ကပ်ရောဂါကြောင့် ပုံမှန်ကျောင်းဖွင့်ချိန် အဆင်ပြေ၊ မပြေ ပညာရေးဌာနမသိသေး

COVID-19 ရောဂါကြောင့် ကျောင်းတွေကို ပုံမှန်အတိုင်း ဇွန်လမှာ မဖွင့်နိုင်ခဲ့ရင် အွန်လိုင်းကနေစာသင်ဖို့ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက် ပါတယ်။ တကယ်လို့ ကျောင်းပြန်တက်ရမယ်ဆိုရင်လည်း ကလေးတွေကို လူချင်းကပ်မနေအောင် ရှေးခေတ် တရုတ်ကားတွေထဲက ပေါင်ချိန်ဦးထုပ်လိုမျိုးတွေ ဆောင်းခိုင်းထားနိုင်တယ်လို့လည်း ပြောပါတယ်။

COVID-19 ကြောင့် ကျောင်းတွေ အလုပ်တွေပြန်ဖွင့်ဖို့ မဖွင့်ဖို့နဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့ ခန့်မှန်း အကြံပေးချက်တွေဟာ ကွဲလွဲနေတာတွေတော့ရှိပါတယ်။ ဒီလိုပဲ အစိုးရတွေကလည်း ဆုံးဖြတ်ချက်ကိုယ်စီနဲ့ နိုင်ငံကို ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။

ဥရောပတိုင်းပြည်အများစုမှာတော့ နောက်သီတင်းပတ်ဆိုကျောင်းတွေပြန်ဖွင့်ပါတော့မယ်။ ဒိန်းမတ်နဲ့နော်ဝေ က ကလေးထိန်းကျောင်းတွေ ကတော့ ပြန်ဖွင့်ပြီးနေပါပြီ။ ဆွစ်ဇာလန်နိုင်ငံမှာ အဖိုးအဖွားတွေဟာ သူတို့ရဲ့ ၁၀ နှစ်အောက် မြေးတွေကို ပြန်ပြီးပွေ့ဖက်ချီပိုးခွင့်ပြုလိုက်ပါပြီ။

ပြင်သစ်မှာလည်း သမ္မတ အီမန်နျူရယ်မက်ခရွန် က အစိုးရသိပ္ပံပညာရှင်ကော်မတီရဲ့ အကြံပေးချက်ကို ဆန့်ကျင်ပြီး ကလေးထိန်းကျောင်းနဲ့ မူလတန်းကျောင်းတွေကို မေ ၁၁ ရက်နေ့ကစပြီး ပြန်ဖွင့်မယ်လို့ ကြေညာ လိုက်ပါတယ်။ ဒါပေမဲ့ စာသင်ခန်းတခန်းမှာ ကျောင်းသားအများဆုံး ၁၅ ယောက်ပဲထားရှိမှာဖြစ်ပြီး လူမစုဝေးရအောင် အားလပ်ချိန်ကို အုပ်စုခွဲပေးမယ်လို့ဆိုပါတယ်။

ဥရောပတိုင်းပြည်တွေမှာ အဲဒီလိုကျောင်းတွေပြန်ဖွင့်ဖို့ပြင်ဆင်နေပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ကျောင်းတွေပြန်ဖွင့်မယ့် ဇွန်လဟာ ရောဂါအမြင့်ဆုံးဖြစ်နိုင်တဲ့လို့ ပြည်သူ့ဂုဏ်ရည်ဆုရှင် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ခန့်မှန်းထားပါတယ်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လုပ်မယ်လို့ ပြောပါတယ်။

ဂျာမဏီမှာတော့ အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်အရွယ်ကလေးတွေဟာ နောက်တပတ်မှာ ကျောင်းပြန်တက်ရမှာ ဖြစ်ပါတယ်။ ကလေးတွေကို အုပ်စုတွေခွဲလိုက်ပြီး တအုပ်စုက ကျောင်းတက်နေချိန် နောက်တစုကသင်ခန်းစာ တွေကို အိမ်ကနေ လုပ်ရမယ်လို့ဆိုပါတယ်။ လက်ပုံမှန်ဆေးတာလို တကိုယ်ရည်သန့်ရှင်းရေးနဲ့ ကိုယ့်အနီး ဝန်းကျင်သန့်ရှင်းရေးကိုပုံမှန်လုပ်ဖို့ တင်းတင်းကြပ်ကြပ် ညွှန်ကြားထားဆဲဖြစ်ပြီး ကလေးတွေကို စာသင်ခန်းထဲကနေ အပြင်ကို တယောက်ချင်းစီပဲ အချိန်ခွဲ ထွက်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ နည်းနည်းကြီးတဲ့ ကလေးတွေကတော့ ဧပြီလထဲမှာ စာမေးပွဲဖြေခဲ့ပြီးဖြစ်ပါတယ်။ ကလေးထိန်းကျောင်းတွေကိုတော့ ပိတ်ထားဆဲပါ။

အမေရိကန်ပြည်ထောင်စုမှာတော့ ကျောင်းတွေကို ဇွန်လမှာပြီးမယ့် ၂၀၁၉-၂၀၂၀ စာသင်နှစ်ကုန်သည်အထိ ပိတ်ထားဖို့ ဝါရှင်တန်ဒီစီအပါအဝင် ပြည်နယ် ၄၄ ခုမှာ အမိန့်ထုတ်ထားပါတယ်။

မြန်မာနိုင်ငံက ဆရာ ဆရာမအများစုကတော့ ဇွန်လမှာကျောင်းပြန်ဖွင့်မယ်ဆိုရင် ရောဂါကူးစက်မှုအတွက် စိတ်ချရတယ်လို့ မထင်ကြသေးပါဘူး။ ICEC ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာမတယောက်ဖြစ်တဲ့ ဒေါ်နန္ဒာထိုက်ကိုကို ကတော့ ကျောင်းတွေကို ပြန်မဖွင့်စေချင်သေးဘူးလို့ပြောပါတယ်။

မြန်မာနိုင်ငံမှာက နောက်တပတ်ဆိုရင် စောင့်ကြည့်ကာလကုန်ဆုံးရက်ဖြစ်တဲ့ မေလ ၁၅ ရက်နေ့ကိုရောက် တော့မှာဖြစ်ပါတယ်။ ဒီနေ့ထိတော့ ကျန်းမာရေးဝန်ကြီးဌာနကရော၊ ပညာရေးဝန်ကြီးဌာနကပါ ကျောင်းတွေ ပြန်ဖွင့်ရေး မဖွင့်ရေးနဲ့ ဖွင့်မယ်ဆိုရင် ဘယ်လိုတွေစီမံထားသလဲ ဘာမှ တိတိကျကျမထုတ်ပြန်သေးပါဘူး။

ဦးဇော်ဌေးပြောသလို အွန်လိုင်းကစာသင်ဖို့ဆိုရာမှာလည်း မြန်မာနိုင်ငံက ကျောင်းသားတွေရဲ့ ဘယ်နှရာခိုင် နှုန်းဟာ အင်တာနက်အွန်လိုင်းသုံးစွဲနိုင်သလဲဆိုတာ ဆန်းစစ်ကြည့်ဖို့လိုပါသေးတယ်။ လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ ကျောင်းသားကျောင်းသူက ၁၀ သန်းနီးပါးရှိပြီး ကျေးလက်နေလူဦးရေက ၇၀ ရာခိုင်နှုန်းရှိပါတယ်။