ဒိုက်ဦးထောင်ကနေ အသတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးအထိရှိလာ

RFA Burmese
2023.07.27
ဒိုက်ဦးထောင်ကနေ အသတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးအထိရှိလာ ပဲခူးတိုင်းဒေသကြီး ရွှေမြယာ အကျဉ်းစခန်းအား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Myanmar Prisons Department

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်ခံရတာနဲ့ ထောင်ထဲမှာ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အနည်းဆုံး ၁၃ ယောက်ရှိလာပြီလို့ မိသားစုဝင်တွေ၊ နီးစပ်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားအရေး လေ့လာစောင့်ကြည့် နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဒိုက်ဦးထောင်ကခေါ်ထုတ်သွားပြီး လမ်းမှာပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ယောက်ရှိပါတယ်။

အဲဒီထဲမှာ သေဆုံးတဲ့သူ ရှစ်ယောက်အထိရှိနေတာကို အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

"သတ်လိုက်ပြီးတော့မှ အကြောင်းပြချက်တစ်ခု သူတို့ပေးတယ်လို့ ထင်တယ်”

သူတို့ကို ထောင်ပြောင်းတဲ့အချိန်၊ လမ်းမှာကားမှောက်တော့ ထွက်ပြေးဖို့ကြိုးစားတဲ့ အတွက် ပစ်ခတ်ဖမ်းဆီးတဲ့အခါ သေဆုံးသွားတာဆိုတဲ့အကြောင်း RFA က ဖတ်ခွင့်ရတဲ့ မိသားစုဆီ ထောင်အာဏာပိုင်တွေရဲ့ အကြောင်းကြားစာမှာ တွေ့ရပါတယ်။

သေဆုံးသွားတဲ့သူတွေက ကိုဇင်ဝင်းထွဋ် (ခ) တရုတ်ကြီး၊ ကိုနေအေး (ခ) အာကာထက်ပိုင်မျိုး၊ ကိုရာလေး (ခ) ဇင်မြင့်ထွန်း၊ ကိုပြည့်ဖြိုးဟိန်း (ခ) ကိုပြည့်၊ ကိုဝေယံလွင် (ခ) ဂျာကြီး၊ ကိုခန့်လင်းနိုင် (ခ) ကိုခန့်၊ ကိုဘိုဘိုဝင်း (ခ) ထန်းတောကြီးနဲ့ ကိုအောင်မျိုးသူ တို့ဖြစ်တယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစောပိုင်းသတင်းတွေမှာပြောနေတဲ့ ကိုမင်းဘုန်းမဟာနဲ့ ပတ်သက်လို့တော့ သူသေဆုံးပြီဆိုတဲ့ တရားဝင်စာမတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒီလူငယ်တွေကို ပဲခူး PDF တွေအဖြစ် ဖမ်းထားတဲ့အကြောင်း စစ်ကောင်စီက ၂၀၂၁ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတဲ့အတွက် အဖမ်းခံရပြီး တစ်နှစ်ခွဲအကြာလောက်မှာ အခုလို သတင်းတွေထွက်လာခဲ့တာပါ။

အဲဒီ ရှစ်ယောက်အပြင် ကိုအောင်စိုးမိုး (ခ) ကိုမဲလုံးဟာ ဇူလိုင်လ ၁၆ ရက်နေ့က ဒိုက်ဦးထောင်ထဲမှာ သေဆုံးသွားပါတယ်။ ပဲခူးတိုင်း ဝေါမြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဒီကတော့ ကျန်းမာရေးမကောင်းလို့ ပဲခူးဆေးရုံကိုပို့ပြီးကုတဲ့အချိန် ဇူလိုင် ၁၇ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။

မေလ ၂၅ ရက်နေ့ကလည်း ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသား ၂၄ ယောက်ကို ထောင်အပြင်ခေါ်ပြီး စစ်ကြောရေးပြန်လုပ်တဲ့အခါ အသက် ၁၉ နှစ်အရွယ် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုသန့်ဇင်ဝင်းနဲ့ နောက်ထပ် နာမည်မသိရသေးတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါကြောင့် ဒိုက်ဦးထောင်တစ်နေရာတည်းက သေဆုံးရတဲ့နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်အထိရှိလာတာပါ။

အဲဒီအထဲက သက် ၃၁ နှစ်အရွယ် ကိုနေအေး သေဆုံးသွားတဲ့အကြောင်းကို ဇူလိုင်လ ၁၄ ရက်နေ့မှာ အကျဉ်းဦးစီးဌာနက မိသားစုတွေကို စာနဲ့အကြောင်းကြားတာလို့ သူ့မိတ်ဆွေက RFA ကို ပြောပါတယ်။

“၁၄ ရက်နေ့ ညနေ သုံးနာရီနောက်ပိုင်းလောက်မှာ စာရောက်လာပါတယ်ဗျ။ ဒိုက်ဦးအကျဉ်းထောင် အကျဉ်းဦးစီးကနေမှ အကြောင်းကြားတဲ့စာပါ။ ဦးကျော်ဇေယျက လက်မှတ်ထိုးထားပါတယ်ဗျ။ ဒိုက်ဦးအကျဉ်းထောင်ကနေ သာယာဝတီအကျဉ်းထောင် ကို ပြောင်းရွှေ့နေတဲ့အချိန်မှာ ထောင်ကားက တိမ်းမှောက်မလိုဖြစ်နေတဲ့အခြေအနေမှာ အချုပ်သားတွေဟာ အခွင့်အရေးယူပြီးတော့ ထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ရင်းနဲ့ သေဆုံးသွားတယ်ဆိုပြီးတော့ ပို့လာတာပါ”

