ICJ အမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဆန္ဒပြပွဲများ

သန့်ဇင်ဦး
2019.12.09
dassk-supporter-icj-pyinmana-622 ICJ မှာသွားရောက်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ကြောင်း ပျဥ်းမနားမြို့မှာ ၂ဝ၁၉ ဒီဇင်ဘာ ၇ ရက်နေ့က ထောက်ခံဆန္ဒပြစဉ်
Photo: RFA

အနောက်ကမ္ဘာကလူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် တစ်ချိန်က လက်ကမ်းကြိုခဲ့ကြပေမယ့်၊ ဒီတစ်ကြိမ် သူသွားတဲ့ လူ့အခွင့်ရေးစံကို အထူးအလေးထားတဲ့ နယ်သာလန်နိုင်ငံခရီးကတော့ ဆန္ဒပြပွဲတွေနဲ့ ကြိုနေတာပါ၊ တစ်ချိန်တည်းမှာပဲ ပြည်တွင်းမှာလည်း NLD ပါတီက ဦးစီးပြီး ထောက်ခံဆန္ဒပြပွဲတွေ နိုင်ငံတစ်ဝှမ်းကျင်းပနေပါတယ်။

မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက် Genocide Convention၊ ကို ဖောက်ဖျက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ (OIC) မွတ်စလင်အဖွဲ့ဝင် ၅၇ နိုင်ငံ ကိုယ်စားပြုပြီး ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး ICJ မှာ တရားစွဲထားပါတယ်။ ဂမ်ဘီယာလိုပဲ မြန်မာကို  တရားစွဲမယ့် နိုင်ငံတချို့လည်း နောက်ထပ်ရှိနေသေးကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

၂၀၁၇ ခုနှစ်တုန်းက တပ်မတော်ရဲ့ ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ ဒီရှင်းလင်းမှုကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်ထားပါတယ်။

ကမ္ဘာ့တရားရုံး ICJ မှာ အမှုစတင်ရင်ဆိုင်ရမယ့် မနက်ဖြန်မှာလည်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာရှိတဲ့ မြို့နယ်တိုင်းက ပါတီဝင်တွေနဲ့ ပြည်သူတွေပူးပေါင်းပြီး ထောင်သောင်းချီတဲ့လူအုပ်ကြီးဟာ ချီတက်ဆန္ဒပြကြမှာပါ။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင်ကတော့ ထောက်ခံနေတဲ့သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ICJ ကို သွားရလည်းဆိုတဲ့ အကြောင်းအရင်းကို မစဉ်းစားဘဲ စိတ်ခံစားမှုဆန်ဆန်လုပ်နေကြတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“နာဇီခေါင်းဆေင်ဟစ်တလာက ဂျူးလူမျိုးတွေ၊ ပိုလန်လူမျိုးတွေ၊ LGBT တွေကို ဒီလိုမျိုးလူတွေကို သူအပုံလိုက် လိုက်သတ်တဲ့အချိန်မှာ ဂျာမန်တွေက သူ့ကိုထောက်ခံတယ်၊ ဆန္ဒတွေပြကြတယ် ထောက်ခံမှုတွေအများကြီးပေးကြတယ်၊ တစ်ခါတလေ အများစုက မသိမသာဘဲနဲ့ လိုက်ပါလာတတ်ကြတယ်၊ ကျမကအဲဒါကိုသွားပြီးတော့ မြင်ယောင်မိတယ်၊ ဥရောပနိုင်ငံတွေက အထူးသဖြင့် နယ်သာလန်နိုင်ငံက ဟစ်တလာ နာဇီလုပ်ခဲ့တဲ့ အဖြစ်ဆိုးတွေကို သူတို့အမြဲတမ်းသတိရတယ်၊ ဆိုတော့ ဒီလိုမျိုးသွားလုပ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့မကောင်းတဲ့အတိတ်သမိုင်းကြီးကို ဖော်သလိုဖြစ်နိုင်တယ်။”

