စစ်အာဏာသိမ်းပြီး လေးလကျော်မှာ ပြည်တွင်းစီးပွားရေးထိုးကျလို့ ဆင်းရဲမွဲတေမှုဆီ ဦးတည်နေ

နေရိန်ကျော်(ဝါရှင်တန် ဒီစီ)
2021.06.14

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အချိန်အထိ လေးလကျော်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေအများစုဟာ အကျဘက်ကို ဦးတည်နေတယ်လို့ စီးပွားရေးပညာရှင် တွေနဲ့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

 စီးပွားရေးလုပ်ငန်းတွေဟာ ပုံမှန်အတိုင်း ပြန်လည်ပတ်လို့မရသေးတဲ့ အခြေအနေမှာပဲရှိနေပြီး တချို့ဆို လုပ်ငန်းတစ်ခုလုံး ဖျက်သိမ်းလိုက်ရတာမျိုးအထိ ရှိလာနေကြပါတယ်။

တချို့လုပ်ငန်းတွေက အနည်းငယ်ပြန်လည်စတင်လည်ပတ်နေပေမယ့် အရင်လိုပုံစံမျိုးတော့ ပြန်မရနိုင်တော့ ဘူးလို့  ဆောက်လုပ်ရေးလုပ်ငန်းအပြင်၊ စားသောက်ကုန်လုပ်ငန်းနဲ့ လုပ်ငန်းများစွာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေ တဲ့ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က RFA ကို ပြောပါတယ်။

"စီးပွားရေးအခြေအနေကတော့ တုံ့ဆိုင်းသွားတာပေါ့အကုန်လုံး၊ အခုကတော့ နည်းနည်းလေးတော့ ပြန်ပြီး တော့ စပြီးလည်ပတ်တော့နေပြီပေါ့၊ ပုံမှန်အနေအထား လုံး၀မရောက်နိုင်ဘူး၊ အစကတည်းက တစ်နှစ် ကျော်လောက်က လုပ်ငန်းလည်ပတ်မှုတွေ မရှိတဲ့အခါကျတော့၊ လူတွေရဲ့လက်ထဲမှာလည်း ငွေကသိပ် မရှိဘူး ကျပ်တည်းနေကြတော့ သုံးစွဲမှုပမာဏကလည်း လျော့တာပေါ့နော်၊ အရင်တုန်းကဆိုပါတော့ ဆယ်သိန်းလောက်ဆိုရင်တောင် အခုက လေးငါးသိန်းလောက်ပဲ သုံးနိုင်တာပေါ့လေ၊ အရောင်းအဝယ် သဘောကလည်း အဲလောက်ပဲ ဖြစ်သွားတာပေါ့၊ လုပ်ငန်းသဘောသဘာ၀အရ စားသောက်ကုန်လုပ်ငန်း တွေက ပိုပြီးအမြန်ဖြစ်တာပေါ့၊ ကျန်တဲ့လုပ်ငန်းတွေကတော့ နည်းနည်း လေးတုန်းရှိသေးတယ်၊ လည်ပတ် ဖို့ကတော့ တော်တော်ကြီးကို အားယူရမယ့်သဘောရှိတယ်။"

စစ်တပ်က အာဏာမသိမ်းခင်မှာလည်း တစ်နှစ်ကျော်ကြာနေတဲ့ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် စီးပွားရေး လုပ်အများစုအရှုံးပေါ်ခဲ့ကြပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အခြေအနေတွေက ပိုပြီးကျပ်တည်းသွား တယ်လို့ ဆိုပါတယ်။

"လူတွေရဲ့လက်ထဲမှာ ငွေကသိပ်မရှိဘူး ကျပ်တည်းနေကြတော့ သုံးစွဲမှုပမာဏကလည်း လျော့တာပေါ့နော်"

ရန်ကုန်မြို့မှာ အိမ်အလှဆင်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုမင်းနောင်ကလည်း သူ့လုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းလောက်ကျဆင်းသွားတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။

"ကွာတော့ကွာတာပေါ့ဗျာ အလုပ်က ပုံမှန်လည်းမရှိတော့ဘူး၊ လာအပ်တာကလည်း ၁၀ ​ယောက် အပ်မယ့် နေရာမှာ အခုတစ်ယောက်ပဲအပ်တော့တယ်၊ တချို့တွေကျတော့လည်းလုပ်နေရတယ် တချို့တွေကတော့ မလုပ်ရပါဘူး၊ အလုပ်တွေကတော့ အရင်ထက်နည်းနည်းအေးသွားတာပေါ့၊ ကျွန်တော်တောင် တော်တော် ကြီး တောင့်ခံထားတာ၊ တစ်ချို့ဆိုင်တွေဆို အကုန်ပြန်အပ်ကုန်ပြီ၊ ပေတေပြီးတော့လုပ်နေရတာပေါ့ဗျာ အခြားအလုပ်လည်းမလုပ်တတ်တော့၊ ဒီတစ်လုပ်ကလည်း ကျွန်တော့ရဲ့ မွေးရာပါအလုပ်လိုဖြစ်နေတာ ဒီဟာပဲပေတေပြီးလုပ်နေရတယ်၊ သူများတွေလို အခြားအလုပ်ပြောင်းဖို့ အဆင်မပြေဘူး၊ ဆိုင်လခလေး ရဖို့က အဓိကတော့၊ စားဖို့နဲ့ ဆိုင်လခအဓိက ရှာနေရတာပေါ့၊ ကျန်တာသိပ်ခေါင်းထဲ မထည့်နိုင်ဘူး။"

လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးကိစ္စတွေ ငြိမ်သွားရင်တော့ အနည်းငယ် ပြန်အဆင်ပြေလာနိုင်မယ်လို့ ထင်မိကြောင်း ကိုမင်းနောင် က ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် ဘဏ်တွေပိတ်တာ ငွေထုတ်မရတာတွေကလည်း ပိုဆိုးလာပြီး တစ်နေ့ထက်တစ်နေ့ ကျပ်တည်းကုန်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်း က ပြောပါတယ်။

"သူကနှစ်ချက်ပေါ့၊ ပထမအချက်ကတော့ နှဂိုကတည်းက ကိုဗစ်ကြောင့် စီးပွားရေးက တုံ့နှေးနေတာ ပေါ့လေ၊ အဲလိုဖြစ်နေတဲ့ကြားမှာ လက်ရှိ စစ်ကောင်စီက အာဏာလွှဲပြောင်းတဲ့အချိန်မှာလည်း ထပ်ပြီး တော့ ပြဿနာရှိတာပေါ့နော်၊ နောက်တစ်ချက်က ဘဏ်တွေပေါ့၊ ငွေကြေးနဲ့ပတ်သက်ရင် ဒီဘဏ်တွေ ပိတ်ပြီးတော့ ဖွင့်တဲ့အခါ ကြားထဲမှာ နှစ်လ၊ သုံးလလောက်ပိတ်သွားတော့ လူတွေက ငွေထုတ်တယ်၊ နောက်ပြီးတော့ လောလောဆယ် ဘဏ်တွေအနေနဲ့ကလည်း အပြည့်အ၀အလုပ်မလုပ်နိုင်ဘူး၊ ငွေကြေး အရလည်း အပြည့်အ၀ထုတ်ပေးနိုင်တာမရှိဘူး၊ မရှိတဲ့အတွက်ကြောင့်မလို့ စီးပွားရေးအရ ပြောရင်တော့ လုပ်ရကိုင်ရာ ကျပ်နေတာပေါ့နော်၊ တုံ့နှေးနေတဲ့အပိုင်းမှာပဲရှိပါတယ်၊ စီးပွားရေးလုပ်ငန်းရှင်ရော၊ အိမ်ရှင် မရော ဝန်ထမ်းတွေရော ပြဿနာရှိတယ်၊ လက်ရှိကတော့ ဖက်စပ်လုပ်ကိုင်ရတဲ့လုပ်ငန်းတွေ တော်တော် များများကလည်း အရင်တုန်းကတော့ လုပ်ငန်းကိုပြန်ပြီးတော့ ကောင်းနိုးကောင်းနိုးနဲ့ မျှောထားတာပေါ့၊ လုပ်ခလစာ တချို့တဝက်ပေးပြီးတော့ work from home လုပ်တာပေါ့၊ အခုနောက်ပိုင်းကျတော့ လုပ်ငန်း တော်တော်များများက လုံး၀ရပ်လိုက်တာပေါ့နော်၊ အဲတော့ လူတွေရဲ့ အလုပ်လက်မဲ့ဖြစ်တဲ့ဟာကတော့ ပိုပြီးတော့ဆိုးရွားလာတယ်၊ အထူးသဖြင့် ပညာတတ်အလုပ်လက်မဲ့ ပိုများလာတယ်။"

အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က အိမ်ရှင်မတစ်ယောက်ကလည်း ကုန်စျေးနှုန်းတွေ တက်လာတဲ့အတွက် မိသားစုစားသောက်ရေး စီမံခန့်ခွဲရတာ အခက်တွေ့နေတယ်လို့ RFA ကို ပြောပါတယ်။

