၁၉၆၂ ဇူလိုင် ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးရှေ့မှာ ဘာတွေဖြစ်ခဲ့ပါသလဲ။ ဒီမိုကရေစီ အစိုးရထံက အာဏာသိမ်းပြီးစ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ စစ်အစိုးရက ငြိမ်းချမ်းစွာ အခွင့်အရေးတောင်းဆိုနေတဲ့ ဆန္ဒပြကျောင်းသားတွေကို ရက်စက်စွာ သတ်ဖြတ်ခြင်းနဲ့ အာဏာရှင်တွေရဲ့ သရုပ်မှန်ကို စတင်ပြသလိုက်ပါတယ်။ အဲဒီအချိန်က တက္ကသိုလ်ဝင်းအတွင်း ရှိနေသူတဦးက နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်စောဦး ဖြစ်ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းဟန်ထက်က အာဏာရှင်စနစ်ကို အဆုံးသတ်ရမယ့် ကာလရောက်ပြီလို့ ပြောကြားလိုက်ပါတယ်။
“ စစ်အာဏာရှင်ဆန့်ကျင်ရေးကိစ္စတွေဟာ ဒီ 7 July ကနေစလို့ ကျနော်တို့တွေ အများကြီးဖြတ်သန်း ကြုံတွေ့ခဲ့ရပြီးပြီ။ ဒီနေ့ ဒီအချိန်မှာသာ စစ်အာဏာရှင်ကို အမြစ်မဖြတ်နိုင်ဘူးဆိုရင် နောက်မျိုးဆက်အသီးသီးက ဒီ 7 July လို အခင်းအကျင်းမျိုးတွေ အခြေအနေမျိုးတွေ၊ ၂ဝ၂၁ လို အခြေအနေ အခင်းအကျင်းမျိုးတွေ ထပ်ကြုံတွေ့ရလိမ့်မယ်။ ဒါကြောင့် သမိုင်းဆိုး အရှည်ကြီးကို ဒီကာလမှာ အမြစ်ဖြတ်ဖို့ပါပဲ။ ဒါက အရေးကြီးဆုံးပါပဲခင်ဗျ။ ”

မိတ္ထီလာခရိုင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုမင်းထက်မြတ်ကလည်း-
" 7 July ဆိုတာ စစ်အာဏာရှင်ရဲ့ ပထမဆုံး ကျောင်းသားထုကို ဖိနှိပ်မှု အကြီးမားဆုံးဖြစ်ပါတယ်။ ကျနော်တို့ ကျောင်းသားထုဟာ လူထုပေါ်မှာ ရပ်တည်ပြီး တော်လှန်ခဲ့ကြတာဖြစ်တယ်။ ဒီကနေ့ ကာလမှာလဲ 7 July နောင်တော်ကြီးတွေရဲ့ စိတ်ဓာတ်ကို အလေးအနက်ပြု အတုယူပြီး ဆက်လက်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။"
ဇူလိုင် ၇ ရက် ညနေပစ်ခတ်မှုမှာ ကျောင်းသား ၁ဝဝ ကျော်သေဆုံးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ နောက်တနေ့ ဇူလိုင် ၈ ရက်မနက်စောစောမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို စစ်တပ်က ဒိုင်းနမိုက်တွေနဲ့ မိုင်းခွဲ ဖျက်ဆီးခဲ့ပါတယ်။ အဲဒီ မိုင်းခွဲမှုနဲ့ ပတ်သက်ပြီး ဘယ်စစ်တပ်ခေါင်းဆောင်ကမှ အခုအချိန်ထိ ဝန်ခံခဲ့ခြင်း မရှိပါ။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်စောဦး က-
"သမဂ္ဂဗုံးခွဲတဲ့ ကိစ္စမှာ ဦးနေဝင်း က နံပါတ် ၁ ဆိုရင် ဦးအောင်ကြီးက နံပါတ် ၂ ပဲ။ ပြီးရင် ကျန်တဲ့ အဲဒီမှာ ပါဝင်ပတ်သက်ခဲ့တဲ့ တော်လှန်ရေးကောင်စီဝင် အားလုံးမှာ တာဝန်ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်။"

ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုပိုင်ဖြိုးမင်းကတော့ စစ်တပ်ရဲ့ ပြည်သူအပေါ် လူမဆန်ရက်စက်မှုတွေဟာ အခုအချိန်အထိ လျော့ပါးသွားခဲ့ခြင်း မရှိပါဘူးလို့ ဝေဖန်ပါတယ်။

တက္ကသိုလ်ကျောင်းသားများအင်အားစုက ကိုဇေယျာလွင်ကလည်း အာဏာရှင်စနစ် ဖယ်ရှားရေး နောက်ဆုံးတိုက်ပွဲကို မိမိတို့ ဆင်နွှဲနေကြပြီလို့ ပြောပါတယ်။
" ယနေ့အချိန်က တိုက်ပွဲကြားက 7 July ဖြစ်နေတဲ့ အခါကျတော့ ပြည်သူလူထုရော လူငယ်တွေရော သမဂ္ဂမဟုတ်တဲ့ ကျောင်းသားတွေရော 7 July ကို စိတ်ဝင်စားမှု အများကြီး ရှိနေကြတယ်။ ဒါဟာ တိုက်ပွဲကရတဲ့ သမိုင်းပေါ်မှာ တန်ဖိုးထားမှုတွေပေ့ါ။ ၁၉၆၂ ခုနှစ်မှာ အဲဒီတုန်းက အာဏာသိမ်းမှုအပေါ် ဝိဝါဒ ကွဲပြားမှုတွေရှိတယ်၊ ဒီကနေ့ အာဏာသိမ်းမှုမှာတော့ ပြည်သူတွေက ဝိဝါဒကွဲပြားမှု လုံးဝမရှိဘဲ စစ်အာဏာရှင်ကို အမြစ်ပြုတ်အောင် တိုက်ထုတ်မယ်ဆိုပြီး အားလုံးက သန္နိဌာန်ထားခဲ့ကြတယ်။ ဒီ စစ်အာဏာရှင် မရှိမှသာလျှင် ငါတို့တိုင်းပြည်ဟာ ရှေ့ကိုဆက်သွားလို့ရမယ်။ လူငယ်အားလုံးရဲ့ ရည်မှန်းချက်တွေ အနာဂတ်တွေ ကောင်းမွန်မယ်လို့ အားလုံးက ယုံကြည်သွားကြပြီ မြင်သွားကြပြီ။ အဲဒီ့အတွက်ကြောင့် ကျနော်တို့ပြည်သူအားလုံးဟာ 7 July မှာ တော်လှန်ခဲ့ကြတဲ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို စွဲကိုင်ပြီး အခု တိုက်ပွဲဝင်နေကြတယ်လို့ ကျနော်မြင်တယ်။ "
ကျောင်းသားတွေ သွေးမြေကျခဲ့တာ ၅၉ နှစ်ရှိပါပြီ။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်အရေးအခင်းဟာ စစ်တပ်ရဲ့ ရက်စက်မှုတွေ စတင်တဲ့ကာလ ဖြစ်ပြီး အခု နွေဦးတော်လှန်ရေးကတော့ စစ်တပ်ရဲ့ ရက်စက်မှုတွေကို အဆုံးသတ်ရမယ့် ကာလဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။