ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မြန်မာအပါအဝင် အာရှစီးပွားရေးကျဆင်း
2021.09.28

Covid-19 Delta variant ကူးစက်ပျံ့နှံ့တဲ့အတွက် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေး နာလန်ပြန်ထူလာမယ့် အခွင့်အလမ်းနည်းပါးရတယ်လို့ ကမ္ဘာ့ဘဏ်က ဒီလ ၂၇ ရက်က ပြောကြားချိန်မှာ မြန်မာနိုင်ငံမှာ ဒေါ်လာဈေးအလွန်အမင်းတက်နေပါတယ်။
စစ်ကောင်စီအာဘော် ကြေးမုံသတင်းစာမှာတင် ဒီလ ၂၇ ရက်မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၁၇၅၅ ကျပ်နှုန်းရှိတယ်လို့ဖော်ပြပါတယ်။ သိချင်ရင် Google ခေါက်ကြည့်ဆိုတဲ့အတိုင်း ခေါက်ကြည့်တဲ့အခါ မနေ့က စက်တင်ဘာ ၂၈ ရက်မှာ တစ်ဒေါ်လာ ကျပ်တစ်ထောင့်ရှစ်ရာကျော်ရှိတာကို တွေ့ရပေမယ့် ပြင်ပပေါက်ဈေး တဒေါ်လာ ၂၇၀၀ ရှိတယ်လို့ RFA က မနေ့ညက ထုတ်လွှင့်သွားပါတယ်။
ပြည်ပထွက်ချင်သူတွေ တန်းစီနေပြီး မြန်မာနိုင်ငံမှာ ပြည်ပအလုပ်အကိုင် ရှာဖွေရေးကိုယ်စားလှယ် လုပ်ငန်းလောက်ပဲ အလုပ်အကိုင်ဖြစ်ထွန်းချိန်မှာ ကိုဗစ်ကြောင့် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေးဖွံ့ဖြိုးနှုန်း နှေးကွေးဖွယ်ရှိပြီး ဒေသတွင်းမညီမျှမှုတွေ များလာမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက မနေ့ည ၈ နာရီ ထုတ်ပြန်တဲ့စာရင်းမှာ Covid-19 ကူးစက်ခံရတဲ့ လူ ၄၆၁,၀၆၆ ရှိပြီး ၁၇,၆၃၁ ဦး သေဆုံးရတယ်လို့ ဖော်ပြပါတယ်။
နိုင်ငံတကာသုတေသီတွေပြုစုတဲ့ WorldOMeter ဇယားမှာ မြန်မာဟာ ကမ္ဘာမှာ ၆၂ နိုင်ငံမြောက် ကိုဗစ်-၁၉ အများဆုံးကူးစက်ခံရတဲ့ တိုင်းပြည်လို့ ဖော်ပြပါတယ်။ ကမ္ဘာမှာ အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်-၁၉ အများဆုံး ကူးစက်သေဆုံးရတဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၀၂၀ နှစ်ဦးပိုင်းမှာ ဒီကပ်ရောဂါနဲ့ လူတစ်ဦးတစ်ယောက်မှ သေဆုံးခဲ့တဲ့ အမေရိကားမှာ တစ်နှစ်ကျော်အတွင်း မနေ့က စက်တင်ဘာ ၂၈ ရက်မှာ လူ ၇ သိန်းကျော် သေဆုံးသွားရပြီလို့ WorldOMeter က ဖော်ပြပါတယ်။
မြို့တော် ဝါရှင်တန်ဒီစီမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားရသူတွေကို အောက်မေ့ဖွယ်အဖြစ် ကွယ်လွန်သူတယောက် အလံဖြူတစ်လက်နှုန်းနဲ့ ဂုဏ်ပြုခင်းကျင်းထားပြီး စက်တင်ဘာ ၂၇ ရက်မှာ ကိုဗစ်-၁၉နဲ့ သေဆုံးသူ ၆ သိန်း ရှစ်သောင်းကျော်ရှိတယ်လို့ ကိန်းဂဏန်းနဲ့ ဖော်ပြထားပါတယ်။ နောက်တရက်မှာ ၇ သိန်းကျော်သေဆုံးသွားပြီဆိုတဲ့ စာရင်းထွက်လာတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးလည်းထိုးပြီး၊ ကူးစက်နှုန်းလည်း အထိုက်အလျောက်ထိန်းနိုင်တာမို့ တချို့နေရာတွေမှာ ပျော်ပွဲရွှင်ပွဲတွေတောင် ကျင်းပသူ ကျင်းပနေတာလည်း တွေ့ရပါတယ်။
တကယ်လို့ ကမ္ဘာကြီးသာ လုံးမနေဘဲ ပြားကပ်နေရင် ကျောချင်းကပ်နီးလှပေမယ့် လုံးဝန်းတဲ့ကမ္ဘာမှာ အမေရိကားနဲ့အဝေးဆုံး အရှေ့ခြမ်းတနေရာက မြန်မာပြည်သူလူထုကတော့ ကပ်ရောဂါဘေး ကျရောက်နေချိန်မှာ စစ်အာဏာသိမ်းမှုနဲ့ ကြုံလိုက်ရပါတယ်။
