ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်သလား

2022.07.10
ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်သလား အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း၏ မြန်မာနိုင်ငံခရီးစဉ်အား ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Ministry of Foreign Affairs and International Cooperation - Cambodia

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ကြတဲ့ အာဆီယံ အထူးကိုယ်စား လှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြန်မာ့အရေးကို သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကနေ အဖြေရှာဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက တွေ့ဆုံဆွေးနွေးရေး မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရေးက အဓိက အရေးကြီးတယ်လို့ ခရီးစဉ်အပြီးမှာ ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိကလည်း ပြည်သူလူထုရဲ့ အကျိုးစီးပွားရေး ရှေးရှုတဲ့အနေနဲ့ နိုင်ငံရေးအရ ပါဝင်သင့် ပါဝင်ထိုက် သူတွေအားလုံး ညှိနှိုင်းဆွေးနွေးပြီး၊ ပြန်လည်သင့်မြတ်တာကို လိုလားကြောင်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နဲ့ တွေ့ဆုံချိန်မှာ ဖိအားပေးပြောခဲ့ပါတယ်။

“သက်ဆိုင်တဲ့လူအားလုံးကို ညှိနှိုင်းနိုင်ဖို့လိုတယ်။ ပထမအဆင့်တော့ စေ့စပ်ဖို့လိုတယ်”

တရုတ်နဲ့ အာဆီယံ သံအမတ်တို့ ဖိအားပေးပြောဆိုခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေးက ဖြစ်လာ မယ့် အလားအလာ ရှိပါသလား။ စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားသူတွေဘက်ကရော အမြင်သဘောထား ဘယ်လိုရှိပါသလဲ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ...

“အဲဒါကတော့ ဖိအားတွေ၊ နိုင်ငံတကာ ဖိအားတွေများလာတယ်။ ပြည်တွင်းက ဖိအား တွေ များလာတယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့လေ။ အခုလို သူတို့အနေ နဲ့ တစ်စုံတစ်ရာ ထိန်းထားနိုင်တဲ့ အခြေအနေမျိုးအောက်မှာတော့ အဲဒီလို စဉ်းစားချက် မျိုးတွေ ရှိသေးပုံမရပါဘူး။ ၂၀၀၈ အခြေခံဥပဒေ ဆက်လက်ဆုပ်ကိုင်ရေးဆိုတာက NUG နဲ့ PDF တွေဘက်က အဲဒီသဘောထား မရှိဘူးဗျ။ အဲဒီအပေါ်မှာ ပြန်ညှိရမှာပေါ့ဗျာ။ အဲဒီဟာ ညှိနှိုင်းလို့ ရ၊ မရ ဆိုတာက ကျနော်တော့ သိပ်မလွယ်ဘူးထင်တယ်။ လော လောဆယ်တော့ ဖြစ်လာနိုင်ခြေမရှိဘူး”

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီနဲ့ တွေ့ဆုံဆွေးနွေးဖို့ကလည်း ပါတီတာဝန် ရှိသူတွေကို ဖမ်းဆီးထားတဲ့အတွက် ကိုယ်စားပြုဆွေးနွေးမယ့်သူ မရှိနိုင်ဘူးလို့ ဦးသန်းစိုး နိုင်က ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးရေးဆိုတဲ့နေရာမှာ စစ်ကောင်စီဘက်က လက်ရှိအာဏာကို ဆုပ်ကိုင်ထား လိုပြီး၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ မပြောင်းရေးဆိုတဲ့ သဘောထားမျိုး ရှိနေပြီး စစ်ကောင် စီကို တော်လှန်ရေးအဖွဲ့တွေအားလုံးကတော့ စစ်ကောင်စီ နိုင်ငံရေးက လုံးဝနုတ်ထွက်မှ သာ ဆွေးနွေးနိုင်မယ့် သဘောထားကို တွေ့ရတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းဖြစ်လာဖို့ အားလုံးပါဝင်ဖို့အပြင် စစ်ကောင်စီကိုယ်တိုင် က ဆွေးနွေးလိုစိတ်ရှိဖို့လိုတယ်လို့ အာဆီယံကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ မွန်ညီညွတ် ရေးပါတီ (MUP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောပါတယ်။

