သဘာဝဘေးသတိပေးချက်ကို အစိုးရ စဉ်းစားဖို့ တိုက်တွန်း

0:00 / 0:00

နောင်နှစ် ၁၀၀ နှစ် ၅၀ မှသာမဟုတ်ဘဲ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာပင် ရာသီဥတု ပြောင်းလဲမှုဟာ မြန်မာနိုင်ငံအပေါ် ဆိုးဝါးစွာ ထိခိုက်စေမယ်ဆိုပြီး သမိုင်းပညာရှင်တစ်ဦး ဖြစ်တဲ့ ဒေါက်တာ သန့်မြင့်ဦး က သတိပေးထားပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အစိုးရနဲ့ပြည်သူတွေအတွက် သူလေ့လာထားသမျှကို အချက် အလက်တွေနဲ့တကွ ဖော်ပြထားပါတယ်။

ကမ္ဘာ့အပူချိန် မြင့်တက်လာလို့ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို တခြား နိုင်ငံတွေနဲ့စာရင် မြန်မာနိုင်ငံ ပိုမိုတွေ့ကြုံလာရမှာဖြစ်ကြောင်း ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသတွေ ရေလွှမ်းမိုးခံရမှာဖြစ်ကြောင်း ရာသီဥတု ပြင်းထန်လို့ မိုးခေါင်ရေရှားတာ၊ ရေကြီးတာနဲ့ နာဂစ်လို ဆိုင်ကလုန်းမုန်တိုင်းတွေလည်း မကြာခဏ ဖြစ်ပွားလာမှာဖြစ်ပြီး မုတ်သုန်မိုးတွေ ခန့်မှန်းမရ လောက်အောင်ဖြစ်ပြီး စိုက်ပျိုးရေးအတွက် အတော်များများ အခက်တွေ့စေမယ်လို့ သတိပေးရေး သားထားပါတယ်။

သစ်တောသစ်ပင်တွေဟာလည်း စီးပွားရေးလက်ကြီးသမားတွေရဲ့ လက်ချက်နဲ့ သစ်တောပြုန်းတီး တာတွေကြောင့် မြေဆီလွှာတွေ ခမ်းခြောက်ပြီး ရာသီဥတု ဖောက်ပြန်လာကြတာလည်း အများသိကြပြီးဖြစ်ပါတယ်။

မွန်နဲ့ ကရင်ပြည်နယ်တွေမှာ ကျောက်မိုင်းတွေခွဲပြီး ကျောက်ထုတ်လုပ်တဲ့လုပ်ငန်းတွေကို စည်း ကမ်းမဲ့လုပ်နေတာတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာနိုင်တာမို့ အစိုးရအနေနဲ့ ထိန်း ချုပ်ပေးဖို့ဆိုပြီး အရပ်ဖက်အဖွဲ့အစည်းတွေက လေ့လာတွေ့ရှိချက်တွေနဲ့ တင်ပြတောင်းဆိုခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ကျောက်မိုင်းစီမံကိန်းတွေနဲ့ စပ်လျဉ်းပြီး သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံးမှုအစီရင်ခံစာကို လူမှုဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က အစိုးရ၊ လွှတ် တော်နဲ့ သက်ဆိုင်ရာဌာနအသီးသီးတို့ဆီ အစီရင်ခံတင်ပြထားခဲ့ပါတယ်။

လတ်တလောမှာလည်း သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းက မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ရွာ မလတ်တောင်ပြိုကျခဲ့လို့ လူ့အသက်ပေါင်း ရာနဲ့ချီပြီး အိုးအိမ်စည်းစိမ်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေက အသိပေးထားခဲ့ပါလျက်နဲ့ အခုလို ပေါင်မြို့နယ် သဲဖြူကုန်းရွာက မလတ်တောင်ပြိုကျခဲ့တာက အစိုးရအနေနဲ့ လျစ်လျူရှုထားခဲ့တဲ့ ဆိုးကျိုးတစ်ရပ်ပဲလို့ ဆိုကြပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် အသိအမှတ်ပြု မခံရဘူးပေါ့နော် အရေးမကြီးဘူးလို့ ယူဆပုံရပါတယ် ကျောက်မိုင်းဆိုတဲ့ လမ်းခင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေ ပါမစ်ပေးနေတာက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပေါ့နော်။ ပြည်ထောင်စုအဆင့်မှာ သတ္တုတွင်းဝန်ကြီးဌာနက မာတာနဲ့ စပ်ဆက်နေတဲ့ သတ္တုတွင်းဝန်ကြီးဌာနကို ပြောတဲ့အခါ သူတို့ရဲ့ခွင့်ပြုချက်နဲ့ သွားနေတာမဟုတ်ဘူးလို့ပြောတဲ့အတွက် စဉ်းစားစရာဖြစ်နေတာပေါ့"

လူမှုဖွံ့ဖြိုးရေးနဲ့ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က ဒေါ်ဇွန်ပန်း ပြောသွားတာပါ။

ဒါကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အမြန်ဆုံး လုပ်ဆောင်သင့်တယ်လို့ နိုင်ငံ ရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက အကြံပြုပြောပါတယ်။

ခုလို ပြည်သူတွေရဲ့ များစွာသော အသက်အိုးအိမ်တွေ ပေးဆပ်လိုက်ရတာတွေကို ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်တို့က တာဝန်ယူမှု တာဝန်ခံမှုတော့ လုပ်ပြသင့်တယ်လို့ ဒေါက်တာ ရန်မျိုးသိမ်း က ထောက်ပြဝေဖန်ထားပါတယ်။