ဒီအတွက် မကျေနပ်လို့ နိုင်ငံအနှံ့ဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းတဲ့အခါ ဘယ်သူ့ဘယ်သူမှ အားမကိုးတော့ဘဲ မလိုလားအပ်ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာရပြီး မဖြစ်သင့်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာရပါတယ်။ စစ်ကို မလိုလားပေမဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် ခုခံစစ် ဆင်နွှဲဖို့ လက်နက်ကိုင်လမ်းစဉ်ကို မရွေးချယ်သင့်ဘဲ ရွေးချယ်ရတဲ့အခါ ရောဂါဘေးနဲ့ စစ်မက်ဘေး ကပ်ကြီးနှစ်ပါး ဆိုက်ကပ်လာပါတယ်။ ဒီကပ်နှစ်ပါး နောက်မှာ အငတ်ဘေး တွဲပါလာတယ်လို့ တချိန်က ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ခုဆို PDF ပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ ရပ်တည်နေတဲ့ အရှင်သောပါက ကမိန့်ပါတယ်။
ဒီလို အဖြစ်မျိုးကြုံနေချိန် မြန်မာနိုင်ငံ အကျုံးဝင်တဲ့ ပစိဖိတ်ဒေသနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံ အကျုံးဝင်တဲ့ အရှေ့အာရှစီးပွားရေးက ၂၀၂၁ ဒုတိယလေးလပိုင်းမှာ စတင်နှေးကွေးလာတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ တရုတ်နိုင်ငံစီးပွားရေးက ၈ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ ကျန်အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ ၂ ဒဿမ ၅ ရာခိုင်နှုန်းတိုးဖို့ ရည်မှန်းရတယ်လို့ ပြောပါတယ်။ ဒါဟာ ၂၀၂၁ ဧပြီက မျှော်မှန်းထားတာထက် ၂ ရာခိုင်နှုန်းနီးပါး လျော့တယ်လို့ ဆိုပါတယ်။
အရှင်သောပါက မိန့်သလို မြန်မာနိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်နှုန်း ထိန်းနိုင်တယ်ဆိုတဲ့အတိုင်း ကမ္ဘာ့ကျန်ဒေသတွေမှာ ကိုဗစ်ကူးစက်နှုန်း မထိန်းနိုင်ချိန်မှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွေမှာ ထိန်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဒါပေမဲ့ အခု COVID-19 ကူးစက်နှုန်းတွေ များလာတဲ့အတွက် ၂၀၂၁ အတွက် ရှေ့အလားအလာ မျှော်မှန်းချက်တွေ ကျဆင်းရပါတယ်။
ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ မြန်မာနိုင်ငံစီးပွားရေးက အထိခိုက်ဆုံးပဲလို့လည်း ကမ္ဘာ့ဘဏ်က ပြောပြီး ပစိဖိတ်ကျွန်းနိုင်ငံတွေရဲ့ စီးပွားရေးက ၂ ဒဿမ ၉ ရာခိုင်နှုန်း ကျဆင်းချိန်မှာ မြန်မာနိုင်ငံကတော့ ၁၈ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့အများဆုံးရှိလာမယ့်အပြင် ဆင်းရဲသားဦးရေ တိုးလာမယ်လို့လည်း ပြောပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့အတွက် CDM အနုနည်းနဲ့အာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် အလုပ်ဆင်းသူ နည်းပါးသွားတာနဲ့ စီးပွားရေးထိခိုက်မှု ပေါင်းဆုံသွားတဲ့ဘက် ဦးတည်သွားတာ ငြင်းမရပါဘူးလို့ ကမ္ဘာ့ဘဏ် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ စီးပွားရေးပညာရှင် Aaditya Mattoo က ပြောပါတယ်။