ကိုဗစ်ရောဂါသည်တွေ အသက်ရှင်ရေး အောက်ဆီဂျင်အတွက် လျှပ်စစ်လိုအပ်

2021.07.26

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာနိုင်ငံ လျှပ်စစ်ဖြန့်ဖြူးရေး အခက်အခဲရှိပြီး လျှပ်စစ်မီတာခ မပေးဆောင်ရေး သပိတ်တိုက်ပွဲကြား မြို့ပြတွေမှာ မကြာခဏမီးပျက်တယ်လို့ Nikkei Asia က မနေ့က ဖော်ပြတဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ ပါရှိပါတယ်။

မီးပျက်တဲ့အခါ ကပ်ရောဂါကူးစက်ခံရသူတွေ များနေချိန်မှာ ဆေးရုံတွေက မီးအားပေး စက်သုံးရတဲ့အတွက် ကုသစရိတ်ကြီး မားတယ်လို့လည်း ဖော်ပြပါတယ်။ ရန်ကုန်တိုင်း တာမွေမြို့နယ်မှာနေထိုင် သူတစ်ဦးကတော့ မီးပျက်ချင်ရင်ပြတ်ပြီး တိုင်းပြည်အခြေအနေက ကျဆုံးပျက်စီးနိုင်ငံဖြစ်နိုင်ချေ ရှိတယ်လို့ခန့်မှန်းပါတယ်။

မီးပြတ်တဲ့အခါ ဆေးရုံတွေက မီးအားပေးစက်သုံးရတဲ့အတွက် ကုသစရိတ်ကြီးမြင့်လည်း ကိုဗစ်-19 ကူးစက်ခံရတဲ့ လူနာ ဆေးရုံရအောင် တင်ဖို့ကြိုးစားလည်း တချို့မအောင်မြင်ကြပါဘူး။ ဆေးရုံတွေက လက်မခံလို့ လူနာကို အိမ်ပြန်သယ်လာရတယ်လို့ လူနာရှင်အတော်များများက ပြောကြသလို facebook လူမှုကွန်ရက်ကလည်း အသိပေးပါတယ်။ နေ့တိုင်းလည်း အောက်ဆီဂျင်ရှာနေကြရတဲ့ အကြောင်းလည်း လူမှုကွန်ရက်မှာ အတွေ့များပါတယ်။

Nikkei Asia သတင်းဆောင်းပါးမှာလည်း စိတ်မချရတဲ့ လျှပ်စစ်မီးကြောင့် covid-19 တတိယလှိုင်း ထန်ချိန်မှာ နဂိုကတည်းက လှုပ်လီလှုပ်လဲ့ ဖြစ်နေတဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍ ဖိအားပိုများလာတယ်လို့ ဖော်ပြပါတယ်။ တရားဝင်စာရင်းကိုယ်နှိုက် စံချိန်တင်အောင်များနေပြီး ဇွန်လလယ်ကစလို့ နေ့စဉ်အတည်ပြုလူနာ ပျမ်းမျှ ၆၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း အတည်ပြုလူနာ စုစုပေါင်း (၂၆၉,၅၂၅) ၂ သိန်း ရှိတယ်လို့ မနေ့ည ၈ နာရီက သတင်းထုတ်ပြန်ပါတယ်။ ၃၅၅ ယောက် ထပ်သေဆုံးပြီး စုစုပေါင်း (၇,၁၁၁) သေဆုံးရတယ်လို့ ဖော်ပြပါတယ်။

