အမှောင်ခေတ်တွင်း ပြန်လည်သက်ဆင်းခြင်း
■ ဆယ်နှစ်သက်တမ်းသာ ရှိသေးတဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ကြားဖြတ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ခြောက်လပြည့်သွားချိန်မှာ မြန်မာပြည်သူတွေဟာ လွတ်လပ်ခွင့်နဲ့ အသက်ရှင် ရပ်တည်ရေးအတွက် တိုက်ပွဲဝင်နေကြရဆဲပါ။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ်နဲ့ နောက်တစ်ကြိမ်အနိုင်ရခဲ့ပေမယ့် မဲမသမာမှုတွေရှိခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ NLD အစိုးရကို စစ်တပ်က ဖယ်ရှားခဲ့တာ ခြောက်လပြည့်ခဲ့ပါပြီ။ မြန်မာပြည်သူ ၅၄ သန်းကို အမှောင်ခေတ်ကနေ လွတ်မြောက်အောင် ကယ်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့၊ နုနယ်အားနည်းသေးတဲ့ အရပ်သားအစိုးရက ကြိုးစားခဲ့ပေမယ့် မြန်မာပြည်ဟာ အမှောင်ခေတ်ကို ပြန်ပြီး သက်ဆင်းခဲ့ရပါပြီ။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို ပြည်သူအများစုက လက်မခံဘဲ ဆန့်ကျင်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အင်အားသုံး ချေမှုန်း ခဲ့သလို အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတဲ့ ပြည်သူ့ဝန်ထမ်းတွေကိုလည်း အစုလိုက်အပြုံလိုက် ဖမ်းဆီး ဖြိုခွဲခဲ့ပါတယ်။ အရပ်သားပြည်သူ ကိုးရာကျော် သတ်ဖြတ်ခံရပြီး ၅၄၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။
NLD အစိုးရ အောင်အောင်မြင်မြင် လုပ်ဆောင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ထိန်းချုပ်ရေးဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရတဲ့ ကြားကပဲ ကပ်ရောဂါ တတိယလှိုင်းရဲ့ ခြိမ်းခြောက်မှုကို တစ်နိုင်ငံလုံး ခံစားနေရပါတယ်။
လက်ရှိစစ်ကောင်စီအနေနဲ့ ကပ်ရောဂါအရေးကို လျစ်လျူရှုထားတာ၊ သတင်းမီဒီယာတွေကို ဖိနှိပ်တာ၊ စီးပွားရေးစီမံခန့်ခွဲမှု မှားယွင်းတာတွေဟာ အရင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး (နဝတ) ကောင်စီရဲ့ ၁၉၈၈ - ၁၉၉၇ ကာလ လုပ်ရပ်တွေနဲ့ တူညီနေတယ်လို့ လေ့လာသူတွေက ဝေဖန်သုံးသပ် ကြပါတယ်။ မြန်မာနိုင်ငံရဲ့ နှစ် ၅၀ ကြာ စစ်တပ်အုပ်ချုပ်မှုဟာ ၂၀၁၁ ခုနှစ်မှာ တစ်စိတ်တစ်ပိုင်း အဆုံးသတ်ခဲ့ပေမယ့် ၁၀ နှစ်အကြာမှာ ပြန်ပြီး ပေါ်ထွက်လာပါပြီ။
ကပ်ရောဂါအရေးကို ဥပေက္ခာပြုထားခြင်း
နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားနေပေမယ့် ဆေးရုံဆေးခန်းတွေမှာ အောက်ဆီဂျင်၊ ဆေးဝါးပစ္စည်းကိရိယာ မလုံလောက်တဲ့အတွက် သေကောင်ပေါင်းလဲ လူနာတွေကလွဲလို့ ကျန်တဲ့လူနာတွေ နေအိမ်မှာပဲ ကိုယ်ထူကိုယ်ထ ကုသနေကြရပါတယ်။ ကပ်ရောဂါကြောင့် ဇူလိုင်လ ၃၁ ရက် နေ့အထိ လူပေါင်းကိုးထောင်ကျော် (၉,၃၃၄ ဦး) သေဆုံးခဲ့ပါပြီ။
စစ်တပ်ထိန်းချုပ်ထားတဲ့ ဆေးရုံတွေမှာ လူနာတွေလက်မခံတာ၊ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း စေတနာ့၀န်ထမ်း ကူညီသူတွေကို ဟန့်တားတာ၊ အောက်ဆီဂျင်ရောင်းချတာတွေ ကန့်သတ်တာတွေကြောင့် ကပ်ရောဂါ အခြေအနေ ပိုဆိုးဝါးလာတယ်လို့ လေ့လာသုံးသပ်သူတွေက ဝေဖန်နေကြပါတယ်။