ဒီအကြောင်းပြချက်က ယုံနိုင်စရာမရှိဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရတာလို့ ယူဆတဲ့အကြောင်း သူက ပြောပါတယ်။

ကိုနေအေးဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့မှာ အဖမ်းခံရပြီး အင်းစိန်ထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီက ဒိုက်ဦးထောင်ကိုပို့ထားတာပါ။

သူဟာ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆေးပေးခန်းဖွင့်နိုင်ဖို့၊ ရေသန့်သုံးခွင့်ရဖို့နဲ့ စာဖတ်ခွင့်ရဖို့ကြိုးစားခဲ့လို့ အကျဉ်းသားတွေ ချီးကျူးခံရတဲ့သူလို့လည်း ဆိုပါတယ်။

နောက်ထပ်သေဆုံးတဲ့သူတစ်ယောက်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုဇင်ဝင်းထွဋ် ကတော့ မြင်းခြံမြို့နယ်ကဖြစ်ပါတယ်။ သူက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ အဖမ်းခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့သူဖြစ်ပါတယ်။

သူသေဆုံးသွားပြီဆိုတဲ့အကြောင်းကိုလည်း ဇူလိုင်လ ၁၈ ရက်နေ့မှာ မိသားစုကို အကြောင်းကြားခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒါဟာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရတာလို့ သူနဲ့နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မြင်းခြံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

“ကိုဇင်ဝင်းထွဋ်တို့ အစုအဖွဲ့ပေါ့နော် အဲဒီအခုပါသွားတဲ့လူတွေ တစ်လလောက် တိုက်ပိတ်ခံထားရသေးတယ်လို့ ပြောတယ်။ တစ်လလောက်တိုက်ပိတ်ပြီးမှ တိုက်ကဖွင့်ပြီး သူတို့အဖွဲ့ကို ကိုဇင်ဝင်းထွဋ်တို့ကျတော့ သာယာဝတီထောင်ပေါ့။ တချို့ မင်းဘုန်းမဟာတို့ကျတော့ အင်းစိန်ထောင်ပေါ၊့ အဲဒီလို ပြောင်းတဲ့အချိန် မပြောင်းခင်ကို စစ်ကြောရေးကိုခေါ်ပြီး နှိပ်စက်သေးတယ်လို့ ကျွန်တော်တို့ကြားတယ်။ ကျွန်တော် ထင်တယ် အဲဒီမှာကတည်းက သတ်လိုက်တယ်လို့ထင်တယ်။ သတ်လိုက်ပြီးတော့မှ အကြောင်းပြချက်တစ်ခု သူတို့ပေးတယ်လို့ ထင်တယ်”

ကိုဇင်ဝင်းထွဋ်ဟာ ဘွဲ့ရလူငယ်တစ်ယောက်ဖြစ်ပြီး မြင်းခြံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌဟောင်းဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှာ ဦးဆောင်ပါဝင်ခဲ့တယ်လို့ သူကပြောပါတယ်။

ဒီသတင်းမှာမဖော်ပြနိုင်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့နောက်ခံအကြောင်းအရာတွေ ကို RFA က ဆက်လက်စုံစမ်းနေပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်အကျဉ်းထောင်မှ လွတ်မြောက်လာသူများအား ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ပဲခူးတိုင်းဒေသကြီး ပြည်အကျဉ်းထောင်မှ လွတ်မြောက်လာသူများအား ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးသွားပြီဆိုတာကို ထောင်အာဏာပိုင်တွေကစာနဲ့ အကြောင်းကြားပေမယ့် မိသားစုဝင်တွေကတော့ သူတို့ရဲ့ ရုပ်အလောင်းကို တွေ့ခွင့်မရကြပါဘူး။ ဒါကြောင့် အဖြစ်မှန်တွေအားလုံး သိချင်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ နီးစပ်တဲ့သူတစ်ယောက်က ပြောပါတယ်။

“အခုက သေသွားတယ်တာပြောတယ်၊ အလောင်းလည်း ဘာမှမသိရဘူး။ သူတို့တွေက စာထုတ်တယ်၊ စာထုတ်တာလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ထုတ်တယ်ဆိုတာလည်း ကျွန်မတို့က မသိရဘူး။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ မှန်မှန်ကန်ကန်အားလုံးကို သိချင်ပါတယ်”

ကျန်ရစ်တဲ့မိသားစုတွေရဲ့ ဆန္ဒနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

AAPP ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒီလုပ်ရပ်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အခုလိုမျိုး ဒိုက်ဦးထောင်ဖြစ်စဉ်ဆိုရင် အပြင်မှာသတ်ပစ်လိုက်တယ်ဆိုတာက တော်တော်ကို ထင်ထင်ရှားရှားဖြစ်တဲ့ ကိစ္စပေါ့နော်။ တကယ်ကို ဆိုးဝါးကြမ်းကြုတ် လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တယ်”

ဒါကြောင့် ကုလသမဂ္ဂ အပါအဝင်နိုင်ငံတကာက စစ်ကောင်စီကို အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက်အရေးယူဖို့ AAPP က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။