“သက်ဆိုင်တဲ့လူအားလုံးကို ညှိနှိုင်းနိုင်ဖို့လိုတယ်။ ပထမအဆင့်တော့ စေ့စပ်ဖို့လိုတယ်။ Dialogue လုပ်ဖို့လိုတယ်။ နောက်တစ်ခုက ကျနော်တို့က တွေ့ဆုံဆွေးနွေးတဲ့အခါကျ တော့ တစ်ဖက်နဲ့တစ်ဖက်တော့ လွန်ဆွဲကြမှာပဲလေ။ အဲဒီမှာ အပေးအယူတွေ လုပ်ရ မယ်။ အထူးသဖြင့်တော့ Win-Win solution ဖြစ်ရင်တော့ ပိုကောင်းတာပေါ့နော်။ အစိုးရဘက်က လုပ်ရင်တော့ အကုန်လုံးဖြစ်နိုင်ခြေရှိပါတယ်။ လုပ်၊ မလုပ်ဆိုတာက တော့ အစိုးရနဲ့ပဲ သက်ဆိုင်တယ်လေ”

ပရက်ဆော့ခွန်းဟာ သူ့ရဲ့ခရီးစဉ်တွင်း ဇူလိုင် ၂ ရက်နေ့မှာ နိုင်ငံရေးပါတီ (၇) ပါတီနဲ့ တွေ့ ဆုံခဲ့တာပါ။ မွန်ညီညွတ်ရေးပါတီကတော့ သက်ဆိုင်သူအားလုံးပါဝင်နိုင်မယ့် တွေ့ဆုံဆွေး နွေးရေးဖြစ်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့နဲ့ ရွေးကောက်ပွဲကျင်းပဖို့ကို ပရက်ဆော့ခွန်း ထံ တင်ပြခဲ့တယ်လို့ နိုင်သန်းရွှေက ဆိုပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ကလည်း ပါဝင်သင့်သူအားလုံး ပါဝင်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အာဆီယံ ကိုယ်စားလှယ်ကို အကြံပြုခဲ့တယ်လို့ ဇူလိုင်လ ၅ ရက် နေ့က ထုတ်ပြန်ထားပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၂ နာရီကြာ တွေ့ဆုံစကားပြောခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ဗိုလ်ချုပ် ရာပြည့် တို့နဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်နဲ့ပဲ တွေ့ခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခြင်း ရှိ၊ မရှိဆိုတာကတော့ ဘယ်ဘက်ကမှ တရားဝင်မထုတ်ပြန်လို့ မသိရပါဘူး။

မန္တလေးသံဃသမဂ္ဂ ဆရာတော်တစ်ပါးကလည်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး တရုတ်နဲ့ အာဆီယံရဲ့ ဖိအားပေးချက်အပေါ် သူ့ရဲ့အမြင် RFA ကို မိန့်ပါတယ်။

“အာဆီယံရော တရုတ်ကရော တွန်းပို့နေတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ တကယ်တမ်း အနှစ်ချုပ်ရရင် အာဏာမသိမ်းခင်က စစ်တစ်ပိုင်း အုပ်ချုပ်ရေးကို ပြန်သွားခိုင်းတာ ထက် မပိုဘူးပေါ့လေ။ နိုင်ငံရေးအရ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တွေ့ရလိမ့်မယ်။ NLD အစိုးရလုပ်ခဲ့တဲ့ ညှိနှိုင်းရေးဆိုတာနဲ့ ပြီးသွားလို့ မရပါဘူး။ အဲဒီလို ပြီးသွားရင်လည်း ပြည်သူတွေက လက်ခံမှာမဟုတ်ပါဘူး။ ဒီအချိန်မှာတော့ တွေ့ဆုံဆွေးနွေးရေးဟာ ခေါ် လာသင့်တဲ့ ခေါင်းစဉ်မဟုတ်ဘူးလို့ ဦးဇင်းကတော့ မြင်တယ်ပေါ့နော်”

