တိုင်းရင်းသားဒေသ ကျန်းမာရေးအဖွဲ့တွေ ရန်ပုံငွေ လိုအပ်နေ

စိုးစိုးထက်
2020.09.06

အစိုးရက လက်လှမ်းမမီတဲ့ ကျေးလက်ဒေသနဲ့ ပဋိပက္ခဖြစ်ပွားတဲ့ တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်း EHOs  က နိုင်ငံလေးနိုင်ငံကို အကူအညီ တောင်းခံထားပါတယ်။

နိုင်ငံတကာအကူအညီတွေက အစိုးရဆီကိုသာ တိုက်ရိုက်သွားနေတာကြောင့် အရပ်ဘက်အဖွဲ့တွေ ရန်ပုံငွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အစိုးရ ကျန်းမာရေး ဝန်ထမ်းတွေ သွားရောက်မကုသပေးနိုင်တဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ဝေးလန်ခေါင်ဖျားတဲ့ ဒေသတွေမှာ နေထိုင်သူတွေကို တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်း EHOs အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါတယ်။

လက်ရှိအချိန်မှာ အဖွဲ့ကဆောင်ရွက်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပုံမှန်လည်ပတ်ဖို့ ရန်ပုံငွေ လိုအပ် နေတာကြောင့် ထောက်ပံ့ကူညီပေးနိုင်မယ့် နိုင်ငံတွေကို အကူအညီတောင်းခံတာလို့ EHOs အဖွဲ့ဝင်တွေထဲက သျှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ လက်ထောက် ဒါရိုက်တာ နန်းဆိုင်မွန်းက ပြောပါတယ်။

“အစိုးရကျတော့ သူရဲ့ လက်လှမ်းမီတဲ့ နေရာမှာပဲ သူတို့ကတော့ ဆေးခန်းဖွင့်ထားတယ်။ ပြီးတော့လည်း သူတို့ကတော့ ဆေးခန်းတွေတော့ ဆောက်ထားတယ်။ ဒါပေမဲ့ သူတို့က လူမပို့နိုင်တာတို့ အဲလိုမျိုးတွေရှိတယ်။ လူမနေတဲ့အခါကျတော့ သူတို့ဘက်ကလည်း သူတို့ cover တဲ့ နေရာတောင်မှ သူတို့ မနိုင်ဘူးပေါ့နော်။  အဲလို မျိုးဖြစ်နေတာပေါ့။ အဲဒါကြောင့် တကယ့်ဝေးလံတဲ့နေရာဆိုရင်၊ မဖြစ်မနေသွားရမယ့်နေရာဆိုရင် တစ်နှစ်မှ တစ်ခေါက်၊ တစ်နှစ်မှ နှစ်ခေါက်လောက်ပဲ ရောက်တဲ့နေရာတွေပေါ့နော်။ ကျမတို့က ဒီကျန်းမာရေး စောင့် ရှောက်မှုပေးနေတဲ့နေရာတွေက ဥပမာ အစိုးရက သူဒေသတောင်မှ သူမနိုင်ဘူးပေါ့။ ပြောရမယ်ဆိုရင်တော့ သူ့ရဲ့ management လည်း ပါရင်ပါမှာပေါ့နော်။ ဒါကတော့ သူတို့ရဲ့ လူအင်အား အားနည်းတာလား၊ ဒါမှ မဟုတ် ဘယ်လိုပြောရမလဲ။ ဒီဘက်က အဲဒါကြောင့်မို့ ကျမတို့က အလှူရှင်တွေကို သပ်သပ်တောင်းဆို ထားတာရှိတယ်။ အစိုးရကိုပေးသလို ကျမတို့ဘက်ကိုလည်း အဲလိုမျိုးပေါ့။ ဘာဖြစ်တုန်းဆို ကျမတို့ဘက်မှာ လည်း အစိုးရက cover လုပ်ထားတာ မဟုတ်တဲ့အတွက်ကြောင့် ကျမတို့ရဲ့ တိုက်ရိုက် Management နဲ့ သွားတဲ့အခါကျတော့ ကျမတို့ဘက်ကိုလည်း အဲလိုမျိုး ဆေးဝါးတွေကို တိုးပြီးပေးဖို့ အဲလိုမျိုးတော့ တောင်းဆိုထားတာရှိတယ်။”

EHOs အဖွဲ့တွေက အမေရိကန်၊ ဆွီဒင်၊ ဆွီဇာလန်နှင့်  ဗြိတိန် နိုင်ငံလေးနိုင်ငံကို အကူအညီတောင်းထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးတဲ့ နိုင်ငံတကာ အလှူရှင်တွေဟာ အစိုးရရဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကိုပဲ တိုက်ရိုက်ကူညီနေတာကြောင့် ဆေးပေးခန်းမရှိတဲ့ ကျေးလက်ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့ အစည်းတွေမှာ ရန်ပုံငွေ အခက်အခဲဖြစ်လာတာလို့ ဆိုပါတယ်။

