ဒေါ်အောင်ဆန်းစုကြည်ဆီက Gwangju လူ့အခွင့်အရေးဆုပြန်ရုပ်သိမ်း

2018.12.18
dassk-622 ၂ဝ၁၃ ဇန်နဝါရီလ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူးလူ့အခွင့်အရေးဆု လက်ခံရယူခဲ့စဉ်က မှတ်တမ်းဓာတ်ပုံ။
Photo:AFP

တောင်ကိုရီးယား “May 18 Memorial Foudation” လူ့အခွင့်အရေးအဖွဲ့ က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Gwangju လူ့အခွင့်အရေးဆုကို ပြန်ရုပ်သိမ်းတဲ့အကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာကို ရပ်တန့်သွားအောင် လုပ်ဆောင်တာ မရှိတဲ့အတွက် ဆုပြန်ရုပ်သိမ်းဖို့  ဆုံးဖြတ်ခဲ့တာလို့ အဖွဲ့တာဝန်ရှိသူက RFA ကို ပြောပါတယ်။ အသေးစိတ်ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ တောင်ကိုရီးယား Gwangju လူ့အခွင့်အရေးဆု ပြန်ရုပ်သိမ်း

(မနန္ဒာချမ်း)

တောင်ကိုရီးယားနိုင်ငံက မေ ၁၈ အမှတ်တရ ရန်ပုံငွေအဖွဲ့ကနေ - ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Gwangju လူ့အခွင့်အရေးဆုကို ပြန်ရုပ်သိမ်းတဲ့အကြောင်း ဒီဇင်ဘာလ ၁၈ ရက် အင်္ဂါနေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့တာပါ။ အခုလို ဆု ရုပ်သိမ်းဖို့ကို တနင်္လာနေ့က အဖွဲ့တာဝန်ရှိသူတွေ အစည်းအဝေးထိုင်ခဲ့ကြပြီး - ဆုရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို ထိန်းသိမ်းဖို့အတွက် ရုပ်သိမ်းသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တဲ့အကြောင်း မေ ၁၈ အမှတ်တရ ရန်ပုံငွေ အဖွဲ့ ညွှန်ကြားရေးမှူး You Inrae က RFA ကို ပြောပါတယ်။

“သူ့ဆီကနေ အခုလို ဆု ပြန်ရုပ်သိမ်းရလို့ ကျမတို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့လည်း ဒီလိုလုပ်ဖို့ ကျမတို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ဒီလို မဆုံးဖြတ်ခင်က ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာလူမျိုးစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ကိစ္စတွေ ရပ်တန့်အောင် လုပ်ဖို့ ကျမတို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံတဝှမ်းနဲ့ ပြည်ပမှာရှိတဲ့ အဖွဲ့ဝင်တွေရဲ့ တောင်းဆိုချက်တွေ အတိုင်း အစည်းအဝေးထိုင်ပြီး - Gwangju ဆုရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို ထိန်းသိမ်းနိုင်ဖို့အတွက် ဒီဆုကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်”

Gwangju လူ့အခွင့်အရေးဆုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန် ၂ဝဝ၄ ခုနှစ်မှာ - မေ ၁၈ အမှတ်တရ ရန်ပုံငွေအဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားသူ ကိုရန်နိုင်ထွန်းကတော့ - ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဆု ပြန်ရုပ်သိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။

“ပြောရရင်တော့ဗျာ လုံးဝ မထင်ထားခဲ့ဘူး။ တခြားနိုင်ငံတွေက ဒီလို ရုပ်သိမ်းကြပေမဲ့ ကိုရီးယားက စစ်အာဏာရှင် လက်အောက်ကနေပြီး ပြည်သူပြည်သားတွေ ကျောင်းသားတွေ သွေးမြေကျပြီးတော့မှ ဒီမိုကရေစီနိုင်ငံကို ပြောင်းလဲခဲ့တဲ့ နိုင်ငံတခုအနေနဲ့ ဒီလို လုပ်လိမ့်မယ်၊ မြန်မာပြည်ရဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို အပေါ်ယံ ကြည့်ပြီးတော့ လုပ်လိမ့်မယ်လို့ ကျနော် မထင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုလို ဖြစ်လာတဲ့အခါကျတော့ အတော်ကြီးကို စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်တခုက လက်ရှိ အခြေအနေက ကိုရီးယားနိုင်ငံက NGO လို လူ့အခွင့်အရေးအဖွဲ့ တခုကနေ ရုပ်သိမ်းလိုက်တဲ့ ဆုပါ။ ကိုရီးယားအစိုးရကနေ မြန်မာအစိုးရအပေါ်ကို သဘောထားတွေ ဆက်ဆံရေး အမြင်တွေ ပြောင်းလဲတာတော့ မဟုတ်ပါဘူးခင်ဗျ”

အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့ကပဲ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုကို ပြန်ရုပ်သိမ်းခဲ့သလို၊ ကနေဒါနိုင်ငံကလည်း ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို အောက်တိုဘာလမှာ ရုပ်သိမ်းခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု Holocaust ပြတိုက် ကလည်း Elie Weisel ဆုကို မတ်လက ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံ မြို့ကြီးအသီးသီးကလည်း မြို့တော်လွတ်လပ်ရေးဆုတွေကို ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးကော်မတီကတော့ - ၁၉၉၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုကိုတော့ ပြန်ရုပ်သိမ်းဖို့မရှိကြောင်း ပြောဆိုခဲ့ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။