သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလာတဲ့အပေါ် ဝေဖန်မှုတွေရှိနေ

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2023.10.13
သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလာတဲ့အပေါ် ဝေဖန်မှုတွေရှိနေ ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park တွင် EDM ဂီတပွဲ ကျင်းပနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ညက တွေ့ရစဉ်။
Citizen Journalist

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပြတွေကို ပုံမှန်အခြေအနေမျိုးရအောင် စစ်ကောင်စီက ဖန်တီးနေပြီး နိုက်ကလပ်၊ ဘားတွေနဲ့အတူ အခုတစ်ဖန် လူငယ်တွေ ကြိုက်နှစ်သက်တဲ့ EDM လို့ ခေါ်တဲ့ အီလက်ထရောနစ်ဂီတ ကပွဲတွေကို ကျင်းပခွင့်ပြုနေပါတယ်။

Electric Dance Music (EDM) ဆိုတာ လူသိများကျော်ကြားတဲ့ အနောက်တိုင်းသံစဉ်တွေကို အီလက်ထရောနစ်နဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ဂီတအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီဂီတအမျိုးအစားဟာ လူငယ်တွေကြားမှာ ရေပန်းစားပြီး အတိုကောက်အနေနဲ့ EDM လို့ပဲ သုံးနှုန်းကြပါတယ်။

နိုင်ငံတကာ ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေကို ကြည့်ရဖို့ ပြည်ပမှာ သွားရောက်ကြည့်ရှုရာကနေ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပြည်တွင်းမှာပါ ဒီပွဲတွေ သိသိသာသာ ပေါ်လာတာ ဖြစ်ပါတယ်။

ကိုဗစ်ကာလနဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖျော်ဖြေပွဲတွေ လုံးဝရပ်တန့်သွားခဲ့ရာကနေ ၂၀၂၃ ခုနှစ် သင်္ကြန်ကာလမှာ EDM ပွဲတွေ ပြန်လည်ကျင်းပချိန်မှာလည်း အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။

အခု သီတင်းကျွတ်ကာလမှာ ကျင်းပမယ့် EDM ပွဲတွေကို ဖျော်ဖြေရေးကုမ္ပဏီတွေက အွန်လိုင်းကနေတစ်ဆင့် ကြော်ငြာနေပြီး လက်မှတ်ရောင်းချနေတာကို တွေ့ရပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ အွန်လိုင်းအလောင်းကစား ကုမ္ပဏီတစ်ခုဖြစ်တဲ့ Myanmar Poker Hub က အဓိကပံ့ပိုးကူညီထားပြီး ပြည်ပက နာမည်ကျော် DJ ဂီတပညာရှင်တွေပါဝင်တဲ့ INVASION အမည်နဲ့ EDM ပွဲ ကျင်းပခဲ့ပါတယ်။ ဒီပွဲကိုသွားရောက်တဲ့ လူငယ်တွေကို တရုတ်နည်းပညာသုံးပြီး မျက်နှာတွေကို မှတ်တမ်းရိုက်ယူထားတဲ့စနစ်နဲ့ လုံခြုံရေးတိုးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပွဲမှာဖျော်ဖြေတဲ့ ဂီတပညာရှင်တစ်ဦးက တက်ရောက်သူ ခြောက်ထောင်ကျော်ရှိတယ်လို့ သူ့ရဲ့ ဖေ့ဘွတ်စ်လူမှုကွန်ရက်မှာ ဗီဒီယိုနဲ့တကွ တင်ထားပါတယ်။

အခုလို လောင်းကစားလုပ်ငန်းတွေက ပံ့ပိုးကူညီထားပြီး လူစုလူဝေးနဲ့ ကခုန်ပျော်ရွှင်ကြတဲ့ EDM ပွဲတွေကို စစ်ကောင်စီက ကျင်းပခွင့်ပြုလာတဲ့အပေါ် ဝေဖန်နေကြပါတယ်။

နိုင်ငံရေးအခြေအနေကြောင့် ရပ်တန့်ထားတဲ့ EDM ပွဲတွေကို စစ်ကောင်စီက အခုလို ခွင့်ပြုလာတာဟာ ရန်ကုန်မြို့ပြတွေကို ပုံမှန်အသက်ဝင်အောင် ကြိုးပမ်းနေတာလို့ ရန်ကုန်အခြေစိုက် သပိတ်လှုပ်ရှားမှုလုပ်နေတဲ့ လူငယ်တွေက ပြောပါတယ်။