"ဒီတောင်ပြိုမှုနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးမှု လုပ်ဖို့လိုအပ်တယ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ လိုအပ်တယ်လို့မြင်တယ် ပျောက်ဆုံးသေဆုံးဆို တစ်ရာကျော်လောက်ရှိတယ်။ မွန်ပြည်နယ်အစိုးရအနေနဲ့ တာဝန်ယူရမယ်လို့မြင်တယ် တာဝန်ရှိတဲ့ အစိုးရအဖွဲ့တစ်ယောက်ယောက် ရာထူးတာဝန်ကနေ နုတ်ထွက်တာမျိုး စပြီးတော့ တာဝန်ယူနိုင်ဖို့လိုအပ်တယ်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအပေါ် အကြောင်းပြုပြီးတော့ အလားတူဖြစ်စဉ်မျိုးတွေ ထပ်မဖြစ်အောင် ဘယ်လိုမျိုးကာကွယ်နိုင်မလဲ နစ်နာတဲ့မိသားစုတွေ ဘယ်လိုမျိုးပံ့ပိုးပေးနိုင်မလဲ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ ဘယ်လိုလုပ်နိုင်မလဲ ဒီစီမံကိန်းတွေဟာ ဆိုရှယ်အင်ပက် ဘယ်လောက်ထိဖြစ် လဲ ပြန်ဆန်းစစ်ပြီးပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့မြင်တယ်"

မွန်ပြည်နယ်အစိုးရအဖွဲ့ဆီ RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်တောင်းမြစ်ကနေ မြန်မာပြည်အောက်ဘက်တစ်ကျောက တောင်တွေဟာ နှမ်းဖတ်ကျောက်လို့ ခေါ်တဲ့ ဂရင်းနိုက်ကျောက်တွေဖြစ်ပြီး အပေါ်ယံမှာ ရွှံ့မြေတွေ ဖုံးနေတာမို့ ခုလို မိုးရေချိန်များတဲ့ အချိန်မှာ တောင်ပြိုကျတာမျိုးတွေက ဖြစ်တတ်တာလို့ ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ပြည်သူ့ လွှတ်တော် သဘာဝသယံဇာတထိန်းသိမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသူရထွန်း က ပြောပါတယ်။

ခုလိုကိစ္စမျိုးကို နမူနာကောင်းယူပြီး အစိုးရဘက်ကလည်း ပညာရှင်တွေတိုက်တွန်းချက်တွေကို လျစ်လျူရှုတာမျိုးတွေ မဖြစ်နိုင်အောင် လွှတ်တော်ဘက်ကလည်း တိုက်တွန်းတာမျိုးတွေကိုတော့ လုပ်ရမှာပဲလို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

"အခုကတော့ သင်ခန်းစာအမျိုးမျိုးပေါ့လေ မြေပြိုတဲ့သင်္ခန်းစာ မုန်တိုင်းသင်ခန်းစာ ၊ ငလျင်ရဲ့သင်ခန်းစာတွေကြောင့် ရှေ့လျှောက်တော့ ဒီထက်ပို active တော့ဖြစ်လာမယ်ထင်တယ် ကျွန်တော်တို့ကတော့ ကျွန်တော်တို့တာဝန်လုပ်ရမှာပဲ သဘာဝဘေးသည် ကြောက်တတ်ရမယ်ဗျ ပြည်သူရော အစိုးရရော အကုန်သိရမယ့် ကိစ္စဖြစ်ပါတယ်"

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ကိုင်နေတဲ့ ဦးသိမ်းမော်ကလည်း အစိုးရအနေနဲ့ ရာသီဥတုဆိုးရွားနေတာတွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဖို့အချိန်တန်ပြီလို့ အခုလို မှတ်ချက်ပြုပါ တယ်။

"ရာသီဥတုဆိုးနေတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားရမယ်။ ဘယ်အခြေအနေမှာ မြေပြိုနိုင်တဲ့ဧရိယာ သတ်သတ်မှတ်မှတ်ရှိရမယ်။ ကြိုတင်သတိပေးချက်ရှိရမယ်။ မြေငလျင်ဖြစ်ရင် ဘယ်လိုကာကွယ်ရမလဲဆိုတာမျိုး ရှိသလို၊ မြေပြိုရင်လည်း ဘယ်လိုရှောင်ရှားရမလဲဆိုတာ အသိပေးရမယ့်အလုပ်တွေလည်းလုပ်ရမှာပေါ့နော်။ ပွဲပြီး မီးသေဖြစ်တဲ့ အကျင့်ကိုလည်းပြင်ရမှာပေ့ါနော်။ ဘာပဲဖြစ်ဖြစ် အစိုးရမှာ စနစ်တစ်ခုပေါ့နော်၊ ဒါတွေကို အကုန်လုံး မမေ့မပျောက်ထုူထောင်ဖို့တော့ လိုနေပြီလို့ထင်တယ်"

သဘာဝဘေးကို ရှောင်လွဲလို့မရဘူးလို့ ဆိုပေမယ့်လည်း လက်ရှိခေတ်ကာလမှာ သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းဖို့အတွက် အစိုးရအနေနဲ့ ဒေသခံတွေကို ပညာပေးတာ စီမံကိန်းလုပ်ငန်းတွေကို စနစ်တကျနဲ့ လုပ်ကိုင်ခွင့်ပေးတာတွေကို ရေရှည်မှာလုပ်ဖို့များစွာလိုအပ်တယ်လို့လည်း ပညာရှင် တွေက ပြောကြပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားသည်)