အနောက်နိုင်ငံတွေမှာနေတဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဆန္ဒပြပွဲကို လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးသူတွေလို့ တွစ်တာပေါ်မှာ စတင်ရေးသားနေကြပါပြီ။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ်  လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ခဲ့ဘူးလို့ ယုံကြည်နေပါတယ်။ ဒါ့ကြောင့်လည်း သူတို့ပါတီအနေနဲ့ ထောက်ခံဆန္ဒပြပွဲတွေ လုပ်ရတာလို့ဆိုပါတယ်။

“ထောက်ခံပွဲတွေဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ခေါင်းဆောင်ပီပီ နိုင်ငံတွင်းမှာဖြစ်လာတဲ့ ပြဿနာတွေကို ကျွန်တော်တို့ ခေါင်းမရှောင်ပဲနဲ့ ကိုယ်တိုင်တာဝန်ယူ  ဆောင်ရွက်တဲ့အတွက် ခွန်အားဖြစ်စေဖို့အတွက် ထောက်ခံခြင်းပဲဖြစ်ပါတယ်၊ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တာလည်း ပါပါတယ်၊ တပ်မတော်ဟာ အခုစွပ်စွဲထားသလို လူမျိုးတုံးသတ်ဖြတ်မှုကို စီစဉ်ဆောင်ရွက်ပြီး မကျူးလွန်ဘူးဆိုတာကို ယုံကြည်တာကြောင့်လည်း ပါပါတယ်၊ ဒါကတော့ ကျနော်တို့ လက်ရှိရထားတဲ့ အထောက်အထားတွေအပေါ်မှာ မူတည်ပြီးတော့ ပြည်သူတွေက သိသရွေ့ပြောတာပါခင်ဗျ။”

ဒီလိုထောက်ခံပွဲတွေ နိုင်ငံအနှံ့ပြုလုပ်နေပေမယ့် ICJ ကတရားသူကြီးတွေဟာ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ပြီး ဆုံးဖြတ်မှာဖြစ်တာကြောင့် ဘာမှထူးခြားမှာမဟုတ်ပါဘူး။

တကယ်ပဲ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေအပေါ်  ဂျီနိုဆိုက်ပြစ်မှုတွေ မကျူးလွန်ခဲ့ဘူးလား၊ ဒီအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နှင်းနှင်းမွှေးက လက်တွေ့မှာ ဒီလိုပြစ်မှုမျိုးတွေကျုးလွန်တယ်ဆိုတဲ့ အခြေအနေတွေကို သိနေရတဲ့အတွက် ဒီဟာတွေကိုတော့ မငြင်းဆိုသင့်ဘူးလို့ပြောပါတယ်။

“ကျမတို့အမြင်ကတော့ တကယ်လက်တွေ့ဖြစ်နေတဲ့ အခြေအနေတွေကိုတော့ မဖြစ်ဖူးဆိုပြီးတော့ ငြင်းနေလို့တော့ ကျမတို့က မသင့်တော်ဘူးလို့ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ လက်တွေ့မြေပြင်မှာဖြစ်နေတဲ့ အခြေအနေတွေကို ကျမတို့ အထောက်အထားအချက်အလက်တွေ အများကြီးအင်တာနက်မှာ ပျံ့နှံ့နေတာတွေရှိတယ်၊ အဲဒီဖြစ်နေတဲ့ တကယ့်အခြေအနေတွေကို ငြင်းကွယ်ပြီးတဲ့အခါကျတော့ ဘယ်တစ်ခုတစ်ဖွဲ့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ ကျမတို့က ကာကွယ်ပေးစရာအကြောင်းမရှိဘူး။”

နိုင်ငံအနှံ့ ဒီလိုထောက်ခံမှုတွေပြုလုပ်နေတာဟာ ICJ မှာ ဂျီနိုဆိုက်ပြစ်မှုအတွက် အမှုသွားရင်ဆိုင်မယ့်အပေါ် အထောက်အကူမဖြစ်စေနိုင်ဘူးလို့ ဝါရင့်သတင်းစာဆရာ ဦးစိန်ဝင်းက အခုလိုသုံးသပ်ပါတယ်။