သတင်းလွတ်လပ်ခွင့် ပိုမိုဆိုးဝါးလာခြင်း
အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီဟာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ တခြားလူမှုမီဒီယာတွေကို ချက်ခြင်း ပိတ်ပင်ပြီး၊ လွတ်လပ်တဲ့ သတင်းမီဒီယာအားလုံးကို ပိတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ သတင်းထောက်တွေ ခြိမ်းခြောက်နှောက်ယှက်၊ ဖမ်းဆီးအကျဉ်းချခံရပြီး ညှဉ်းပန်းနှိပ်စက်ခံကြရပါတယ်။ သတင်းထောက် အများအပြား ထိုင်း၊ အိန္ဒိယ (ဒါမှမဟုတ်) ဘေးကင်းရာဒေသတွေကို ထွက်ပြေးခဲ့ကြရပါတယ်။
သတင်းသမား ၉၀ ကျော် အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၄၅ ဦးထက်မနည်း ထိန်းသိမ်းခံနေရပါတယ်။ အများစုဟာ သတင်းအမှားဖြန့်ချိတယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) အရ စွဲချက်တင်ခံနေရပါတယ်။
ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ကျဆင်းခြင်း
စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေ၊ ဆန္ဒပြပွဲတွေ၊ စီးပွားရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းထားရတာ တွေကြောင့် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးအပါအ၀င် အရေးပါတဲ့ ဝန်ဆောင်မှုတွေ နှောင့်နှေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း ရရှိထားတဲ့ တိုင်းပြည်စီးပွားရေး တိုးတက်မှုတွေ လက်လွတ်ဆုံးရှုံးပြီး စီးပွားရေးကျပ်တည်းမှု ပိုမိုဆိုးရွားလာမယ့် အခြေအနေကို ရောက်ရှိလာပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံး လေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP)ဟာ ၂၀၂၁ ဘဏ္ဍာရေးနှစ် (၂၀၂၁ စက်တင်ဘာအထိ) အတွင်း ၁၈ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ခန့်မှန်းထား ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ၃၀ ရာခိုင်နှုန်း လျော့ကျသွားတာလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ပြထားပါတယ်။ ဆင်းရဲ မွဲတေမှုနှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်ကထက် နှစ်ဆတိုးလာတယ်လို့
ဖော်ပြထားပါတယ်။
ပညာရေး
အရင်စစ်အစိုးရ လက်ထက်က ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်တွေကို လျစ်လျူရှုထားခဲ့တဲ့အတွက် ပညာရေးကဏ္ဍမှာကမ္ဘာ့အဆင့်နဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ အောက်ဆုံးအဆင့်နားအထိ ကျဆင်းခဲ့တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေက ဖော်ပြပါတယ်။
လက်ရှိ စစ်ကောင်စီက အခုနှစ် ဇွန်လကျောင်းဖွင့်ချိန်မှာ စာသင်ကျောင်းပေါင်း ၈၈ ရာခိုင်နှုန်းကျော် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားဦးရေ ၄ သန်း ၇ သိန်းကျော် တက်ရောက်တယ်လို့ ပြောဆိုထားပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ၂၀၁၉-၂၀ ပညာသင်နှစ်တုံးက ကျောင်းသားဦးရေ ကိုးသန်းကျော် တက်ရောက်ခဲ့ပြီး၊ အခုနှစ်မှာ ကျောင်းပြန်တက်တဲ့ ကျောင်းသားဦးရေ ၂၀ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ပြောကြပါတယ်။ ■