လေလံမအောင်တဲ့စစ်ကောင်စီနဲ့ သမိုင်းဝင်နေအိမ်ပိုင်ရှင်

RFA Burmese
2024.03.28
လေလံမအောင်တဲ့စစ်ကောင်စီနဲ့ သမိုင်းဝင်နေအိမ်ပိုင်ရှင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် လေလံကိစ္စ ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
RFA

မတ်လ ၂၀ ရက်နေ့က လေလံဆွဲသူမရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင် နေအိမ်နဲ့ ပတ်သက်ပြီး ထပ်မံကြားနာဖို့ ကမာရွတ်ခရိုင်တရားရုံးက ဧပြီလ ၂၅ ရက်နေ့မှာ ချိန်းဆိုထားပါတယ်။

ဒီအိမ်ကိစ္စမှာ အဓိကပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာစသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံထားရပြီး အကျယ်ချုပ်နဲ့ ရှိနေသလား၊ နေပြည်တော် အချုပ်ထောင်ထဲမှာပဲ အကျဉ်းချခံထားရသလားဆိုတာ အခုချိန်ထိ အတိအကျ မသိရပါဘူး။

“သူ့ကို နေအိမ်အကျယ်ချုပ် မထားပါဘူး။ ထောင်ထဲမှာပဲ ရှိနေမှာပါ"

မိခင်ဖြစ်သူကို ဘယ်မှာဖမ်းထားသလဲဆိုတာ သိခွင့်ရဖို့ မြန်မာစစ်တပ်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ဘာမှ မတုံ့ပြန်တာကြောင့် ထောင်ထဲမှာပဲ ရှိနေလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်က ပြောပါတယ်။

“သူ့ကို နေအိမ်အကျယ်ချုပ် မထားပါဘူး။ ထောင်ထဲမှာပဲ ရှိနေမှာပါ။ ကျွန်တော့်အနေနဲ့ လုံးဝ အဆက်အသွယ် မရှိပါဘူး။ အာဏာမသိမ်းခင်ကတည်းက ကျွန်တော့်အမေနဲ့ အဆက်အသွယ်မရှိပါဘူး။ ကျွန်တော့်အမေနဲ့ အဆက်အသွယ်ရဖို့ ဘယ်မှာဖမ်းထားလဲဆိုတာသိရဖို့ မြန်မာစစ်တပ်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် စစ်တပ်ဘက်က ဘာမှပြန်ပြောဆိုတာ မရှိသေးပါဘူး။ အမေနဲ့ ကျွန်တော် လုံးဝ အဆက်အသွယ် မရပါဘူး”

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံအတွက် အရပ်သားအစိုးရပေးထားတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မြနန်းဘုံသာလမ်း၊ ခြံအမှတ် ၃၃ (A) နေအိမ်မှာ ရှိနေခဲ့ပါတယ်။ အဲဒီအိမ်ကို ရဲနဲ့စစ်တပ်က မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် နေပြည်တော်က လျှို့ဝှက်နေရာတစ်ခုကို ပြောင်းရွှေ့ချုပ်နှောင်၊ ပုဒ်မမျိုးစုံတပ် တရားစွဲပြီး ဇမ္ဗူသီရိ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကလုပ်ခဲ့တဲ့ ရုံးချိန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုကိစ္စတွေအတွက် တရားခွင်မစခင် နာရီဝက်ခန့် ရှေ့နေအဖွဲ့ နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲ ပို့လိုက်ကြောင်း ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေကတစ်ဆင့်သာ သတင်းမီဒီယာတွေက သိခွင့်ရခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မရသလို နိုင်ငံတကာ ခေါင်းဆောင်တွေ၊ သံတမန်တွေနဲ့လည်း တွေ့ခွင့်မရတော့ဘဲ အားလုံးနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရ တာ နှစ်နှစ်နီးပါး ရှိနေပါပြီ။

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း တစ်ယောက်သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့ကြောင်း သတင်းမီဒီယာတွေကို အဲဒီအချိန်က ထုတ်ပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲကနေ နေအိမ်အကျယ်ချုပ်ပြောင်းလိုက်ပြီလို့ သတင်းထွက်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ပူလောင်အိုက်စပ်ပြီး ကြွက်ထူပြောတဲ့ နေပြည်တော် အချုပ်ထောင် ထဲမှာပဲ ဆက်ရှိနေပုံရတယ်လို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