နိုင်ငံတကာသုတေသီတွေပြုစုတဲ့ WorldOmeter ဇယားအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့ ၇၆ နိုင်ငံမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံးကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပြီး တရားဝင်စာရင်းကို အခြေခံတွက်ချက်တဲ့အခါ လူတစ်သန်းမှာ လူ ငါးသောင်းခွဲ ဗိုင်းရပ်စ်ကူးစက်ခံရတာ ရှိ၊ မရှိ စစ်ဆေးနိုင်ပြီး လူတစ် သန်းမှာ ၁၂၃ ယောက် သေဆုံးရတယ်လို့ ဖော်ပြပါတယ်။ ဒါဟာတရားဝင်စာရင်းပဲဖြစ်ပြီး လူတိုင်းကို မစစ်ဆေးနိုင်တဲ့အပြင် ဗိုင်းရပ်စ်ကြောင့် အမှန်တကယ် သေဆုံးသူဦးရေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေက ဒီထက်များတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေကိုကုသနိုင်ဖို့ လျှပ်စစ်ကဏ္ဍက မရှိမဖြစ် အရေးပါပေမယ့် အကျပ်အတည်း တွေနဲ့ ရင်ဆိုင်နေရပါတယ်။ တစ်နိုင်ငံလုံး လှုပ်ရှားတဲ့ CDM အနုနည်းနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးတစိတ် တပိုင်း အနေနဲ့ လစဉ်ပေးချေရမယ့် မီတာခ မဆောင်ကြတဲ့အတွက် ဖေဖော်ဝါရီကစလို့ စစ်ကောင်စီလက် အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝင်ငွေက မနှစ်ကအလားတူ ကာလကထက် ၉၀ % ကျဆင်းသွား တယ်လို့ IEM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စီးပွားရေးပညာရှင်များအဖွဲ့က ပြောပါတယ်။

တာမွေမြို့နယ်က ဒေသခံကတော့ မီတာခပေးဆောင်သူဖြစ်ပါတယ်။ သူပေးတဲ့အခါ ကိုယ်ကလည်း ပေးသင့် တာပေးတာပါလို့ ပြောပါတယ်။ သူ့ဘက်ကသာ မျှမျှတတ စဉ်းစားပေမယ့် စစ်ကောင်စီလက်ထက်မှာ မီတာခတွက်ချက်ပုံက အမှားအယွင်းရှိပြီး NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်ကလို လျှော့ပေါ့မပေးဘဲ အပြည့်ပေးဆောင်ရတယ်လို့ ပြောပါတယ်။

ကမာရွတ်မြို့နယ်မှာ နေထိုင်နေသူတယောက်ကတော့ ဖေဖော်ဝါရီလကတည်းက မီတာလာမဖတ်ဘဲ မီတာခွန်စာရွက်ပေးတဲ့အတွက် မီတာခဘယ်လို တွက်ချက်သလဲ မသိဘူးလို့ ပြောပါတယ်။ အများစုက မီတာခ မပေးကြဘူးလို့လည်း ပြောပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက CDM ဝန်ထမ်း ၄၀၅၈ ယောက်အလုပ်က ထုတ်ပယ်မခံရခင် ဝန်ထမ်း ငါးသောင်းနဲ့ လည်ပတ်နေရာက လူလေးထောင်ကျော်ရဲ့ လုပ်အားဆုံးရှူံးတဲ့အခါ လုပ်ငန်းလည်း ထိခိုက် တယ်လို့ IEM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စီးပွားရေးပညာရှင်များအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ နိုင်ငံပိုင်ဆေးရုံတွေဟာ မီးအားပေးစက်တွေကို ပိုလို့အားထားနေရပြီး လောင်စာဆီဈေးတွေကလည်း အကျမရှိ တက်မြဲတက်နေတယ်လို့လည်း ဆိုပါတယ်။

Covid-19 ကပ်ရောဂါဖြစ်ပွားနှူန်း မြင့်တက်နေပေမယ့် စစ်ကောင်စီဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ဆေး ဘက်ဆိုင်ရာပညာသည်တွေနဲ့ ညှိနှိုင်းဖို့ စိတ်ဆန္ဒရှိပုံမပြဘဲ ဖမ်းဆီးထားတဲ့ ဆရာဝန်တွေကို လွှတ်လည်းလွှတ် မပေး ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းတွေအတွက် လုံခြုံရေးအာမခံချက်လည်း မပေးဘူးလို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။