“အာဏာသိမ်းထားပေမဲ့ လူထုက စီးပွားရေး လူမှုရေး ယိမ်းယိုင်မသွားဘူး။ သူတို့လက်အောက်မှာ တိုင်းပြည်က ပုံမှန်လည်ပတ်နေတယ်ဆိုတဲ့အနေအထားကို ပြသဖို့အတွက် စစ်ကောင်စီက တောက်‌လျှောက်ကြိုးပမ်းနေတာ ဖြစ်တယ်။ သူဘယ်လိုပဲ ကြိုးပမ်းကြိုးပမ်း တိုင်းပြည်က ဘယ်လိုအခြေအနေ ဖြစ်နေတယ်။ တိုင်းပြည်က အစုတ်ပြတ်ဆုံး အနေအထားကို ရောက်နေတယ်ဆိုတာ ကျွန်တော်တို့အကုန် မြင်နေရတယ်။ ကိုယ်တိုင်လည်းကြုံတွေ့ခံစားမိရတယ်။ မြို့ပြဆိုတာ စစ်ပွဲရဲ့ ဒဏ်ကိုနောက်ဆုံးမှ ခံစားရတာ ဖြစ်တယ်။ ဒီနေရာမှာ မြို့ပြကလူငယ်တွေကို မပျော်နဲ့ မပါးနဲ့ မပြောချင်ဘူး။ ပျော်တဲ့နေရာမှာ ကျွန်တော်တို့က အသိဉာဏ်နဲ့သတိလေး ကပ်ထားပြီးတော့ ပျော်ဖို့ လိုအပ်မယ်။ တိုင်းပြည်ရဲ့ ပကတိအခြေအနေကို သိထားဖို့လိုအပ်တယ်။ ပျော်ရမှာ သိသလို တိုင်းပြည်က တစ်စထက်တစ်စစုတ်ပြတ်နေပြီ။ တော်လှန်ရေးမှာ တက်တက်ကြွကြွမပါဝင်နိုင်သေးရင်တောင် ဘယ်လိုအလုပ်တွေလုပ်ပြီး တော်လှန်ရေးမှာ အထောက်အကူဖြစ်အောင် နေထိုင်ကြမလဲ ကူညီကြမလဲဆိုတဲ့ စိတ်ကလေး ထည့်ထားကြဖို့အတွက် ပြောချင်ပါတယ်”

ရန်ကုန်က အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ညှိနှိုင်းရေးမှူး ကိုမျိုးသူရကျော် ပြောသွားတာပါ။

ဒီလိုပွဲတွေဟာ လူတစ်ယောက်အတွက် ငွေကျပ် သုံးသောင်းကနေ တစ်သိန်းကြား လက်မှတ်စျေးနှုန်းရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ စစ်ဖြစ်ပွားနေချိန် ပြည်သူသိန်းနဲ့ချီ စစ်ဘေးရှောင်နေရချိန်မှာ ရန်ကုန်မြို့ကြီးမှာတော့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ အချိန်အခါမဟုတ်သေးဘူးလို့လည်း ထောက်ပြကြပါတယ်။

ရန်ကုန်မြို့က ပွဲစီစဥ်သူတစ်ယောက်ဖြစ်တဲ့ ကိုနိုင်ကတော့ ကိုဗစ်ကာလအပြီး နိုင်ငံရေးအခြေအနေနဲ့ စိတ်ဖိစီးမှုရှိနေတဲ့လူငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲတွေ စီစဉ်ပေးတာလို့ ပြောပါတယ်။

"ကျွန်တော်ကတော့ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ပါပဲ။ မွန်းကျပ်နေတဲ့အခါကျတော့ တစ်ခါတလေ လူငယ်တွေအတွက် စိတ်ထွက်ပေါက်ဖန်တီးပေးတာ ဒီလောက်ပါပဲ။ မွန်းကျပ်လာတဲ့အခါကျတော့ ခရီးသွားတဲ့သူက သွားမယ်။ ဒီ Festival မှာ ကတဲ့သူက ကမယ်။ သူငယ်ချင်းတွေ စုဝေးဆုံမယ်။ ပျော်ကြမယ်။ ဒါမျိုးကို ကျွန်တော်တို့ ဖန်တီးပေးလိုက်တဲ့သဘောပါပဲ။ ကျန်တာ ထွေထွေထူးထူးတော့ မရှိပါဘူး။ စိတ်ညစ်လာလို့ရှိရင် လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တစ်ခုလို့ပဲ သတ်မှတ်ပါတယ်"

