ကိုရိုနာသတင်းမှား ဖြန့်သူတွေထဲ နာမည်ကြီးပုဂ္ဂိုလ်တွေ သတင်းဌာနတွေ ပါဝင်နေ

ခက်မာ
2020.03.24
coronavirus-cdc-622 ကိုရိုနာဗိုင်းရပ်စ်ပိုး သရုပ်ဖော်ပုံ။
US CDC

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းမှားနဲ့ ထင်ယောင်ထင်မှား ဖြစ်စရာတွေ ဖြန့်ဝေတဲ့အထဲမှာ နာမည်ကြီး သတင်းဌာနတွေနဲ့ သြဇာကြီးမားတဲ့ လူပုဂ္ဂိုလ်တွေလည်း ပါဝင်နေပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အစွမ်းကုန် တိုက်ထုတ်နေရချိန်မှာ နိုင်ငံအချင်းချင်း ဆက်ဆံရေးပျက်ပြားပြီး လူတွေ ထိတ်လန့်ခြောက်ခြားမှုတွေပါ တိုးလာမယ့် ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ကိုရိုနာဗိုင်းရပ်စ်စတင်ကူးစက်ကတည်းက သတင်းမှားတွေ၊ ထင်ယောင်ထင်မှား ဖြစ်စရာသတင်းတွေ အင်တာနက်မှာ အမြောက်အမြား ပျံ့နှံ့ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။

တရုတ်ဓာတ်ခွဲခန်းက စသလား
အဲဒီ သတင်းတွေထဲမှာ ကိုရိုနာဗိုင်းရပ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က သုတေသန ဓာတ်ခွဲခန်းတစ်ခုထဲမှာ စတင်ခဲ့တယ်လို့ Washington Times သတင်းစာမှာ ၂၀၂၀ ဇန်နဝါရီလက ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ဟာ အထူးခြားဆုံးပါပဲလို့ အမေရိကန်အခြေစိုက် USA TODAY သတင်းစာမှာ မတ်လ ၂၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

WashingtonTimes သတင်းမှာ ရေးထားတာကတော့ လုံခြုံရေး အထူးတင်းကြပ်ထားပြီး အန္တရာယ်ကြီးမားတဲ့ ရောဂါပိုးတွေကို ဓာတ်ခွဲခွင့် ရရှိထားတဲ့ Wuhan ရောဂါပိုးမွှားဗေဒဆိုင်ရာ ဓာတ်ခွဲခန်းဟာ ဇီဝလက်နက်ထုတ်လုပ်ရေးအစီအစဉ်မှာ ပါဝင်ပတ်သက် နေတယ်ဆိုပြီး စစ်ထောက်လှမ်းရေး အရာရှိဟောင်းတစ်ယောက်က ပြောကြောင်း ဖော်ပြထားပါတယ်။

အဲဒီ ဆောင်းပါးရေးသားသူ BillGertz ကို USA TODAY က ဆက်သွယ်ပြီး သတင်းရင်းမြစ်ကို မေးမြန်းပေမဲ့ သူက အကြောင်းမပြန် ခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီသတင်းဟာ တဆင့်ပြီးတဆင့် ပျံ့နှံ့သွားပါတယ်။ လူတွေနဲ့ သတင်းဌာနတွေက အဲဒီအကြောင်းအရာနဲ့ ဆင်တူယိုးမှား သတင်းတွေ ကောလာဟလတွေကို ထပ်ဆင့် ဖြန့်ခဲ့ကြပါတယ်။

ဝူဟန်ဓာတ်ခွဲခန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အရင်းအမြစ်ဟာ ဆက်စပ်နေတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု အာကင်ဆောပြည်နယ် အထက်လွှတ်တော်အမတ် Tom Cotton က လွှတ်တော်နဲ့ Fox News သတင်းဌာနကို ပြောခဲ့ပါတယ်။

အဲဒီနောက် ရှေးရိုးစွဲ ရေဒီယိုအစီအစဉ်မှူး တစ်ယောက်ဖြစ်တဲ့ ရပ်ရှ်လင်းဘာ့ခ် (RushLimbaugh) ကလည်း... ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ကွန်မြူနစ် ဓာတ်ခွဲခန်း စမ်းသပ်နေတဲ့ ဇီဝလက်နက် ထုတ်လုပ်ရေးလုပ်ငန်းစဉ်ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုပြီး ဖေဖော် ဝါရီလမှာ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါတယ်။

