ကပ်ဘေးကာကွယ်ရေး ကန့်သတ်ချက်တွေကြောင့် ပါတီတွေ မဲဆွယ်ဖို့ အခက်တွေ့နေ

ဝေယံမိုးမြင့်
2020.09.06

နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက် ဒီနေ့မနက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မဲဆွယ်ကြမယ့် ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး မဲဆွယ်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်ရမယ်ဆိုတာ ထောင်ချောက်တစ်ခုလိုပဲလို့ ပြည်သူ့ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းဇေယျာက ပြောပါတယ်။

"ကိုဗစ်-နိုင်တီးန်ကာကွယ်ရေး သတ်မှတ်ထားတဲ့စည်းကမ်းချက် လိုက်နာရမှာတွေ ဆောင်ရန်ရှောင်ရန်တွေရှိတယ်။ အဲဒီအပေါ် လိုရင်လိုသလို မလိုရင်မလိုသလို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းနဲ့ ကော်မရှင်က ဆောင်ရွက်မှာ စိုးရိမ်တယ်။ အဲဒီအပေါ် ဘက်လိုက်တာမျိုး နောက်တစ်ခုက မသိလို့ သဘောရိုးနဲ့လုပ်မိတာကို ပုံကြီးချဲ့တာမျိုး လုပ်ဆောင်နိုင်တဲ့သဘောရှိတယ်။ အဲ့ဒါကို ထောင်ချောက်လို့ ပြောတဲ့သဘောပါ။"

လူ ၃၀ ဦးထက် ပိုမစုရဆိုတဲ့ ညွှန်ကြားချက်ကြောင့် ကိုယ်စားလှယ်လောင်းတွေအတွက် မြေပြင် မဲဆွယ်စည်းရုံးဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ပါတီတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ မတ်လလောက်ကစပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ ပျံ့နှံ့နေတာဖြစ်ပြီး ကပ်ဘေးကာလ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် UEC က ကြိုတင်ပြင်ဆင်မှုမရှိခဲ့ဘူးလို့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဝေဖန်ထောက်ပြပါတယ်။

"ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြိုတင်စဉ်းစားတွေးခေါ်ဖို့အများကြီးလိုတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကမ္ဘာမှာ ကိုဗစ်စဖြစ်တာ ၂၀၁၉ ဒီဇင်ဘာထဲက မြန်မာနိုင်ငံမှာဖြစ်တာ မတ်လ နိုဝင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ဖြစ်စဉ်ကလည်း အစထဲကရှိပြီးသား။ ရွေးကောက်ပွဲ ကျင်းပမယ့်အချိန် ကိုဗစ်က အမြစ်မပြတ်သေးဘူး၊ ရှိနေဦးမယ်ဆိုရင် ဒီလိုအနေအထားမျိုးဖြစ်လာရင်၊ အဲတည်းက ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်စဉ်းစားပြီး မဲပေးနိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေ မဲဆွယ်ရမယ့်အခြေအနေတွေကို ကော်မရှင်က ဘာမှ တိတိကျကျ ညွှန်ကြားထားတာမရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ရွေးကောက်ပွဲက ဒီလိုပဲ ဗရုတ်သုတ်ခနဲ့ ပြီးသွားမယ်လို့ မြင်တယ်။"

မြေပြင်မဲဆွယ်ဖို့ ခက်ခဲတဲ့အခြေကြောင့် အွန်လိုင်းကနေ မဲဆွယ်စည်းရုံးဖို့ဆိုတာကလည်း ငွေကြေးအကုန်အကျခံနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ပါတီအသီးသီးက မဲဆွယ်စည်းရုံးဖို့ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရချိန်မှာ အာဏာရပါတီ ဖြစ်တဲ့ NLD ကတော့ မဲဆွယ်ခွင့်မတိုင်ခင်ကာလထဲက ပါတီလှုပ်ရှားမှုတွေရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။

"အာဏာရပါတီက ကိုဗစ်-နိုင်တီးန်နဲ့ပတ်သက်ပြီး သူတို့က အာဏာပါတီဆိုတော့ အရေးယူချင်လည်း ယူမယ် မယူချင်လည်းမယူဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပါတီသစ်တွေအနေနဲ့ကတော့ ညွှန်ကြားချက်တွေကိုစောင့်ပြီး လုပ်နေရတယ်  ကိုယ့်ပါတီက ငြိသွားနိုင်တယ်ဆိုတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်နေရတယ်။"

NLD ပါတီ ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီခရီးစဉ်တွေမှာ လူ ၃၀ ထက်ပိုမို စုဝေးတာမျိုးတွေ ရှိနေတယ်ဆိုပြီးတော့လည်း ဝေဖန်ထောက်ပြကြပါတယ်။

NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်ကတော့ သူတို့ပါတီအနေနဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာတယ်လို့ တုံ့ပြန်ပါတယ်။

"ဥက္ကဋ္ဌအနေနဲ့ လူ ၃၀ ထက်မပိုအောင် တက်နိုင်သမျှကြိုးစားတာပဲ။ ဒါပေမဲ့ ဘေးကနေ ကြည့်နေတယ် ဝန်းရံတဲ့သူတွေကိုတော့ သွားပြီး အပြင်းအထန်တားဖို့ မလွယ်ဘူးထင်တယ်။ လက်တွေ့တွေ့နေတဲ့နေရာမှာ လူ ၃၀ ထက်မပိုအောင် သတ်မှတ်ချက်နဲ့ တွေ့တာလို့ထင်တယ်။ မဲဆွယ်စည်းရုံးတဲ့ကာလ မဟုတ်တဲ့အတွက် မဲဆွယ်တာတွေ လုံးဝမလုပ်ပါဘူး။ သို့သော်လည်း ရပ်ကွက်ထဲမှာ NLD လိုဂိုနဲ့သွားနေတာတွေကတော့ ကျနော်တို့ တားလို့မရဘူး အဲ့ဒီကိစ္စတွေက။"

မဲဆွယ်ကြမယ့် ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဥပဒေနဲ့ ညိစွန်းနိုင်တဲ့ အခြေအနေမျိုးကနေ ကျော်လွားနိုင်အောင် ကြိုတင်ပြင်ဆင်ဖို့လိုအပ်တယ်လို့ နယူးမြန်မာဖောင်ဒေးရှင်း ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းက အကြံပြုပါတယ်။

"ပါတီတွေအနေနဲ့ အောင်နိုင်ရေးကိုလုပ်ကြတဲ့အခါ ရေကုန်ရေခန်းကြိုးစားကြရတယ်။ ကိုယ်က အောင်နိုင်ရေးကိုလုပ်ဖို့ အားကြိုးမာန်တက် လုပ်တဲ့အချိန်မှာ တစ်ဘက်ကလည်း စည်းမျဉ်းစည်းကမ်းကို မသိလိုက်ရင် တစ်ဘက်ပါတီ ပြိုင်ဖက်ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်တာတွေ ရှိလာနိုင်တယ် ဒါကို အကုန်လုံးကကျော်လွားကြရမှာပဲဆိုတော့ ကြိုတင်ပြီး စည်းမျဉ်းစည်းကမ်းချိုးဖောက်နိုင်တဲ့ အခြေအနေမျိုးက ကျော်လွားနိုင်မယ့် ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ရှာပြီး ဒါကို အမြန်ဆုံးလုပ်ဖို့ အကြံပေးချင်ပါတယ်။"

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပါတီတွေနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၇၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့ရာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၆၉၆၉ ဦးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၃၃ဝ မှာ မဲဆန္ဒနယ် ၃၃ဝ၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက် မဲဆန္ဒနယ် ၆၄၄ နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။