ဒီပဲယင်းအကြမ်းဖက်မှု နှစ်ပေါင်း ၂၀ ပြည့်ပြီ

ကျော်ထွန်းနိုင် (ဝါရှင်တန်ဒီစီ)
2023.05.30
ဒီပဲယင်းအကြမ်းဖက်မှု နှစ်ပေါင်း ၂၀ ပြည့်ပြီ ၂ဝဝ၃ ခုနှစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စည်းရုံးရေးဆင်းလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသော ယာဉ်တန်း။
The AD hoc Commission on Depayin Massacre (Burma )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးတို့ ဦးဆောင်တဲ့ NLD ပါတီဝင်တွေဟာ အထက်မြန်မာပြည် စည်းရုံးရေးဆင်းနေစဉ် ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျီရွာအနီးမှာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီပဲယင်းအရေးအခင်းလို့ လူသိများတဲ့ အဲ့ဒီအကြမ်းဖက်တိုက်ခိုက်တာဟာ မနေ့ကဆိုရင် နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပါပြီ။

ဒီအကြမ်းဖက်မှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့က ဦးဆောင်စေခိုင်းခဲ့တာလို့ စမ်းချောင်းမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။

"အဲ့ဒီအချိန်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတက်ရေးကောင်စီပေါ့နော်။ အဲ့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရယ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရယ်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရယ် ဦးဆောင်နေတဲ့အချိန်ပေါ့နော်၊ ဒါပေမယ့် အဲ့ဒီမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို သူတို့ မယုံကြည်တော့ဘူးဗျ။ အဲ့လိုအခြေအနေတွေ ရှိခဲ့တယ်။ ဒီပဲယင်းကိစ္စဖြစ်တဲ့ကိစ္စမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်အဖွဲ့က ကြိုပြီးတော့တောင် သတင်းမရခဲ့တာ ဖြစ်ခဲ့တယ်လို့ ကျွန်တော်ပိုင်ပိုင်နိုင်နိုင် သိထားတယ်။ အဲ့ဒီတော့ ဒီပဲယင်းကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရယ် နောက်ပြီးတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးရယ် သူတို့ရဲ့ ကကကြည်းဘက်ကနေ စီမံတဲ့ စစ်ဆင်ရေးလို့ ကျွန်တော့်အနေနဲ့ အခိုင်အမာပြောချင်ပါတယ် "

ဒီပဲယင်းဖြစ်စဉ်ဟာ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်ပြီး ဒီလိုအဖြစ်မျိုးတွေကို ရပ်တန့်နိုင်ဖို့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသစ်တည်ထောင်ရေး အားလုံးကြိုးစားဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

"ဒီပဲယင်းဖြစ်စဉ်ဟာ မြန်မာ့သမိုင်းရဲ့ စိုးရွားလှတဲ့ ဖြစ်စဉ်တွေထဲက ဖြစ်ရပ်ဆိုးကြီးတစ်ခုလည်းဖြစ်ပါတယ်၊ စစ်အာဏာရှင်တွေရဲ့ အောက်တန်းကျတဲ့ သမိုင်းမှတ်တမ်းအဖြစ်လည်းတွင်သွားပါပြီ၊
ဒီလိုဖြစ်ရပ်မျိုး နောက်ထပ်မပေါ်ပေါက်စေချင်ပေမယ့်လည်း အခုဒီထက်ဆိုးတဲ့ လုပ်ရပ်မျိုးတွေကို အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်နေတာကို တွေ့ရပါတယ်၊ ဒါတွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့နဲ့ တားဆီးနိုင်ဖို့ကတော့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံသစ်တည်ဆောက်ရေးကို ကျွန်တော်တို့အားလုံး ညီညွတ်မှု အပြန်အလှန်နားလည်အသိအမှတ်ပြုမှုတွေနဲ့ နိုင်ငံရေးအရ တန်းတူရှိမှုတွေနဲ့ ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်"

ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရရှိသူ အရေအတွက် အတိအကျကို NLD ပါတီက စာရင်းကောက်ယူ ထုတ်ပြန်ထားတာမရှိပါဘူး၊၊ ပြည်ပရောက် NLD ပါတီဝင်တွေရဲ့ ပြောကြားချက်အရ သေဆုံးသူဟာ ရာနဲ့ချီရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီအချိန်က အစိုးရရဲ့ထုတ်ပြန်ချက်မှာတော့ လူလေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူအရေးအတွက်ကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

dassk6.jpg
၂ဝဝ၃ ခုနှစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စည်းရုံးရေးဆင်းလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသော မော်တော်ယာဉ်။ (Photo: The AD hoc Commission on Depayin Massacre (Burma)

