ဦးသိန်းစိန်နဲ့ ဦးရွှေမန်း မဲပေးခွင့်အယူအဆ ကွဲလွဲ


2014.12.21

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို အတည်ပြုထားပြီးဖြစ်ပါတယ်။ အဲ့ဒီဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပေးရမှာ ဖြစ် ပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမူကြမ်းမှာ နိုင်ငံသားနဲ့ ဧည့်နိုင်ငံသားတွေ သာ မဲပေးခွင့်ရှိရမယ်လို့ ပါရှိပါတယ်။ ဒါပေမယ့် နိုင်ငံတော်သမ္မတက ယာယီသက်သေခံကဒ်ပြား ကိုင်ဆောင်ထား သူတွေကိုပါ ထည့်သွင်းစဉ်းစားပေးဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေတာနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားကို RFA သတင်းထောက် မဝေမာထွန်း ကစုစည်းတင်ပြထားပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူရမှာဖြစ်ပြီး အဲ့ဒီအတွက် ဥပဒေတစ်ရပ် အရင်ပြဌာန်းတာဖြစ်ပါတယ်။ ဆန္ဒခံယူပွဲကျင်းပရင် လက်ရှိ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့မူကြမ်း မှာ နိုင်ငံသားနဲ့ ဧည့်နိုင်ငံသားတွေကိုသာ ဆန္ဒမဲပေးခွင့်ပြုဖို့ ပါရှိပါတယ်။

နိုင်ငံတော်သမ္မတက ယာယီသက်သေခံကဒ်ပြား ကိုင်ဆောင်ထားသူတွေကိုလည်း ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိဖို့ သဘောထားကို ပေးပို့ထားတာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်နဲ့ နိုင်ငံတော်သမ္မတက ပေးပို့တဲ့သဘောထား မှတ်ချက်ကွဲလွဲနေ တာကြောင့် ဇန်နဝါရီလမှာ ပြန်လည်ကျင်းပမဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင်ကပြောပါတယ်။

ဒေါ်ခင်စန်းလှိုင်။                  ။သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ ကြားထဲမှာသဘောထား ကွဲလွဲမှုတစ်ခုပေါ့လေ ၊ ဒီသဘောထားကွဲလွဲမှုကို ကျမတို့က လာမယ် ၁၂ ကြိမ်ပေါ့၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ ပြန် ပြီးတော့မဲခွဲဆုံးဖြတ်မှာပါ၊ အဲ့ကျမှ ဒီဥပဒေက အတည်ဖြစ်မှာပါ၊ ဥပဒေတွေကို ပြဌါန်းတဲ့အချိန်မှာလေ တခါတလေ ကျရင်လည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကြား သဘောထားကွဲလွဲတာတွေရှိတယ်၊ ပြည်ထောင်စု လွှတ်တော်ကမှ အတည်ပြုပြီးတဲ့နောက်မှာ သမ္မတဆီကိုပို့လိုက်ပြန်တော့လည်း သမ္မတဘက်က ပြင်ဆင်ချက် နဲ့ပြန်ပို့ပြီးတော့ သဘောထားကွဲလွဲတာတွေရှိတယ်၊ ဒါတွေကတော့ နောင်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် မှာ ပြန်ပြီးတော့တင်ပြပြီးတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော်မှာ ဒါတွေကိုမဲခွဲပြီးတော့ ဆုံးဖြတ်ကြမှာလေ။

ယာယီသက်သေခံကဒ်ပြား ကိုင်ဆောင်ထားသူတွေထဲမှာ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရသူတွေ လည်း ပါဝင်နေတာကြောင့် ယာယီကဒ် ကိုင်ဆောင်ထားသူတွေထဲမှာလည်း ဆန္ဒမဲ ပေးခွင့်ပြုသင့်သူတွေပါတယ် လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဦးဖုန်းမြင့်အောင်။                 ။ဝှိုက်ကဒ်ကိုဆောင်ထားတဲ့သူဟာ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်သားပြုခွင့်ရသူ လည်းဖြစ်နိုင်တယ်၊ မရသူလည်းဖြစ်နိုင်တာပေါ့နော်၊ ဝှိုက်ကဒ်ကိုဆောင်ထားတဲ့ သူက နိုင်ငံသားပြုခွင့်ရသူဖြစ် ချင်ရင်တော့ သူ့ရဲ့အခွင့်အရေးမဆုံးရှုံးအောင် ဒီလိုမျိုးပေါ့ ဆန္ဒမဲပေးခွင့်ပေးရမှာပါ၊ အဓိက ဝှိုက်ကဒ်ကိုဆောင်ထား တဲ့သူက နိုင်ငံသားမဟုတ်ဘူးလည်း မပြောဘူး၊ ဟုတ်တယ်လို့လည်း မပြောဘူး၊ သူနဲ့ပတ်သက်လို့ စိစစ်ရမယ့် အခြေအနေတော့ ရှိနေပြီဗျာ၊ တချို့ကိစ္စတွေက လ.ဝ.က စိစစ်တာမျိုးက အချိန်တွေသူက အများကြီးတောင်းနေ တဲ့အတွက် ဒီကိစ္စတွေလည်း မပြီးပြတ်တာတွေလည်းရှိတယ်ပေါ့၊ ဝှိုက်ကဒ်ကိုဆောင်ထားတဲ့တိုင်း သူဟာနိုင်ငံ သားမဟုတ်ဘူးလို့ မပြောနိုင်ဘူး။

