ကပ်ရောဂါကာလ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုံမှန်အတိုင်းရှိနေ

ကံသာ
2020.05.18

မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေဟာ နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းထုတ်လုပ်နေသလို လမ်းကြောင်း အမျိုးအမျိုးကနေ သယ်ဆောင်ရောင်းဝယ်နေတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာလ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချမှုတွေ ရပ်တန့်မသွားဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေးလုပ် ဆောင်နေသူတွေက ပြောပါတယ်။

"ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်ဖွဲ့ က မေလ ၁၄ ရက်နေ့မှာ မူးယစ်ဆေး မှောင်ခိုကုန်ကူးသူတွေလို့ ယူဆရသူ ၄၀ လောက်နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း တစ်ဦးကို အသေနဲ့ တစ်ဦးကို အရှင်ဖမ်းဆီးရမိပြီး သူတို့နဲ့အတူ WY999 တံဆိပ်ပါ စိတ်ကြွဆေး သုံးသန်းခွဲကို သိမ်းဆည်းးရမိခဲ့တယ်လို့ "ဝ" တပ်ဖွဲ့က ပြောပါတယ်။

၁၇၁ စစ်ဒေသ တပ်မဟာ ၇၇၂ လက်အောက်ခံ မူးယစ် အထူးနှိမ်နှင်းရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ထိုင်းကိုပို့မယ့် မူးယစ်ဆေးတွေကို သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။

ကပ်ဘေးကာလဖြစ်ပေမယ့် မှောင်ခိုသမားတွေဟာ လမ်းကြောင်း ပြောင်းလဲ သယ်ဆောင်တာကို တွေ့ရတယ်လို့ UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကလည်း တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့မှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား ထံကနေ ငွေကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေအပြင် လက်နက်၊ ခဲယမ်းတွေပါ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေး အကြီးအကျယ် ထူးထုတ်လုပ်တယ်လို့ နာမည်ထွက်နေတဲ့ ကွတ်ခိုင်မြို့နယ် ကောင်းခါး ကျေးရွာ လွယ်ခမ်ကျေးရွာတွေမှာ တပ်မတော်က တန်ဖိုး သန်းနဲ့ချီတဲ့ မူးယစ်ဆေး ဖမ်းဆီးရမိခဲ့ပေမယ့် ဈေးကွက်ဆက်လက် လည်ပတ်နေသလို ဈေးနှုန်းလည်း ပိုကျလာတယ်လို့ ကျောက်မဲမြို့ မာနာ မူးယစ်ဆန့်ကျင်ရေးအသင်းက ဦးတင်မောင်သိန်းက ပြောပါတယ်။

ဈေးကွက်အတွင်းမှာ ရာသီအလိုက် စိုက်ပျိုးရတဲ့ ဘိန်းကနေ ထုတ်လုပ်တဲ့ ဘိန်းဖြူ ထုတ်လုပ်မှုထက် ကုန်ကြမ်း ပိုမိုပေါများလွယ်ကူတဲ့ စိတ်ကြွဆေးပြားက ပိုမို နေရာယူလာပါတယ်။ တစ်ထောင်ကျော် ပေးရတဲ့ ဆေးပြားတစ်ပြားဟာ  လက်ရှိမှာ နှစ်ရာ့ငါးဆယ်၊ သုံးရာဝန်ကျင်လောက်ပဲ ရှိနေတယ်လို့ ဆိုပါတယ်။ ကပ်ဘေးကာလမှာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး အရေးယူမှု အားနည်းလာတာဟာ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူတွေအတွက် အခွင့်အရေး ဖြစ်နေတယ်လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။

အမျိုးသမီးတွေပဲ သီးသန့်စုပြီး မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းလုပ်ဆောင်နေတဲ့ ရှမ်းပြည်နယ် မုံပေါ်ဒေသ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ တာဝန်ခံ ဒေါ်အက်စစ်တာကတော့ ဒေသတွင်း မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှု လျော့မသွားဘူးလို့ ပြောပါတယ်။

ဒေါ်အက်စ်တာတို့အဖွဲ့ကို ၂၀၁၂ မှာ  မုံးပေါ်အနီးတစ်ဝိုက် ကျေးရွာ ၂၁ ရွာက အမျိုးသမီးတွေနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်ရာမှာ ပါဝင်တယ်လို့ ယူဆရတဲ့ တပ်မတော်သား၊ အရပ်သား၊ လက်နက်ကိုင်အဖွဲ့ အစည်းဝင်တွေကို ဖမ်းဆီးပညာပေးပြီး သက်ဆိုင်ရာအဖွဲ့နဲ့ အုပ်ထိန်းသူတွေလက်ထဲ ပြန်လည်အပ်နှံနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ရင်ဆိုင်နေရတဲ့ ကာလအတွင်း ကဏ္ဍအသီးသီးမှာ ထိခိုက်မှုရှိပေမယ့် မူးယစ်ဆေးဝါးထုတ် လုပ်ဖြန့်ဖြူးရောင်းဝယ်မှုမှာ ကြီးမားတဲ့ ထိခိုက်မှုမရှိဘူးလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက် ဖျက်ရေးရုံး (UNODC) က မေလ ၁၅ရက်နေ့ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ထိုင်း၊ လာအို၊ မြန်မာနယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု လုံး၀ လျော့ကျမသွားသလို ကပ်ရောဂါကာလနဲ့ ကပ်ရောဂါ အလွန်ကာလတွေမှာ မှောင်ခိုတင်ပို့မှုပုံစံ လမ်းကြောင်းတွေ ပြောင်းလဲလာနိုင်တယ်လို့ UNODC က ထုတ်ပြန်ပါတယ်။ အစိုးရက ကပ်ရောဂါအတွက် အာရုံစိုက်နေချိန်မှာ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အရှိန်လျော့သွားမှာကို စိုးရိမ်ကြောင်း UNODC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးစိုးနေထွန်းက ပြောပါတယ်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့  ဒုတိယရဲမှူးကြီး ဝင်းသိန်းကတော့ ကပ်ဘေးကာလမှာ ရဲတပ်ဖွဲ့က မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းကို ပုံမှန်အတိုင်းလုပ်နေတယ်လို့ ပြောပါတယ်။

နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကတော့ မူးယစ်ဆေးဝါးကဏ္ဍဟာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့အတွက် အစိုးရကငြိမ်းချမ်းရေးအတွက် အဓိက ဆောင်ရွက်နေတယ်လို့ မေလ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မူးယစ်ဆေးထုတ်လုပ်သူတွေဟာ ဖမ်းဆီးခံရမှု အခြေအနေတွေပေါ် မူတည်ပြီး တစ်နှစ်ထက် တစ်နှစ် နည်းပညာတွေ ပိုမိုကောင်းမွန်စွာနဲ့ မူးယစ်ဆေးတွေကို ထုတ်လုပ်နေသလို သွားလာတဲ့ လမ်းကြောင်းတွေကို ပြောင်းလဲ လုပ်ကိုင်နေတာတွေကြာင့် မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းမှာ အားလုံး ပူးပေါင်းပါဝင်မှရမှာ ဖြစ်သလို အစိုးရအနေနဲ့ မူးယစ်သားကောင် ဘဝကနေ ပြန်လည်ရုန်းထွက်ဖို့ ကြိုးစားနေသူတွေကို အကူအညီတွေပေးဖို့ ပိုမိုလိုအပ်မှာဖြစ်တယ်လို့ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။