ဒီတိုက်ခိုက်မှုကို အဲ့ဒီအချိန်က တာဝန်ယူနေတဲ့ စစ်ခေါင်းဆောင်တွေက ဆောင်ရွက်တာလို့ ပြောကြပြီး စစ်အာဏာရှင်စနစ်ရှိနေသမျှ ကာလပတ်လုံး ဒီလိုအကြမ်းဖက်စစ်ပွဲတွေက ဆက်ရှိနေဦးမယ်လို့ နိုင်ငံရေးလေ့လာသူ ဦးထွန်းကြည်က သုံးသပ်ပါတယ်။

"ဒီပဲယင်းလူသတ်ပွဲကြီးကို သူတို့ဖန်တီးခဲ့တာ ဘယ်လိုမှ ငြင်းလို့မရဘူး။ ၂၀၀၃ ခုနှစ်မှာထဲက လူအစုလိုက်အပြုံလိုက်ကို သူတို့က သတ်နေပြီ၊ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်တွေအပေါ်မှာ ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေက ကျူးလွန်ခဲ့ပြီးပြီ။ ကျူးလွန်နေဆဲပဲ။ ၂၀၀၃ မှာတော့ စစ်ကိုင်းမှာကို ဒါတွေကျူးလွန်ခဲ့တယ်၊ အဲ့ဒီအပေါ်မှာလည်း သူတို့က ပြစ်ဒဏ်ကနေ လွတ်မြောက်နေတယ်၊ အပြစ်ပေးအရေးယူခြင်းကပေါ့နော်။ အစွန်းရောက်အကြမ်းဖက်ဝါဒကို လက်တွေ့ကျင့်သုံးနေတဲ့အတွက်ကြောင့် စစ်အာဏာရှင်နဲ့အတူ အစွန်းရောက် အကြမ်းဖက်ဝါဒရှိနေသမျှ ကာလပတ်လုံးကတော့ ဒို့တိုင်းပြည်၊ ပြည်သူနဲ့ စုံလင်ကွဲပြားတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံအပေါ်မှာကတော့ အကြမ်းဖက်စစ်ပွဲကတော့ သူတို့ဆင်နွှဲနေဦးမယ် "

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမြအေးကလည်း ဒီပဲယင်းအကြမ်းဖက်မှုကို သင်ခန်းစာယူပြီး နိုင်ငံကို ကောင်းတဲ့အခြေအနေ ရောက်အောင် ကြိုးစားသင့်တယ်လို့ သုံးသပ်ပါတယ်။

"ဒီပဲယင်းက အနိဋ္ဌာရုံတွေနဲ့ ပြည့်နှက်နေတဲ့ မြင်ကွင်းလို့ ခြုံပြောလို့ရပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်ထဲက တရားမျှတတဲ့ စနစ်တွေ၊ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့စနစ်တွေ၊ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့ အသင်းအဖွဲ့တွေက မှေးမှိန်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒီနေ့ထိပါပဲ၊ ကျွန်တော်မြင်တာကတော့ နိုင်ငံတစ်ခုမှာ တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်တဲ့ စနစ်တစ်ခု မရှိသမျှကာလပတ်လုံး ဒီအနိဋ္ဌာရုံတွေကြားထဲမှာပဲ နိုင်ငံဟာ သံသရာလည်နေမှာပဲ။ တကယ်တမ်းကျတော့ သမိုင်းမှာ ဖြစ်ခဲ့တဲ့ဟာတွေက တော်တော်နဲ့ မေ့ဖို့ခက်ပါတယ်။ သို့သော်လည်း ဒါကို သင်ခန်းစာယူပြီး ခွန်အားအဖြစ်ပြောင်းလဲပြီး နိုင်ငံကို တည့်မတ်နိုင်ငံတဲ့ အခြေအနေရောက်အောင် ကြိုးစားကြမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်"

dapaeyin.jpg
စစ်ကိုင်းတိုင်းတွင် ၂ဝ၁၉ ခုနှစ်က ဒီပဲယင်းအကြမ်းဖက်မှု ၁၆ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပစဉ်။ (Photo: Citizen Journalist)

ဒီပဲယင်းအကြမ်းဖက်မှု နှစ်ပတ်လည်နေ့ အောက်မေ့ဖွယ်အခမ်းအနားတွေကို NLD အစိုးရ လက်ထက်က နှစ်စဉ် မေလ ၃၀ ရက်နေ့ ရောက်တိုင်း ကျင်းပခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီပဲယင်းနှစ်ပတ်လည်နေ့ အခမ်းအနားတွေ ကျင်းပနိုင်တာမရှိခဲ့ပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။