"အာဏာသိမ်းပြီးနောက်ပိုင်းမှာ စျေးတွေကလည်း တဖြည်းဖြည်းနဲ့ တက်လာတယ်ပေါ့နော်၊ ကလေး ပစ္စည်းကအစ ဒိုက်ဗာကအစ ဝယ်တဲ့ဟာမှန်သမျှ အကုန်တက်လာတယ်၊ ပစ္စည်းတွေဆိုရင်လည်း စျေးတွေ က အသီးအရွက်ကအစ အကုန်လုံးတက်နေတာ အဆင်မပြေဘူးပေါ့နော်၊ ကိုယ်တစ်ယောက်တည်းတင် မဟုတ်ဘူး ဒါက အိမ်ရှင်မတိုင်း ဖြစ်နေတာပေါ့၊ ကျွန်မအမျိုးသားဆိုရင်လည်း တက္ကစီမောင်းနေတာ၊ တက္ကစီဆွဲစားပြန်တော့လည်း အရင်ခေတ်ကဆိုရင်တော့ကောင်းတယ်၊ အခုအာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆီစျေးတွေက အရမ်းတက်တယ်၊ တဖြည်းဖြည်းချင်းတက်လာတော့ အခုတော်တော့ကိုတက်နေတဲ့ အတွက်ကြောင့် ကားမောင်းရတာလည်း အဆင်မပြေတော့ဘူး၊ ကာစတန်မာတွေကလည်း မစီးတော့ဘူး ပေါ့နော်၊ ဒီဘက်မှာလည်း ကျွန်မက အလုပ်လက်မဲ့ဖြစ်နေ ဒီကြားထဲကုန်စျေးနှုန်းကလည်းတက်နေတော့ တော်တော်ကိုအဆင်မပြေဘူး၊ အရမ်းကိုချွေတာပြီးတော့ ခြစ်ကုတ်ပြီးတော့ စုဆောင်းနေရတဲ့ အခြေအနေ မျိုးဖြစ်နေတယ်။"

 စီးပွားရေးအတွက် ငွေပေးချေတဲ့အပိုင်းတွေမှာလည်း ဘဏ်စနစ်နဲ့ ငွေကြေးလွှဲပြောင်းတဲ့စနစ်တွေမှာ လွှဲခကို ၁၀ ရာခိုင်နှုန်းအနည်းဆုံးပေးမှ လွှဲပြောင်းထုတ်ယူလို့ရတဲ့အထိ အခက်အခဲတွေဖြစ်လာပြီး အလုပ်အကိုင် တွေပါ အဆင်မပြေဖြစ်လာတယ်လို့ ပြောဆိုကြပါတယ်။

kbz-atm.jpg
(KBZ ဘဏ် ATM စက်ရှေ့မှာ ငွေထုတ်ဖို့ တန်းစီနေသူတွေကို တွေ့ရစဉ်)

ဒါကြောင့် တိုင်းပြည်ဦးဆောင်သူတွေက လက်ရှိအခက်အခဲကို မဖြေရှင်းရင် စီးပွားရေး ပိုပြီးကျပ်တည်းလာ မယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။

"ဒါတော့လည်း ဒီဟာ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲတော့ ကျွန်တော်လည်းမသိဘူးပေါ့နော်၊ ဖြေရှင်းမှ တော့ရမယ်၊ မဖြေရှင်းရင်တော့ စီးပွားရေးအရတော့ ပိုပြီးတော့ ကျပ်တည်းလာနိုင်တဲ့ အနေအထားရှိတာ ပေါ့၊ လူတွေကလည်း အခုက နှစ်ပိုင်းဖြစ်နေတာပေါ့လေ၊ တစ်ခုကလည်း လုပ်ရကိုင်ရခက်နေတာ၊ နောက် တစ်ချက်ကလည်း တချို့ကအလုပ်လုပ်ချင်တဲ့စိတ်ကျနေတာပေါ့၊ ကျနေတဲ့အခါကြတော့ ပြောရမယ်ဆိုရင် တော့လည်း ကျွန်တော်တို့မြင်တာတော့ လူတွေရဲ့စားဝတ်နေရေးအနေအထားတွေ ပိုပြီးကျပ်လာနိုင်တယ်၊ အဲတော့ စီးပွားရေးနဲ့ ပတ်သက်လည်း ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းတွေ ကိုယ်ပိုင် ကုမ္ပဏီတွေ ဒါတွေကလည်း ပြင်ဆင်ထားဖို့တော့လိုတယ်ပေါ့ ဒီအခက်အခဲကို ကျော်ဖြတ်ဖို့။"

 ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရန်ကုန်ရုံးကနေ ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ သုတေသနစာတမ်းအသစ်ထဲမှာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကြာ ခက်ခက်ခဲခဲ အားထုတ်ကြိုးပမ်းခဲ့ပြီး အောင်မြင်မှုရခဲ့တဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ လက်ရှိဖြစ်ပေါ် နေတဲ့ နိုင်ငံရေးအကျပ်အတည်းတို့ကြောင့် နိုင်ငံတွင်းမှာ ဆင်းရဲနွမ်းပါးသူအရေအတွက် နှစ်ဆတိုးလာ နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ အကျပ်အတည်းနှစ်ခု ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို ကိုင်တွယ်ထိန်းချုပ်ခြင်း မရှိရင်တော့ အဲဒီအခြေအနေဟာ လူပေါင်း ၁၂ သန်းကို ဆင်းရဲတွင်းထဲကို တွန်းပို့နိုင်တယ်လို့ အဆိုပါ လေ့လာမှုကနေ သတိပေးထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူပေါင်း ၂၅ သန်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်ရှိသွားနိုင်ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးသော ဆင်းရဲနွမ်းပါး မှုအဆင့်ကို ရောက်ရှိနိုင်တယ်လို့ အဲဒီသုတေသနအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။