လက်ရှိမှာ အစိုးရကျန်းမာရေး ဆေးပေးခန်၊ ဆေးရုံတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေကို သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံအတိုင်း မခန့်ထားနိုင်သေးပါဘူး။

ဒါပေမဲ့ ရှိတဲ့ဆရာဝန်အင်အားနဲ့ လူနာတွေကို အဆင်ပြေအောင် ကုသပေးနေကြောင်း ကယားပြည်နယ် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

“လုံလောက်လား မလုံလောက်ဘူးလား ဆိုတာကတော့ လူနာအနေအထားနဲ့ကြည့်ရင် လတ်တလော ဆရာတို့ အဆင်ပြေအောင် ဆေးကုသမှုပေးနေတယ်။ ဆရာတို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဆေးရုံကြီးတွေ ရဲ့ ဖွဲ့စည်းပုံအရ ဒီလိုထားပေမယ့် တကယ့်တကယ်ကျတော့ ဆရာဝန် အပြည့်အစုံကတော့ ဘယ်ဆေးရုံမှာမှ ခန့်ထားနိုင်ခြင်း မရှိသေးပါဘူး။ ဒီမှာခန့်ထားတဲ့ ဆရာဝန်တွေထဲကနေပြီးတော့မှလည်း အားလုံးက ဘွဲ့လွန် တက်နေတဲ့ဆရာဝန် တချို့တဝက်တွေရှိတယ်။ ဒါကြောင့်မို့လို့ လုံလောက်သလားဆိုရင် ဆရာတို့တွေသည် အခုရှိတဲ့ ဒီလူနာတွေပေါ်မှာ ဆရာဝန်တွေ နိုင်နိုင်နှင်းနှင်းဆေးကုသပေးနေတာတော့ရှိပါတယ်။”


ကျန်းမာရေးဌာနက ဝန်ထမ်းတွေ ဆရာ/မတွေ လိုအပ်ချက်ရှိနေတာကြောင့် ပြည်နယ်အစိုးရနဲ့ ပြည်သူ လူထုတွေက ပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ ကယားပြည်နယ် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

အစိုးရဌာနဆိုင်ရာတွေ လက်လှမ်းမမှီတဲ့ ကျေးလက်ဒေသမှာ နေထိုင်သူတွေဟာ သူတို့လက်လမ်းမှီတဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေဆီမှာပဲ ကျန်းမာရေး စောင့်ရှောက်မှုခံယူကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေမှာ ရံပုံငွေရရှိမှု နည်းလာတာကြောင့် လုပ်ဆောင်နေတဲ့ တောင်ပေါ်ဒေသက ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ အခက်အခဲတွေ ကြုံတွေ့ နေကြရတာဖြစ်ပါတယ်။

အလှူရှင်နိုင်ငံတွေက NLD အစိုးရတက်လာပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းလာပြီဟုဆိုပြီး တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့အဖွဲ့တွေကို ကူညီထောက်ပံ့မှုနည်းသွားပြီး ပြည်တွင်းကနေတဆင့် ဝင်ရောက် ကူညီထောက်ပံ့နေတာလို့ ဆိုပါတယ်။

“ဒီနောက်ပိုင်းမှာ နိုင်ငံတကာအလှူရှင်နိုင်ငံတွေက ဒီ ၂၀၁၀ လောက်က  ဒီ Cross boarder ဘက်မှာ ကျနော်တို့ နယ်စပ်ဘက်မှာ အကူအညီပေးနေတာတွေပေးတယ်။ ကျနော်တို့ကိုပေးတယ်။ ဒီအလှူငွေတွေနဲ့ ကျနော်တို့ ဆေးဝါးတွေနဲ့ ကျနော်တို့ ဒီဆေးဝါးတွေနဲ့ ဒီတောင်ပေါ်ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ကြတာပေါ့။ နောက်ပိုင်းကျတော့ ဗမာပြည်ထဲမှာ ပြောင်းလဲလာတာတွေ အထူးသဖြင့် NLD အစိုးရ တက်လာပြီးနောက်ပိုင်းမှာကျတော့ သူတို့က ဗမာပြည်က အခြေအနေကောင်းသွားပြီ။”

တချို့လူနာတွေဆိုရင် ကုသလို့ပျောက်နိုင်ပေမယ့် ဆေးမရှိလို့ မကုနိုင်လိုက်ဘဲ သေဆုံးသွားတာတွေ ဖြစ်လာ နိုင်ကြောင်း လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက် - ကရင်နီပြည် CHDN အဖွဲ့ ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။

တိုင်းရင်းသား ကျန်းမာရေးအဖွဲ့တွေအချင်းချင်း ကွန်ရက်ဖွဲ့စည်းထားပြီး ဖက်ဒရယ်ကျန်းမာရေးစနစ်နဲ့ တိုင်းရင်းသားဒေသက ကျေးလက်နဲ့ ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေကြတာ ဖြစ်ပါတယ်။