“ဒီလိုမျိုးလူမျိုးတုံး သတ်ဖြတ်မှုတွေမရှိပါဘူး၊ အဓမ္မအမှုတွေမရှိပါဘူး၊ ငြင်းပလိုက်တာပေါ့နော်၊ ဒါကြီးကို မလုပ်ပါဘူး၊ ဒါပေမဲ့ ကိုယ့်ရဲ့ခံစားမှုကိုမထားဘဲ ပြန်ပြီးတော့ ချက်နဲ့လက်နဲ့ ပြန်တွက်သင့်တယ်လို့ထင်တယ်၊ တစ်ခါတလေကျရင် အားမနာတမ်းပြောရရင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အဲဒီလိုဖြစ်တယ်လို့ထင်တယ်၊ မကောင်းမှုမှန်းသိရင် အကုန်လုံးကနေပြီးတော့ တို့နောက်မလုပ်တော့ဘူးဖြစ်သင့်တယ်၊ အဲ့ဒီလိုမဟုတ်ဘဲနဲ့ ငါတို့က ဘာမှမလုပ်ဘူး ထိုင်ငြင်းနေလို့ကတော့ အရှက်ကွဲဖို့ပဲရှိတယ်၊ နောက်မြန်မာတွေ ကမ္ဘာမှာတွေ့လို့ရှိရင် သူတို့တွေက လုပ်လည်းလုပ်သေးတယ် ပြီးတဲ့အခါ ဘူးခံလည်းငြင်းသေးတယ်ဆိုတဲ့ဟာမျိုးပဲဖြစ်မှာ စိုးရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ကြောင်း ထောက်ခံဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၉ ရက် ဒီကနေ့ မနက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့သလို ဒီဇင်ဘာ ၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်တို့မှာ ပြုလုပ်ခဲ့ပြီး သံဃာတွေ၊ သီလရှင်တွေ၊ ဒေသခံပြည်သူတွေအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးတွေ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့တွေပါ ပူးပေါင်း ပါဝင်ခဲ့ကြတာပါ။

မြန်မာအစိုးရကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဖြေရှင်းသွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပေမယ့် ဘယ်ရှေ့နေနဲ့ ဥပဒေအကျိုးဆောင်တွေကို ငှားရမ်းထားတယ်ဆိုတာ လူသိရှင်ကြား မထုတ်ပြန်သေးပါဘူး။

ဒါပေမဲ့ အမှုအတွက် မစ်ဒယ်ဆက်စ် Middlesex University of london က ဥပဒေ ပါရဂူ ဝီလီယံ ရှဘတ်စ်ကို ငှားရမ်းထားကြောင်းနဲ့ ဂျာမန်ဥပဒေပညာရှင် Claus Kress ကလော့စ်ခရက်စ်ကိုလည်း Ad Hoc Judge တရားသူကြီးအဖြစ် လိုက်ပါဆောင်ရွက်ပေးဖို့ မြန်မာဘက်က တောင်းဆိုထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

ပုံမှန်အားဖြင့် ကမ္ဘာ့တရားရုံး ICJ မှာ ကုလသမဂ္ဂက အတည်ပြုခန့်အပ်ထားတဲ့ တရားသူကြီး ၁၅ ယောက်ရှိပါတယ်။ ဒါပေမဲ့ အမှုဖြစ်တဲ့ နိုင်ငံ နှစ်နိုင်ငံဟာ တရားသူကြီးအဖွဲ့ဝင်မဟုတ်ရင် နှစ်နိုင်ငံစလုံးက Ad Hoc Judge ငှားရမ်းခွင့်ရှိပါတယ်။ ဒါကြောင့် မြန်မာနဲ့ ဂမ်ဘီယာအမှုမှာ တရားသူကြီးက ၁၇ ယောက် ပါဝင်မှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။