ရန်ကုန်မြို့ပြမှာတော့ အခုလိုဖျော်ဖြေပွဲတွေအပြင် Happy Water လို့ခေါ်တဲ့ မူးယစ်ဆေးဝါး ပါဝင်တဲ့အရည်ကိုလည်း အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်တဲ့ နိုက်ကလပ် အတော်များများ ရှိလာတယ်လို့ ရန်ကုန်မြို့ခံ လူငယ်အများစုက ပြောပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park တွင် EDM ဂီတပွဲ ကျင်းပနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ညက တွေ့ရစဉ်။ (Photo: Citizen Journalist)
ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park တွင် EDM ဂီတပွဲ ကျင်းပနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ညက တွေ့ရစဉ်။ (Photo: Citizen Journalist)

မူးယစ်ဆေးဝါးတွေကို ဂီတဖျော်ဖြေပွဲတွေမှာ အလွယ်တကူ ဝယ်ယူအသုံးပြုခွင့်ပေးထားတဲ့အပေါ် လူငယ်တွေအတွက် စိုးရိမ်တဲ့အကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုအဖွဲ့က ကိုရဲညီထက်က ပြောပါတယ်။

“လူငယ်တွေနဲ့ တော်လှန်ရေးဝေးလာတာကို ကျွန်တော်တို့တွေ့ရတယ်။ လူငယ်တွေဟာ ဒီ Night Life မှာ ပျော်သွားပြီ။ သူတို့ဆွဲဆောင်ထားတဲ့အရာတွေဆို အများကြီးပဲ။ Party Drug လို အရာမျိုးဆိုရင် အဲဒီလို Drug တွေနဲ့သာ တရားဝင်နဲ့သာမဟုတ်တာ။ အဲ့ထဲမှာသွားတာနဲ့ ရနိုင်တယ်ဆိုတဲ့ အခင်းအကျင်းမျိုးက စစ်ကောင်စီဘက်က ခွင့်ပြုထားပေးပြီးသား။ လူငယ်တွေက ဒီလိုမျိုးအရာတွေကို စွဲလမ်းလာကြတယ်။ အဲ့ဒီတော့ နိုင်ငံရေးဘက် ဒီနိုင်ငံဘာဖြစ်နေလဲဆိုတာ အာရုံမရောက်တော့ဘူး။ သူတို့ တစ်နေ့တစ်နေ့ ဒီနေ့ညမှာသူတို့ ဘယ်ပွဲကို သွားကြမယ်။ ဘယ်ရက်မှာ ဘာလုပ်ကြမယ် ဆိုတဲ့ အစီအစဉ်တွေဖြစ်လာပြီး တော်လှန်ရေးနဲ့ အလှမ်းဝေးလာတာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့က မပျော်နဲ့လို့ မပြောပါဘူး။ ဒါပေမဲ့ ပျော်လို့ရတယ်။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာအောင် ဘယ်သူက ကြိုးကိုင်တယ်ဆိုတာသိဖို့ လိုအပ်ပါတယ်"

ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပွဲစီစဉ်သူတစ်ယောက်ကတော့ သူတို့စီစဉ်တဲ့ EDM ပွဲကြီးတွေမှာ မူးယစ်ဆေးဝါးတွေ အသုံးမပြုနိုင်အောင် စီစဉ်ထားတာလို့ ပြောပါတယ်။

အခုလို ဖျော်ဖြေပွဲတွေခွင့်ပြုတာ၊ မူးယစ်ဆေးဝါး သုံးစွဲခွင့်ပြုတာ စတဲ့ ဝေဖန်ချက်တွေနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တာဝန်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပျော်ပွဲရွှင်ပွဲတွေ မရှိသလောက် နည်းခဲ့ပေမဲ့ အခုတော့ ဂီတပွဲကြီးတွေနဲ့ မြို့ပြတွေမှာ ပြန်လည်စည်ကားလာတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။