ICJ အမှု မြန်မာဘက်ကကန့်ကွက်ချက်အားလုံး တရားရုံးပယ်ချ

2022.07.22
ICJ အမှု မြန်မာဘက်ကကန့်ကွက်ချက်အားလုံး တရားရုံးပယ်ချ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါက်တာ သီတာဦး (ရှေ့ဆုံးတန်း ဘယ်အစွန်) တို့ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ICJ တရားရုံးမှာ တွေ့ရစဉ်
Photo: ICJ

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု အတွက် စွဲဆိုထားတဲ့အမှုမှာ ICJ တရားရုံးကနေ ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း မြန်မာဘက် က တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်ချက် လေးချက်လုံးကို ဂျူလိုင်လ ၂၂ရက်နေ့ မနေ့က တရားသူကြီးတွေက ပယ်ချပြီး၊ ဒီအမှုကို တရားရုံးကနေ ဆက်လက် ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအမှုမှာ အမှန်တကယ် တရားစွဲဆို တိုင်ကြားသူဟာ ဂမ်ဘီယာ နိုင်ငံမဟုတ်ဘဲ၊ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ OIC အဖွဲ့က နောက်ကွယ်က စေခိုင်းနေတာဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပထမ ကန့်ကွက်ချက်၊ တရားစွဲဆိုသူ ဂမ်ဘီယာနိုင်ငံဟာ ဒီအမှု မှာ တိုက်ရိုက် ထိခိုက်နစ်နာမှုမရှိဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ ဒုတိယ ကန့်ကွက်ချက်၊ မြန်မာနိုင်ငံပါဝင် လက်မှတ်ထိုးထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေး သဘောတူညီ ချက် ဂျနီဗာ ကွန်ဗင်းရှင်းရဲ့ အခန်း (ဂ) အရ ဒီအမှုကို ICJ တရားရုံးကနေ စီရင်ခွင့် မရှိတဲ့ အကြောင်း တတိယ ကန့်ကွက်ချက် နဲ့ ICJ တရားရုံးဟာ နိုင်ငံတွေအကြား အငြင်းပွားမှု တွေကို စစ်ဆေး ဆုံးဖြတ်ပေးရတာ ဖြစ်ပြီး၊ ဂမ်ဘီယာ ဘက်က တရားစွဲဆိုချိန်မှာ မြန်မာ နိုင်ငံနဲ့ အငြင်းပွားမှု မရှိတဲ့အတွက် တရားရုံးအနေနဲ့ စီရင်စစ်ဆေးခွင့် မရှိကြောင်း စတုတ္ထ ကန့်ကွက်ချက်အဖြစ် မြန်မာဘက်က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အခုလို မြန်မာဘက်က ကန့်ကွက်မှု လေးခုစလုံးကို ပယ်ချပြီး၊ ဒီအမှုကို ဆက်လက်စစ်ဆေး ဖို့ ICJ တရားရုံးက မနေ့က ဆုံးဖြတ်လိုက်တာဟာ ရိုဟင်ဂျာတွေ တရားမျှတမှု ရဖို့အတွက် ဂမ်ဘီယာနိုင်ငံအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ဂမ်ဘီယာနိုင်ငံ တရားရေးဌာနက တွစ်တာမှာ ရေးသားလိုက်ပါတယ်။

ဒီအမှုကို အိုင်စီဂျေ တရားရုံးမှာ ဆက်လက်ပြီး ကြားနာစစ်ဆေး ဆုံးဖြတ်ခွင့်ရှိကြောင်း ဆုံးဖြတ်ပေးလိုက်တာဟာ လူမျိုးတုံးသတ်ဖြတ်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ ရိုဟင်ဂျာ တွေအတွက် သတင်းကောင်းဖြစ်တယ်လို့ မနေ့က ICJ ရုံးချိန်းကို ကိုယ်တိုင် တက်ရောက် ခဲ့တဲ့ မြန်မာရိုဟင်ဂျာအသင်း ယူကေက ဦးထွန်းခင်က ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG အနေနဲ့ မနေ့က ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး၊ တရာရုံးက ချမှတ်တဲ့ စီရင်ချက်တွေအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမယ် လို့ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်း တရားစီရင်မှုကို လက်ခံယုံကြည်လို့ မရတဲ့ အခြေအနေ ဖြစ်နေတဲ့အတွက်လည်း အခုလို နိုင်ငံတကာ တရားရုံးမှာ စစ်ဆေးစီရင်ဖို့ ဖြစ်လာရတာလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ICJ တရားရုံး ဆုံးဖြတ်ချက်ကြောင့် ဒီအမှုကို ဆက်လက် စစ်ဆေးဖို့ လမ်းပွင့်သွားပြီ ဖြစ်ပေမယ့် အမှန်တကယ် စီရင်ချက်ချနိုင်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး ကြာနိုင်တယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

မနေ့က ICJ တရားရုံး ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ RFA က စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်၊ ဖုန်းဖြေကြားခဲ့တာ မရှိပါဘူး။

မြန်မာ စစ်တပ်ဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ ကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ပြီး၊ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက နေ မောင်းထုတ်ဖို့ ကြိုးစားခဲ့တဲ့လုပ်ရပ်တွေဟာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးကွန်ဗင်းရှင်းပါ သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်တဲ့အတွက် အရေးယူပေးဖို့ ၂၀၁၉ ခုနှစ်က ICJ တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။