အဲဒီသတင်းတွေကို တရုတ်နိုင်ငံက လူမှုစာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့တဲ့အတွက် တရုတ်အာဏာပိုင်တွေက ဒီသတင်းဟာ မမှန်ဘူးဆိုပြီး ငြင်းဆိုတဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တယ်လို့ Vox သတင်းဌာနက ရေးခဲ့ပါတယ်။

နောက်ထပ် အခြေအမြစ်မရှိတဲ့ ကောလာဟလ သီအိုရီတခုကတော့... အမေရိကန်အစိုးရက တရုတ် အင်အားကြီးလာတာကို မလိုလားလို့ အမေရိကန်စစ်သားတွေကနေ တရုတ်ပြည်ကို ဗိုင်းရပ်စ်ပိုး သယ်ဆောင်ပြီး ပိုးမွှားစစ်ဆင်ရေး လုပ်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

တရုတ်နိုင်ငံထဲကို စစ်ရေးဆိုင်ရာ အားကစားပွဲတော်အတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလက ရောက်လာတဲ့ အမေရိကန်စစ်သား သုံးရာဆီကနေ အဲဒီဗိုင်းရပ်စ်ပိုး ပါလာတာဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အမေရိကန်စစ်သား အယောက်သုံးရာလုံးကို စစ်ဆေးတဲ့အခါ တယောက်မှာမှ ဗိုင်းရပ်စ် ကူးစက်နေတာ မတွေ့ရပါဘူး။

မတ်လ ၁၂ ရက်နေ့တုန်းကလည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက အမေရိကန်ပြည်ထောင်စုမှာ လူဘယ်နှယောက် ကူးစက်နေပြီလဲ၊ ဘယ်ဆေးရုံတွေမှာလဲ၊ ဒီကပ်ရောဂါဟာ အမေရိကန်စစ်တပ်က ဝူဟန်ကို သယ်လာတာပဲ ဖြစ်လိမ့်မယ်၊ ပွင့်လင်းမြင်သာရှိပါ၊ အမေရိကားဟာ ရှိတဲ့အချက်အလက်တွေနဲ့ မူဝါဒတွေ ရေးဆွဲပါ။ အမေရိကားဟာ တရုတ်ကို အဖြစ်မှန်ရှင်းပြဖို့ အကြွေးတင်နေပါတယ်... လို့ တွစ်တာမှာရေးခဲ့ပါတယ်။

တရုတ်ရဲ့အဲဒီစွပ်စွဲချက်တွေဟာ သိပ္ပံနည်းကျတော့ အထောက်အထားမရှိပါဘူး။

ဓာတုဇီဝ ပါမောက္ခတစ်ယောက် ဖြစ်တဲ့ Richard Ebright ကတော့ ဒီဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇနဲ့ ဂုဏ်သတ္တိအရ လူက ဖန်တီးထုတ်လုပ်ထားတဲ့ပိုး မဖြစ်နိုင်ဘူးလို့ The Washington Post နဲ့ မေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒီဗိုင်းရပ်စ်ဟာ တရုတ်ဓာတ်ခွဲခန်းမှာ ဖန်တီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဘာသက်သေမှတော့ မရှိသေးပါဘူး။ အဲဒီလိုပြောခဲ့သူတွေ ကတော့ ဝူဟန်ဓာတ်ခွဲခန်းရယ်၊ သုတေသနဌာနရယ်၊ ဝူဟန်သားငါးဈေးရယ် မြေပြင်အနေအထားအရ နီးစပ်တာကို အခြေခံပြီးပြောတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ဟာ အဲဒီဈေးထဲက တိရိစ္ဆာန်ကနေ လူတွေကိုကူးခဲ့တယ်လို့ သုတေသနပညာရှင်တွေက ယုံကြည်ထားကြတာပါ။

