ဒီနေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က လူထုတွေ့ဆုံပွဲမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ စည်ပင်သာယာရေးဝန်ကြီးတို့ကို အရေးယူပေးဖို့ လက်ပံတောင်းတောင် ဒေသခံတစ်ဦးရဲ့ တင်ပြမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ဝန်ကြီးတွေဘက်က ကာကွယ်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ရှုမြင်ကြပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မုံရွာမြို့တော်ခန်းမအတွင်း လူဦးရေ ၈၀၀ ခန့်ဝင်ခွင့်ရခဲ့ပြီး ခန်းမ အပြင်ဘက်မှာတော့ ဒီနေ့တွေ့ဆုံပွဲကို ပရိုဂျက်တာကနေ တဆင့်လူဦးရေ ထောင်နဲ့ချီ တိုက်ရိုက်ကြည့်ရှုခွင့် ရခဲ့ကြပါတယ်။
ခန်းမအတွင်းက လူဦးရေ ၈၀၀ ခန့်မှာ ၃ ဦးကို ဦးရာလူစနစ်နဲ့ မေးမြန်းချင်တာမေးမြန်းဖို့ခွင့်ပြုခဲ့ရာမှာ လက်ပံတောင်းတောင်ဒေသခံ ဒေါ်သွဲ့သွဲ့ဝင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဆိုခွင့်ရခဲ့ပါတယ်။
“ဒေါ်သွဲ့သွဲ့ဝင်း - ဝန်ကြီးချုပ ်ကျမတို့ကို လုံးဝတွေ့ဆုံခွင့်မပေးဘူး အမေစု။ ငါ့လာမပြောနဲ့ ငါလုပ်ပိုင်ခွင့်မရှိဘူး။ ငါမသိဘူးဆိုပြီး ဝန်ကြီးချုပ်ကိုယ်တိုင် ကျမကို အဲလိုပြောလွှတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်ရှိတယ်။ တဖက်သတ ်မဟုတ်ပါဘူး။ ဝန်ကြီးချုပ်က ငါ့လာမပြောနဲ့ပြောရင်တော့ ဝန်ကြီးချုပ်မှားတာပေါ့။ ဒါပေမဲ့လည်း ဝန်ကြီးချုပ်နဲ့ မဆိုင်တဲ့ကိစ္စကိုလည်း ဝန်ကြီးချုပ်ကို သွားတင်ရင်လည်း သွားတင်တဲ့သူမှားတာပေါ့။
ဒေါ်သွဲ့သွဲ့ဝင်း-စည်ပင်ဝန်ကြီး ဦးမြင့်ကြည်ကိုလည်း အမေကိုယ်တိုင်ဆုံးမပေးပါ။
ဒေါ်အောင်ဆန်းစုကြည်-အမေကိုယ်တိုင်ဆုံးမရမယ်ဆိုရင် ဆုံးမရမယ့်သူတွေအများကြီးပါ။ ကိုယ်ကိုယ်တိုင်ပြန်ဆုံးမကြပါလို့။”
ဒေါ်သွဲ့သွဲ့ဝင်းရဲ့ တိုင်ကြားချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်မှုတွေကို ကြားခဲ့ရတာပါ။
ဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြောက်ရွံစိတ်ရှိတဲ့အပြင် သူမကိုယ်တိုင်က ဒေသခံတွေ ပြော စကားကို ဖြတ်ဖြတ်ပြောတဲ့အတွက် လိုရင်းအခြေအနေကို မရောက်တာတွေရှိခဲ့တယ်လို့ ဒီနေ့တွေ့ဆုံပွဲကို ခန်းမအပြင်ဘက်ကနေ စောင့်ကြည့်ခဲ့တဲ့ ကံကုန်းကျေးရွာသား ဦးမိုးခိုင်က ပြောပါတယ်။
ဒေသခံတွေအနေနဲ့က စိတ်ခံစားမှုတွေက ပြင်းထန်နေတဲ့အခါကျတော့ ပြောရတဲ့စကားတွေက ထိထိရောက်ရောက် ပြောလို့မရဘူး။ အမေစုအနေနဲ့က ဒေသခံတွေရဲ့ ပြောစကားကို ပြီးဆုံးအောင် နားမထောင် ဘဲနဲ့ လမ်းဖြတ် ဖြေပေးတာတွေ၊ အစိုးရကို ကာပေးတာတွေများတယ်။ အေးအေးဆေးဆေး နားထောင်ပြီး ပြောပါစေဆိုတာမျိုးမဟုတ်ဘဲ ဖြတ်ဖြတ်ပြီးပြောလိုက်တဲ့အချိန်မှာ အမေစုကို ကြောက်တာတကြောင်း၊ အမေစုရဲ့ တန်ပြန်မေးခွန်းတွေက တကြောင်းနဲ့ ပြောချင်တဲ့ ရည်ရွယ်ချက်ဆီမရောက်ဘဲ ဘာမှမဟုတ်ဘဲ ဝင်ပြောသလို မျိုးတွေ ဖြစ်သွားတယ်။”
ကိုယ်တိုင်မေးခွန်းမေးမြန်းခဲ့တဲ့ ဒေါ်သွဲ့သွဲ့ဝင်းက သူရဲ့ ခံစားချက်ကို အခုလိုပြောပါတယ်။
“အလုံးစုံပြောရတာမျိုးမဟုတ်တဲ့အတွက် သိပ်ပြီးအားရကျေနပ်တာမျိုးမရှိဘူး။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းက လာတာပါဆိုကတည်းက သူတို့အပုတ်ကို ဖော်တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အချိန်အကန့် အသတ်ရှိတယ်၊ ဘာညာနဲ့ ဟိုဘက်ကအော်လိုက် ဒီဘက်ကအော်လိုက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားထဲမှာတော့ သူ့လူတွေကို ကာသွားတယ်လို့ ခံစားရတယ်လေ”
ဒီနေ့တွေ့ဆုံပွဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးကောက်ခံပေးမှုတွေအရ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ တိုင်စာပေါင်း ၃၀၀ ခန့်ရှိခဲ့ပါတယ်။
လက်ပံတောင်းတောင်ဒေသခံတွေကလည်း မြေယာလျော်ကြေးပေးဖို့၊ လုပ်စားမြေတွေပြန်လည်ဖော်ထုတ်ပေး ဖို့နဲ့ ဝန်ကြီးတွေကိုယ်တိုင် ကွင်းဆင်းလေ့လာပေးဖို့နဲ့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဒေသခံတွေအပေါ် ကူညီဆောင်ရွက်ပေးတာတွေ မရှိတဲ့အကြောင်း တိုင်ကြားစာ ပေးပို့လိုက်ပါတယ်။
ဒါ့အပြင် စပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီစီမံကိန်းဧရိယာအတွင်းက ဒေသခံတွေကလည်း ကံကုန်း၊ ဂုံးတော၊ ရွာသာ ရွှေပန်းခိုင် အစရှိတဲ့ ကျေးရွာ ၁၁ ရွာက မြေဧက ၂၀၀၀ ကျော်ကို လျော်ကြေးပေးဖို့နဲ့ ကံကုန်းနဲ့ ရွှေပန်းခိုင်ကျေးရွာက မြေဧက ၂၀၀ ကျော်ကို ပြန်လည်စွန့်လွှတ်ပေးဖို့ တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။