ဒီပဲယင်းမှာ ရက်ရှည်ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်နီးပါးရှိလာ

RFA Burmese
2023.11.04
ဒီပဲယင်းမှာ ရက်ရှည်ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်နီးပါးရှိလာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်ညီနောင်များ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ အခုနှစ် (၂၀၂၃) အောက်တိုဘာလ ၁၈ ရက်ကစပြီး အင်အားတစ်ရာ ကျော်ပါစစ်ကြောင်း ရွာတွေထဲ စီးနင်းခဲ့တာကြောင့် ထွက်ပြေးရသူ ငါးထောင်ခန့်အထိရှိလာပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ နေအိမ်မီးရှို့တာ၊ အရပ်သားတွေကို သတ်ဖြတ်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ တာကြောင့် ငြိမ်းချမ်း(ရွာသစ်)၊ ဝဘာ၊ သပြေသာ၊ ကံသာ၊ လက်တီး ၊ လက်ယက်ကုန်း စတဲ့ရွာခုနစ်ရွာက ဒေသခံငါးထောင်နီးပါး နိုဝင်ဘာလ ၄ ရက်အထိ ပြန်မရသေးတာလို့ ဆိုပါတယ်။

ဒီနေ့မှာ စစ်ကောင်စီတပ်သားတွေ ဒီပဲယင်းမြို့ပေါ်ပြန်သွားပြီလို့ကြားပေမယ့် ရုတ်တရက် စစ်ကြောင်းပြန်ထိုး လာမှာ စိုးရိမ်တာကြောင့် နေရပ်မပြန်ကြဘဲ ဘေးလွတ်ရာ ထွက်ပြေးနေကြရတာပါ။

"တချို့ဆို ရွာလုံးကျွတ်ထွက်ပြေးရတယ်။ ရွာထဲမှာ မအိပ်ရဲကြဘဲ ဘေးလွတ်ရာ သွားကြရတယ်"

စစ်ကြောင်းဟာ အောက်တိုဘာလ ၂၁ ရက်နေ့က ဝဘာရွာထဲဝင်ပြီး နေအိမ် ခုနစ်လုံးနဲ့ စပါးတင်းရှစ်ရာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အဲဒီနေ့ကတည်းက ထွက်ပြေးနေရသူတွေ ဒီနေ့အထိမပြန်နိုင်ကြသေးဘူးလို့ ဝဘာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ရွာဆိုရင် ပထမတစ်ကြိမ် မီးရှို့တုန်းက ၆၂ လုံး နေအိမ်ပေါ့ဗျာ။ စပါးတိုက်ရောပါရင် ၇၂ လုံးလောက် မီးရှို့ခံရတယ်။ ဒီတစ်ခေါက် စစ်ကြောင်းမှာ မီးရှို့တာက အိမ်ခြေခုနစ်လုံးပါသွားတယ်။ စပါးဆိုရင် တင်းရှစ်ရာကျော်လောက် ပါသွားတယ်။ မရောင်းရသေးတဲ့ စပါးတွေပေါ့”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက်ယက်ကုန်းဒေသခံတစ်ဦးကလည်း ရေဦးမြို့နယ်ဘက်က စစ်ကောင်စီအထိုင်ချ တပ်စွဲထားတဲ့ စခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်နေလို့ ထွက်ပြေးနေရတယ်လို့ RFA ကို ပြောပါတယ်။

“လက်နက်ကြီး အန္တရာယ်နဲ့ လွတ်ကင်းမယ်ထင်ရတဲ့ ရွာတွေပေါ့။ ကျွန်တော်တို့ရွာ တောင်ကြောတွေဘက် ရှောင်ကြရတာပေါ့။ စစ်ဘေးရှောင်တွေက လတ်တလောက ဆောင်းရာသီဆိုတော့ ကျန်းမာရေးဘာညာ နှင်းကျတာနဲ့ တချို့တွေဆိုလည်း လမ်းဘေးတင်အိပ်ကြရတာ။ တော်တော်လေး ဒုက္ခရောက်ကြတာပေါ့။ ကိုယ့်အိမ်လိုတော့ နွေးနွေးထွေးထွေးတော့ ဘယ်ရှိမလဲ။ ဘုန်းကြီးကျောင်းတွေထဲ ခိုကပ်နေရတာ။ ကျွေးတာကတော့ ရွာခံတွေကပဲ စုပေါင်းချက်ပြုတ်ကျွေးတာ”