“ကျမတို့ တကယ်ထောက်ပံ့ပေးတဲ့နေရာကလည်း စစ်ဘေးဒဏ်ခံနေရတဲ့လူတွေရယ်၊ နောက်ပြီး တကယ့် မြို့ရွာနဲ့ ဝေးတဲ့နေရာ တကယ်တောခေါင်တဲ့နေရာမှာ သူတို့တသက်မှာ တခါမှ ဆေး၊ ရုံဆေးခန်း မမြင်ဖူး တဲ့လူတွေပေါ့နော်။ ကျမတို့က သွားပြီးတော့မှ ပညာပေးမှုတွေလုပ်တယ်။ သူတို့လည်း ကိုယ့်ဆေးခန်းကို လာမယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလာမယ်ပေါ့နော်။ ကျမတို့ဘက်ကလည်း ဆေးဝါးတွေ မထောက် ပံ့ပေးနိုင်တော့ သူတို့အတွက်က အားကိုးရာမဲ့သလို ဖြစ်သွားတယ်။ ကိုယ့်အပေါ် ယုံကြည်မှုလည်း နည်းသွားတာပေါ့နော်။”

တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေဟာ ဆေးဘက်ဆိုင်ရာကုသခြင်း၊ မိခင်၊ ကိုယ်ဝန်ဆောင်၊ မွေးကင်းစနဲ့ ကလေးကျန်းမာရေး၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ သားဆက်ခြား ကျန်းမာရေးလုပ်ငန်းတွေ၊ ကူးစက်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်း၊ ရေ၊ မိလ္လာနဲ့ ပတ်ဝန်းကျင်စနစ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကျန်းမာရေး ပညာပေးလုပ်ငန်း၊ ကျန်းမာရေး သတင်းပေးလုပ်ငန်း၊ ငါးနှစ်အောက် ကလေးအတွက် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ကာကွယ်ဆေးလုပ်ငန်း စတာတွေကို လုပ်ဆောင်နေပါတယ်။

အမျိုးသားကျန်းမာရေးမူဝါဒထဲမှာ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့ကဏ္ဍနဲ့ ပတ်သက်လို့ လွှတ်တော်မှာလည်း တော်တော်များများ တင်ပြဆွေးနွေးခဲ့ကြပေမယ့်လည်း ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ မူဝါဒတွေ အားနည်းနေတယ်လို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ပြောပါတယ်။

“မူဝါဒတွေ အားနည်းနေသေးတယ်။ ဘတ်ဂျက်ပဲဖြစ်ဖြစ် ပိုတ်ဆံလိုတယ်။ ဘတ်ဂျက်စနစ်နဲ့ ကျန်းမာရေး ကဏ္ဍအပိုင်းတွေမှာတော့ တက်လာတာပေါ့။ ဒီအစိုးရလက်ထက်မှာတော့ တော်တော်တက်လာပါတယ်။ အရင်အစိုးရမှာတော့ဘာမှ မရှိဘူးပေါ့နော်။ ဒါပေမဲ့လို့ မူဝါဒလိုတယ်။ မူဝါဒပြည့်စုံမှ သူတို့နဲ့ပေါင်းပြီးတော့မှ လုပ်တဲ့ဟာ ပိုပြီးတော့မှ ခိုင်မာလာမယ်။ အကြိမ်များလာမယ်ပေါ့။”

အခုလို အမျိုးသား ကျန်းမာရေးမူဝါဒ အားနည်းနေတယ်ဆိုပေမယ့်လည်း ကယားပြည်နယ် အတွင်းမှာတော့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့နဲ့ အစိုးရကျန်းမာရေးဌာနဆိုင်ရာတွေ လုပ်ငန်းပူးပေါင်း ဆောင်ရွက်နေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်း EHOs မှာ တိုင်းရင်းသား ကျန်းမာရေးကော်မတီ၊ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက် (ကရင်နီပြည်)၊ သျှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ မွန်အမျိုးသား ကျန်းမာရေးကော်မတီ၊ သျှမ်းကျန်းမာရေးဌာန၊ လွိုင်တိုင်းလီ ကျန်းမာရေးကော်မတီ၊ မယ်တော်ဆေးခန်း၊ မြန်မာနိုင်ငံဆေးပညာရှင်များ အသင်း၊ နယ်လှည့်ကျောပိုးအိတ်လုပ်သားများအဖွဲ့၊ ပအိုဝ်းကျန်းမာရေးလုပ်ငန်းကော်မတီ၊ ချင်းကျန်းမာရေးနှင့် ပညာရေးကော်မတီ၊ သျှမ်းပြည်လူငယ်စွမ်းရည်မြှင့်တင်ရေးအဖွဲ့၊ ကချင်အမျိုးသမီးအစည်းအရုံးနဲ့ မှုဒရော်ခရိုင် ကျန်းမာရေးကော်မတီစတဲ့ အဖွဲ့ ၁၄ ဖွဲ့နဲ့ စုစည်းထားတာဖြစ်ပြီး အဖွဲ့ဝင်အင်အား စုစုပေါင်း ငါးသိန်းခန့်ရှိပါတယ်။

EHOs အဖွဲ့ကို ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ စတင်စုစည်းလာခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။