သူ့ရဲ့ရှေ့နေအဖွဲ့ဟာ လက်ရှိအချိန်မှာ တစ်ပတ်တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်ထံ ထောင်ဝင်စာပို့ခွင့် ရနေပေမယ့် လူချင်းတွေ့ခွင့် မရပါဘူး။ မတ်လ ၂၅ ရက် တနင်္လာနေ့မှာ ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည် အတွက် ထောင်ဝင်စာကို နေပြည်တော်အချုပ်ထောင်မှာ သွားပို့ခွင့်ရခဲ့တာကြောင့် အချုပ်ထောင်ထဲမှာပဲ ဆက်ရှိနေပုံရတယ်လို့ ယူဆနေ ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရှိနေသလဲဆိုတာကို စစ်ကောင်စီဘက်က အခုချိန်ထိ လုံးဝ ထုတ်ဖော်ပြောဆို ခြင်း မရှိသလို သူ့ရဲ့ရှေ့နေတွေကိုလည်း သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့် ပိတ်ပင်ထားပါတယ်။

ဒီလိုလုပ်နေတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့ အဆက်အသွယ်ဖြတ်၊ နိုင်ငံရေးစင်မြင့်ကနေ အပြီးတိုင် လွင့်စင်မှေးမှိန်သွားအောင် လုပ်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“အခုက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးစင်မြင့်ပေါ်ကလွင့်ပြီးတော့ လူထုနဲ့အဆက်အသွယ်ပြတ်ပြီးတော့ ပျောက်ကွယ်နေတဲ့ အနေအထားတစ်ရပ်ကို သူတို့က ဖန်တီးနေတာ။ ဘာကြောင့်လဲဆိုရင် ဒေါ်အောင်ဆန်း စုကြည် စင်ပေါ်မှရှိနေသမျှ သူတို့နိုင်ငံရေးအရ ပြိုင်ဆိုင်လို့မရဘူး။ အမြဲတမ်းရှုံးနေမှာ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုပဲ လူထုနဲ့ အဆက်အသွယ်ဖြတ်၊ သတင်းအဆက်အသွယ်တွေဖြတ်ပြီး ဖြတ်လေးဖြတ်လုပ်ပြီး ထားတဲ့အနေအထားပါ”

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်ထဲမှာ ရှိ၊ မရှိ အတိအကျသိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်း ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

တစ်ဖက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်၊ သတင်းအစအန ဖျောက်ထားပြီး တစ်ဖက်မှာ ကာယကံရှင်ရဲ့ဆန္ဒနဲ့ ခုခံချေပခွင့်မရဘဲ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက သမိုင်းဝင်နေအိမ်ကို လေလံတင် ရောင်းချဖို့ ကြိုးစားနေပါတယ်။

အဲဒီကိစ္စနောက်ကွယ်မှာ အစ်ကိုဖြစ်သူ ဦးဆောင်ဆန်းဦးနဲ့အတူ စစ်ကောင်စီက အဓိက ကြိုးကိုင်ခြယ်လှယ်နေ တယ်လို့ နိုင်ငံရေးအကဲခတ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစု ကြည်ရဲ့သမိုင်းကို ဖျောက်ဖျက်ရုံမက ပြန်လွတ်လာရင်တောင် နေစရာ အိမ်မရှိ အခြေမဲ့၊ အနေမဲ့ ဘဝမျိုးရောက် အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ဒါကြောင့် လာမယ့် ဧပြီလ ၂၅ ရက်ရုံးချိန်းမှာ တရားပြိုင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦး ဘက်က ဒီအိမ်နဲ့ခြံကို ဈေးလျှော့ပြီးရောင်းလိုက်မလားဆိုတာကို စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော ကတော့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု ပြယုဂ်ဖြစ်တဲ့ ဒီအိမ်နဲခြံကို စစ်ကောင်စီက ဖျောက်ဖျက်ဖို့ ကြိုးစားနေပေမယ့် ဘယ်သူမှ ဝယ်ရဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“သူတို့စစ်တပ်ကပဲ ဝယ်မှပဲ။ ခရိုနီကလည်း ဝယ်ရဲချင်မှ ဝယ်ရဲမှာပဲ။ သူတို့ (စစ်တပ်) ငွေနဲ့ ဝယ်ခိုင်းရင်တောင်မှ ဝယ်ရဲချင်မှ ဝယ်ရဲတော့မယ် ထင်တယ်။ အခြေအနေတွေက သူတို့ဟာနဲ့ သူတို့တောင် အသက်ရှင်ဖို့ အတော်လုပ် ယူရမှာဆိုတော့ ဒီကိစ္စ ဒီလိုပဲ ပြီးသွားလိမ့်မယ်ထင်တယ်။ သူတို့ ဒါသိပ်ဆက်လုပ်နိုင်မယ် မထင်ဘူး။ ဦးအောင်ဆန်းဦးကတော့ လက်မလွှတ်မချင်းပေါ့၊ ဒါပေမဲ့ စစ်တပ်ပေါ်မှာ မူတည်တယ်။ စစ်တပ်က သူဘယ်လောက် အသက်ရှင်နိုင်မလဲအပေါ်မှာ မူတည်တယ်”

