ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေကို မလွှတ်ဘဲ ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း လေ့လာသူတွေပြော
2024.09.28
မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းတဲ့ခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ပြေလည်ရေးလမ်းစ မရနိုင်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တောင်းဆိုပါတယ်။
စက်တင်ဘာ ၂၇ ရက် မနေ့က ကျင်းပတဲ့ NLD ပါတီရဲ့ ၃၆ နှစ်မြောက် အခမ်းအနားကတစ်ဆင့် ထုတ်ပြန်တောင်းဆိုတာပါ။
"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဆိုရင် ပါတီကနေပြီးတော့ နိုင်ငံရေးကိစ္စတွေ ဆုံးဖြတ်ခွင့် အပြည့်ပေးထားတဲ့အတွက် သူမပါဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါ၀င်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”
လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ အားလုံးပါဝင်ဖို့လိုပြီး ဒေါ်အောင်ဆန်းစုကြည်မပါဘဲနဲ့ NLD ပါတီက ပါဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ NLD ပါတီရဲ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။
“လက်ငင်းရှိနေတဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းတဲ့နေရာမှာ အားလုံးပါ၀င်ရမှာ ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဆိုရင် ပါတီကနေပြီးတော့ နိုင်ငံရေးကိစ္စတွေ ဆုံးဖြတ်ခွင့် အပြည့်ပေးထားတဲ့အတွက် သူမပါဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါ၀င်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”
အသက် ၈၀ ထဲ ရောက်လာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးအကျဉ်းချခံထားရပြီး ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ် ဖြတ်ခံထားရပါတယ်။ စစ်ကောင်စီက သူ့ကို အမှုပေါင်း ၁၉ မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာပါ။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာမျိုး မဟုတ်ဘဲ နေအိမ်အကျပ်ချုပ်ပြောင်းတာနဲ့ ကန့်သတ်မှုတွေ ဖြေလျှော့ပေးတာမျိုးပဲ လုပ်လာနိုင်တာကြောင့် ထူးခြားတဲ့ ပြောင်းလဲမှုတွေ မရှိလာနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“စစ်ခေါင်းဆောင်တွေ လုပ်လေ့လုပ်ထ ရှိတာက နေအိမ်အကျယ်ချုပ် ပြောင်းတာမျိုးတွေ၊ သူတို့တွေ့စေချင်တဲ့ သူတွေနဲ့ တွေ့တာမျိုးတွေ ဆိုရင်တော့ ဘာမှ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ပဲ နားလည်ပါတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းမှ မဟုတ်ဘူး မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ဖို့ဆိုတဲ့ကိစ္စက အပြောင်းအလဲတစ်ခုကို လုပ်မယ်ဆိုရင် ပထမဦးဆုံး မဖြစ်မနေ လုပ်ကို လုပ်ရမဲ့ကိစ္စဖြစ်တယ်လို့ပဲ သုံးသပ်ပါတယ်”
စစ်ကောင်စီကတော့ အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပါအ၀င် တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ် ဖိတ်ခေါ်ထားပါတယ်။
ဒီလိုဖိတ်ခေါ်နေပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာကို ပယ်ဖျက်ပေးတာ စတဲ့လုပ်ငန်းစဉ်တွေကို မလုပ်ဘဲ လေကြောင်းတိုက်ခိုက်မှုတွေကိုသာ နိုင်ငံအနှံ့ တိုးလုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွက ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ နိုင်ငံရေးဆန္ဒမပါဘဲ သူတို့ကျင်းပမဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာရဲ့ အာရုံစိုက်မှု ရဖို့အတွက် အခုလို ဖိတ်ခေါ်လာတာလို့ လေ့လာသူတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်မှာခိုလှုံခွင့် ပုပ်ရဟန်းမင်းကြီး အဆိုပြု
ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ဖို့ NLD ပြော
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းအားလုံးကို လွှတ်ဖို့ ဘာသာပေါင်းစုံအဖွဲ့ တောင်းဆို
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လည်လွတ်မြောက်ရေး တောင်းဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ စစ်ရေးမှာ အထိနာနေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အနှေးနဲ့အမြန် ပြန်လွှတ်ပေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“လွှတ်လာနိုင်ခြေတော့ အနှေးနဲ့ အမြန်တော့ ရှိလိမ့်မယ်။ လာမဲ့ရွေးကောက်ပွဲတို့၊ သူတို့လုပ်မဲ့အစီအစဥ်တွေ အကုန်လုံးအပေါ်မှာ လူတွေရဲ့ ယုံကြည်ချက်ရဖို့အတွက် သူတို့အနေနဲ့ လုပ်ရမဲ့ အလုပ်တစ်ခုလိုမျိုးလည်း ဖြစ်နေတယ်။ လွတ်လာနိုင်ခြေရှိတယ်။ ဒါပေမဲ့ ဒေါ်စု လွတ်လာတဲ့အတွက်ကြောင့်မို့ နိုင်ငံရေး စဥ်းစားမှုနဲ့ စုဖွဲ့မှု ပြောင်းမလားဆိုရင် စုရွေးလွှတ်ဆိုတာက စဥ်းစားတဲ့သူတော့ ရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ အခုဒီအချိန် လူအများ စဥ်းစားနေတဲ့ နိုင်ငံရေးလမ်းကြောင်း တောင်းဆိုချက် မဟုတ်တော့ဘူး”
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့အခါမှာလည်း ကြိုတင်ကန့်သတ်ထားတာတွေမရှိဘဲ ပြီးပြည့်စုံတဲ့ လွတ်မြောက်မှုမျိုးဖြစ်ဖို့လိုပြီး နိုင်ငံတကာနဲ့ လွတ်လပ်စွာ တွေ့ဆုံပြောဆိုခွင့်တွေ ရရှိဖို့အတွက်လည်း လိုအပ်တယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၇ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံရေးနဲ့ ဆက်စပ်လို့ နိုင်ငံတစ်ဝန်း လူပေါင်း နှစ်သောင်းကျော် (၂၀,၉၆၉ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉၄၆၀ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။