လူက ဖန်တီးတဲ့ ရောဂါပိုးလား
The Scripps Research Institute ကလည်း ဒီဗိုင်းရပ်စ်ကို လူကဖန်တီးတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ငြင်းဆိုတဲ့ လေ့လာချက်တစ်ခုကို ထုတ်ဝေခဲ့ပါတယ်။ တကယ်လို့လူက ဖန်တီးတာဆိုရင် အဲဒီကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇဟာ အရင်ကရှိခဲ့တဲ့ ဗိုင်းရပ်စ်တွေရဲ့ မျိုးရိုးဗီဇနဲ့ အခုထက်ပိုပြီး တူလိမ့်မယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် တစ်ခုမှာတော့ တကယ်လို့ တစ်ယောက်ယောက်က ဒီကိုရိုနာဗိုင်းရပ်စ်ကို ရောဂါပိုး တစ်ခုအဖြစ် ဖန်တီးထုတ်လုပ်မယ်ဆိုရင် အရင်တုန်းကရှိတဲ့ ဗိုင်းရပ်စ်တစ်ခုကို အခြေခံပြီးမှ ပိုးအသစ် ဖန်တီးလို့ရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီဗိုင်းရပ်စ်ရဲ့ အခြေခံကတော့ အရင်က သိခဲ့တဲ့ ဗိုင်းရပ်စ်နဲ့မတူညီဘဲ လင်းနို့နဲ့ သင်းခွေချပ်တွေမှာတွေ့ရှိရတဲ့ ဗိုင်းရပ်စ်နဲ့ ပိုတူတယ်လို့ ဖော်ပြထားပါတယ်။

ဒီဗိုင်းရပ်စ်အကြောင်း လေ့လာနေတဲ့ လူထုကျန်းမာရေး အရာရှိတွေကတော့ ဒီဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်တွေကနေ စတင်ပြီး ကူးစက်လာတာ ဖြစ်တယ်လို့ Lancet ဆိုတဲ့ဆေးပညာဂျာနယ်မှာ အခိုင်အမာ ရေးသားခဲ့ပါတယ်။

နိုင်ငံအများအပြားက သိပ္ပံပညာရှင်တွေကလည်း ဒီဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇနဲ့ အခြေခံအကြောင်းရင်းကို လေ့လာချက်နဲ့ SARS-CoV-2 ကို လေ့လာချက်အရ ဒီပိုးဟာ တောရိုင်းတိရိစ္ဆာန်တွေဆီက ကူးစက်ပျံ့နှံ့တာ ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်။

အခုတွေ့ရှိတဲ့ကိုရိုနာဗိုင်းရပ်စ်ကို အထူးပြု ခွဲခြမ်းစိတ်ဖြာ လေ့လာနေတဲ့ သုတေသနပညာရှင်တွေကတော့ ဒီဗိုင်းရပ်စ်ဟာ လင်းနို့တွေမှာတွေ့ရတဲ့ ဗိုင်းရပ်စ်နဲ့ တထပ်တည်းနီးပါး ဆင်တူပြီး ကူးစက်ပုံ အဆင့်ဆင့်မှာတော့ တခြားတိရိစ္ဆာန်တွေက ကြားခံ ပတ်သက်တာလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ကိုဗစ် ၁၉ ဗိုင်းရပ်စ်ဟာ လင်းနို့တွေမှာရှိတဲ့ ဗိုင်းရပ်စ်ရဲ့မျိုးရိုးဗီဇနဲ့ ၉၆ ရာခိုင်နှုန်း တူညီတယ်လို့ သဘာဝသိပ္ပံ ဂျာနယ်မှာလည်း ရေးသားထားပါတယ်။

နောက်ထပ် သိပ္ပံပညာရှင် တစ်စုကတော့ လင်းနို့ဟာ ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်တဲ့ ရင်းမြစ်ဖြစ်ပြီး လင်းနို့ကတဆင့် ဝူဟန်ဈေးထဲမှာရှိတဲ့ ပင်လယ်စာတွေဆီ ကူးစက်ရာက ပြန့်ပွားသွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ဒီအထောက်အထားတွေအရ ကိုရိုနာဗိုင်းရပ်ကို တရုတ်နိုင်ငံက ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထုတ်လုပ်ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်ဟာ မှားယွင်းပြီး သိပ္ပံနည်းကျ အထောက်အထားတွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်တွေကနေ အခြေပြုပြီး ကူးစက်ပြန့်ပွားလာတာ ဖြစ်တယ်လို့ USA TODAY ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။