စစ်ကောင်စီရော NUG နဲ့ PDF ရော နှစ်ဖက်စလုံးက မဆွေးနွေးလိုဘူးလို့ ပြောထားကြ တာကြောင့် ဒီလိုဖြစ်လာဖို့က ပြည်သူအပေါ်မှာပဲ မူတည်နေတယ်လို့ ဆရာတော်က ဆိုပါတယ်။

မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ မွန်ပြည်နယ်၊ သထုံခရိုင်က ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) ရဲ့ တာဝန်ခံကတော့ လက်ရှိအချိန်အထိ စစ်ကောင်စီနဲ့ ညှိနှိုင်းဖို့ဆန္ဒမရှိဘဲ ပြည်သူလူက တောင်းဆိုရင်တော့ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ PDF ကလေးတွေအများစုနဲ့ ပြည်သူရဲ့ သဘောထားက ဒီကောင်တွေနဲ့ ဆွေးနွေးတာတို့၊ စေ့စပ်ညှိနှိုင်း တိုင်ပင်တာတို့ မရှိဘူး။ ဆန္ဒလည်း မရှိဘူး။ သို့သော် လက်ရှိ စစ်ရေးအရှိန်အရ၊ ပြည်သူရဲ့ ပါဝင်ပူးပေါင်းနိုင်မှုအရ၊ နိုင်ငံတကာသံတမန်အရ ဆိုရင်တော့ ကျနော်တို့က ဒီအချိန်မှာ သူတို့နဲ့ ဘာမှဆွေးနွေးစရာ မရှိပါဘူး။ သူတို့က သူတို့ထွက်ပေါက် သူတို့ရှာတာပါပဲ။ ကျနော်တို့က ဒီအချိန်မှာ သူတို့ဘက်ကို လှည့် ကြည့်စရာအကြောင်း မရှိဘူး။ ပြည်သူလူထုက လုပ်ပါပြောရင်တော့ ကျနော်တို့က လုပ်မှာပဲ”

စစ်ကောင်စီဘက်ကတော့ တရားရင်ဆိုင်နေရသူတွေ၊ လက်နက်ကိုင်တွန်းလှန်နေသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ ပြတ်သားတဲ့ သဘောထားကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက အစောပိုင်းမှာ ပြောထားပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ အာဆီယံ အထူးကိုယ် စားလှယ်တွေရဲ့ ခရီးစဉ်အပြီးမှာတော့ နိုင်ငံရေးမှာ မဖြစ်နိုင်တာ မရှိဘူးလို့ ဘီဘီစီသတင်း ဌာနနဲ့ မေးမြန်းခန်းမှာ လေသံပြောင်းပြောဆိုလာပါတယ်။

mekong-lancang-meeting.jpg
ပုဂံမြို့တွင် ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ် ( Photo: Ministry of Foreign Affairs and International Cooperation - Cambodia)

တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ အမျိုးသား ညီညွှတ်ရေးအစိုးရ NUG ဘက်ကလည်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ တင်းမာတဲ့ သဘောထားရှိပါတယ်။ ဒါပေမဲ့ အခုတရုတ်နဲ့ အာဆီယံသံတို့ရဲ့ တိုက်တွန်းပြောဆိုချက်တွေနောက်ပိုင်း NUG သဘောထား ကို သိနိုင်ဖို့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ဆီ RFA က မေးမြန်းထားပေမယ့် အကြောင်း မပြန်သေးပါဘူး။

မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်တင်မက သူ့ရဲ့ရှေ့နေတွေနဲ့ပါ ပေးမတွေ့ပါဘူး။

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကို စစ် ကောင်စီဘက်က လိုက်နာဆောင်ရွက်တာ မရှိသလောက် နည်းနေသေးတယ်လို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သံတမန်တွေကို ပြန်လည်ရှင်းပြချိန်မှာ မစ္စတာ ပရက်ဆော့ခွန်းက ပြောခဲ့ပါ တယ်။

ဒါကြောင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဒီလကုန်ပိုင်းမှာ ကျင်းပ မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို မဖိတ်ဘူးလို့ ပြောပါတယ်။ ဒီအစည်းအဝေးတွေအတွက် မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံ ရေးနဲ့ ကင်းတဲ့သူကိုပဲ ဖိတ်သွားမယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။