ဒေါ်အောင်ဆန်းစုကြည်က ဒီအိမ်နဲ့ ခြံကို မိခင် ဒေါ်ခင်ကြည်ရဲ့နာမည်နဲ့ ပရဟိတလုပ်ငန်းတွေအတွက် အသုံးပြုချင်ပေမယ့် ဦးအောင်ဆန်းဦး ကတော့ လေလံတင်ရောင်းချပြီး ရတဲ့ငွေကို မောင်နှမ နှစ်ယောက် ခွဲဝေယူချင်တာပါ။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ် အမှတ် (၅၄) တွင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Reuters)
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ် အမှတ် (၅၄) တွင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Reuters)

၂ဝဝဝ ပြည့်နှစ်မှာစခဲ့တဲ့ ဒီအမှုမှာ စစ်အစိုးရလက်ထက်ကနေ NLD အရပ်သားအစိုးရလက်ထက်အထိ နှစ်ဖက် လျှောက်လဲ၊ အယူခံတွေတက်ခဲ့ကြပါတယ်။ အခု ၂၄ နှစ်အကြာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့လက်ထက်မှာ စစ်ကောင်စီတရားရုံးကနေ ဦးအောင်ဆန်းဦး ကို အနိုင်ပေးလိုက်တာပါ။

ဒါဟာ တစ်ဖက်သတ် ဆုံးဖြတ်ခံရတာလို့ အမှုအခြေအနေကိုသိရှိတဲ့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောပါတယ်။

“တရားနိုင်၊ တရားရှုံး နှစ်ဦးလုံးကတော့ အပြန်အလှန် ကိုယ့်အခွင့်အရေးအတွက် တင်ပြခွင့်၊ ခုခံကာကွယ်ပိုင်ခွင့် ရှိတာပေါ့နော်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအခြေအနေအရ အကျဉ်းကျခံနေရတဲ့အခါ တရားရုံးရှေ့ကို ရောက်မလာနိုင်ဘူး။ တစ်ဖက်မှာလည်း ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ အခါကျ တော့ ရှေ့နေတွေကိုလည်းပဲ (ဒေါ်အောင်ဆန်းစုကြည်က) တိုင်ပင်ဆွေးနွေးခွင့် မရှိဘူး။ ဒါကြောင့်ပဲ ဒီအခြေအနေမျိုး ဖြစ်သွားတယ်လို့ မြင်လို့ရပါတယ်”

ဒီအိမ်နဲ့ခြံကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာ တွေလုပ်ရင် အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ဒါတွေအားလုံးဟာ ကြားကာလ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကျွန်တော်တို့ သတ်မှတ်ထားပြီး ဖြစ်တယ်။ အဲဒီတော့ ဒီအပေါ်မှာရှိနေတဲ့ မြေရော၊ အဆောက်အအုံတွေရော ပစ္စည်း၊ ပစ္စယ ဒါတွေအကုန်လုံးကို ရောင်းချတာ၊ ဝယ်ယူတာ၊ ဖျက်လိုဖျက်ဆီးလုပ်တာ ဒီဟာတွေကို ကျူးလွန်တဲ့သူမှန်သမျှကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်။ အဲဒီအတွက်ကြောင့် NUG အနေနဲ့ကတော့ ဒီအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

ဒီခြံနဲ့အိမ်ဟာ ၁၉၄၇ ခုနှစ်မှာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဇနီးဖြစ်သူ ဒေါ်ခင်ကြည် ပိုင်ဆိုင်ခဲ့တာပါ။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ဒေါ်ခင်ကြည်ကွယ်လွန်ပြီးနောက်မှာ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်က အဲဒီအိမ်မှာ ဆက်လက်နေထိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ပြီး အခုအချိန် ထိ မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေတာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီအပြောင်းအလဲတွေမဖြစ်ခင်ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၅ နှစ်နီးပါးကြာ နေအိမ်အကျယ်ချုပ်ကာလကို အဲဒီခြံနဲ့ အိမ်မှာပဲ အထီးကျန် ဖြတ်သန်းခဲ့ရပါတယ်။

နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်မှာတော့ အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတကာဧည့်သည်တွေဟာ အဲဒီနေအိမ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံခဲ့ကြ ပါတယ်။

အခုအချိန်မှာတော့ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွပ်စွဲခဲ့တဲ့ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရပြီး ဘယ်မှာအကျဉ်းချခံထားရသလဲဆိုတာကို ဘယ်သူကမှ အတိအကျ မပြောနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။