင်နှုန်းအရအတွက်ကြည့်မယ်ဆိုရင် ဒါသေဆုံးတဲ့နှုန်းကလည်း ပိုပြီးတော့ တက်လာတာပေါ့။ ပထမ လူတွေပြောနေကြသလိုမျိုး ပိုးက အားပျော့သွားတယ်တို့ တကယ်တော့ ဒါကို ဘယ်သူမှ သက်သေပြနိုင်တာမရှိသေးဘူးလေ။ အဲဒီတော့ သတိထားကြဖို့ သိပ်အတင့်ရဲပြီး လွတ်လွတ် လပ်လပ်နေတာမျိုးတွေ မလုပ်ကြဖို့ သတိပေးချင်ပါတယ်။”

ရောဂါကူးစက်နှုန်းမြင့်လာလို့ ရန်ကုန်တိုင်းထဲက မြို့နယ် ၂၈ မြို့နယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကစပြီး မလိုအပ်ဘဲ နေအိမ်ကနေ အပြင်မထွက်ကြဖို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ရောဂါထိန်းချုပ်ရေးအတွက် ပြည်သူတွေ ပူးပေါင်းဆောင်ရွက် နေကြလို့ လာမယ့် ရက်ပေါင်း ၂၀ လောက်အတွင်း ရောဂါပိုးထိန်းချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း စက်တင်ဘာ ၁၅ ရက်နေ့က ပြောထားပါတယ်။

အဲဒီနောက် မြို့လယ်က လမ်းတွေပေါ်မှာ စားဝတ်နေရေးအတွက် မဖြစ်မနေ သွားလာနေသူတွေကလွဲလို့ အရင်ကလို လူအများသွားလာတာတွေ နည်းသွားတာတွေ့ရပြီး နှာခေါင်းစီးတွေ ဝတ်ဆင်လာတာ တွေ့ရပါတယ်။

အခုလို သေဆုံးမှုမြင့်တက်လာတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုမလွန်ကဲဘဲ ရောဂါကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ လူစုလူဝေးမဖြစ်အောင် ရှောင်ဖို့အပြင် နှာခေါင်းစီးတပ်တာ၊ လက်ဆေးတာ၊ စတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။