နှစ်ပတ်ကျော်ကြာအောင်ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ အခက်အခဲရှိလာပြီ လို့ အကူအညီပေးနေသူတွေကပြောပါတယ်။

နိုဝင်ဘာလ ၃ ရက်မနေ့ကလည်း ငြိမ်းချမ်း (ရွာသစ်)က အသက် ၁၃ နှစ် စစ်ဘေးဒုက္ခသည် မောင်ပြည့်စုံထွန်းဟာ စားသောက်ဖို့ငါးရှာရင်း ရေနစ်သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့တာဝန်ခံက RFA ကိုပြောပါတယ်။

“မနေ့ကပဲ ဒီပဲယင်း(မြို့ပေါ်)မှာရောက်နေတဲ့ စစ်ကြောင်းက မနေ့က အထွက်ပြတယ်။ မြို့နားနီးတဲ့ ကျေးရွာတွေကို ဝင်မလိုလိုပေါ့။ အဲလိုအခြေအနေရှိတော့ မြို့နားနီးတဲ့ ရွာခုနစ်ရွာလောက်က ထွက်ပြေးတိမ်းရှောင်နေရဆဲပဲ။ တချို့ဆို ရွာလုံးကျွတ်ထွက်ပြေးရတယ်။ ရွာထဲမှာ မအိပ်ရဲကြဘဲ ဘေးလွတ်ရာ သွားကြရတယ်။ အဲဒီအခြေအနေမှာပဲ စစ်ဘေးရှောင်ကလေးငယ်တစ်ဦး စစ်ဘေးရှောင်တဲ့ ရွာနဲ့မလှမ်းမကမ်းက ချောင်းထဲမှာ ငါးရှာရင်း ရေနစ်သေဆုံးခဲ့တယ်”

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး)
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး)

နိုဝင်ဘာလ ၄ ရက်ဒီနေ့မှာလည်း အင်အား ၁၃၀ ပါ စစ်ကြောင်းက ဒီပဲယင်းမြို့ပေါ်မှာတပ်စွဲပြီး အနီးအနား ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒီပဲယင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုသစ္စာက RFA ကိုပြောပါတယ်။

“မြို့ဘေးနားပတ်ပတ်လည်ပေါ့ နှစ်မိုင်၊ သုံးမိုင်လောက်ရှိတဲ့ဟာတွေကို သူတို့ (စစ်ကောင်စီတပ်) ပြောထားသလိုပေါ့ တန်ပြန်ပြောက်ကျားထွက်လုပ်တယ်။ မရရင် မြို့ထဲပြန်ဝင်ပြေးတယ်။ မနေ့ကဆိုရင် တောင်သူတွေပေါ့။ လမ်းနားမှာ လယ်လုပ်နေတဲ့ သုံးယောက်ကိုဖမ်းသွားတယ်။ လက်နက်ကြီးပစ်ခတ်မှုကတော့ နေ့တိုင်းပစ်တာပဲ နေ့ရော၊ ညရော။ မနက်ပိုင်းဆိုလည်း ပစ်တယ်။ သူတို့က ပတ်ပတ်လည်မှာ ပစ်မှတ်ရယ်လို့တော့ သေချာတိတိကျကျရှိပုံ မရပါဘူး။ အဓိကတော့ သူတို့မြို့နားကပ်မှာ စိုးတာပါပဲ”

အဲဒီစစ်ကြောင်းမှာ ခြေလျင်တပ်ရင်း ခလရ - ၇၀၈၊ ခြေမြန်တပ်ရင်း ခမရ- ၃၃ နဲ့ တပ်မ ၁၁ အပြင် ပျူစောထီး အဖွဲ့တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဒီပဲယင်းမြို့နယ်ထဲမှာ လက်ယက်ကုန်းရွာက အမျိုးသမီးနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သလို ဘုတ်ထန်း၊ မင်းတဲကုန်း၊ ရှမ်းတော၊ သိမ်ဘာ၊ ကျွန်းတော စတဲ့ ရွာက အရပ်သားရှစ်ဦးသတ်ဖြတ်ခံရပြီး ငြိမ်းချမ်းရွာသစ်က အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ဒေသခံတွေ နေရပ်စွန့်ခွာရတာနဲ့ သတ်ဖြတ်ခံရတာတွေအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပါပြီ။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။