လက်ရှိအနေအထားအရ ယာယီသက်သေခံကဒ်ပြား ကိုင်ဆောင်ထားသူတွေမှာ နိုင်ငံသားပြုခွင့်ရနိုင် သူတွေလည်း ပါဝင်နိုင်တာကြောင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဝှိုက်ကဒ်ကိုင်ဆောင်ထားသူ စာရင်းကိုအသေအချာစိစစ်ပြီး ဘယ်လိုကြောင့် ယာယီသက်သေခံကဒ်ပြားခေါ် ဝှိုက်ကဒ်ကိုင်ဆောင် ထားရတယ်ဆိုတာကို ထုတ်ပြန်ပေးသင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့ကသုံးသပ်ကြပါတယ်။

တချို့ကတော့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံသားမဟုတ်တာ ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေမှာ သူတို့ရဲ့သဘောထား မလိုအပ်ဘူးဆိုပြီးသုံးသပ်ကြတဲ့ ကိုယ်စားလှယ်တွေရှိပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ယာယီသက်သေခံကဒ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိခဲ့တာဖြစ်ပါတယ်။

ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်ထားသူတွေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေမှာ မဲပေးခွင့် မရှိဘူးလို့ သတ်မှတ်မယ်ဆိုရင် တည်ဆဲဥပဒေဖြစ်တဲ့ ရွေးကောက်ပွဲဥပဒေတွေနဲ့ ဆန့်ကျင်မှာ ဖြစ်လို့ နိုင်ငံတော်သမ္မတက မဲပေးခွင့်ပြုဖို့ သဘောထားပေးတာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ပြောပါတယ်။

ဦးရွှေမောင်။                      ။ကျနော်မျှော်လင့်တာကတော့ နိုင်ငံတော်သမ္မတကြီးက မှတ်ချက်ပို့ထားတဲ့ဟာက ကျနော်ယုံကြည်ပါတယ်၊ လက်ရှိဖွဲ့စည်းပုံအခြေခံ အရသော်လည်းကောင်း ကျနော်တို့ တည်ဆဲဥပဒေအရသော် လည်းကောင်း လျော်ကန်သင့်မြတ်တဲ့အတွက် ပြည်သူ့လွှတ်တော်ကလည်း အဲ့ဒါကို အတည်ပြုပေးမယ်လို့ ကျနော် အဲ့ဒီလိုပဲ ယုံကြည်ပါတယ်၊ အဖြူရောင် သက်သေခံကဒ် ကိုင်ဆောင်ထားတဲ့သူတွေကို မဲထည့်ခွင့်မပေးဘူးဆို ရင် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတာတစ်ချက်ပေါ့နော်၊ နောက်တစ်ချက်က ဥပဒေကြောင်းအရပြောရရင် ဆန္ဒခံ ယူပွဲဥပဒေမှာ ဒီဝှိုက်ကဒ်ကို ဖြုတ်ထားပေမဲ့ တည်ဆဲရွေးကောက်ပွဲ ဥပဒေသုံးရပ်ပေါ့နော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွေမှာ အဖြုရောင်ဝှိုက်ကဒ် ကိုင်ဆောင်ထားတဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားတဲ့ူကို မဲထည့်ခွင့်ပေးထားတယ်၊ ကျနော်ရဲ့သဘောထားကတော့ ဥပဒေတစ်ရပ်ပြဌါန်းမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတဲ့အပြင် တည်ဆဲဥပဒေနဲ့လည်း ကိုက်ညီရမယ်၊ပြည်လုံကျွတ် ဆန္ဒခံယူတဲ့ဥပဒေဟာ တည်ဆဲဖြစ်တဲ့ ရွေးကောက်ပွဲဥပဒေ သုံးရပ်နဲ့မကိုက်ညီဘူးဖြစ်နေတာပေါ့နော်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုတာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့အတိုင်းသာ ဆက်လက်ထောက်ခံသွားမှာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဒေါက်တာစိုးမိုးအောင် ကပြောပါတယ်။

ဒေါက်တာစိုးမိုးအောင်။                    ။ပြည်ထောင်စုလွှတ်တော်က အတည်ပြုတဲ့အတိုင်းပဲ ကျနော်တို့ဘက်က ဆက်သွားမှာ ဘာဖြစ်လို့လည်းဆိုတော့ ယာယီသက်သေခံလက်မှတ်ဆိုတာက ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ ထည့်ပြီးစဉ်းစားတာကတစ်မျိုး၊ အခုဟာက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဖွဲ့စည်းပုံပြင်ဖို့အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်တာမို့လို့ အဲ့ဒီယာယီသက်သေခံလက်မှတ်တွေကို လောလောဆယ်ထည့်စရာမလိုဘူးလို့ သက်မှတ်တာပါ။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ယာယီသက်သေခံကဒ်ပြား ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိနိုင် မရှိနိုင်ကိုတော့ ဇန်နဝါရီလမှာ ပြန်လည်ကျင်းပမဲ့ ၁၂ ကြိမ်မြောက်လွှတ်တော်မှာ လွှတ်တော်ကိုယ် စားလှယ်တွေက ထပ်မံဆွေးနွေးပြီး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂ဝ၁၅ မေလမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။