နိုင်ငံရေးပါတီတွေကို စိစစ်မယ့် ကော်မရှင်သစ်ရဲ့ အစီအစဉ် ပါတီတွေကန့်ကွက်

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.08.26

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်က နိုင်ငံရေးပါတီတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ငွေကြေးတွေ ကို စစ်ဆေးသွားမှာကြောင့် ပြင်ဆင်ထားကြဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက အသစ်ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ တရားမဝင်တဲ့အတွက် ပါတီအနေနဲ့ စစ်ဆေးမှု ကို လက်ခံသွားမှာ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NLD ဗဟိုကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“တကယ်တမ်းတော့ အဲဒီ UEC ကိုယ်တိုင်က တရားဝင် ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကနေ ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် အဲဒီ UEC က တရားမဝင်ဘူး။ ဒီ UEC ကို ကမ္ဘာကလည်း အသိအမှတ် ပြုမှာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးကလည်း အသိအမှတ်မပြုဘူး။ ပြည်သူလူထုကလည်း အသိအမှတ်မပြုတဲ့ ကိစ္စဖြစ်တဲ့အတွက် သူတို့ UEC နဲ့ ပတ်သက်ပြီး တို့ပါတီအနေနဲ့ ကိုယ်ကတော့ ကိုယ့်မြို့နယ် ကိုယ့်တိုင်းနဲ့ ကိုယ့်ဌာနကို ပြောထားတာကတော့ ဒါကတရားဝင် အဖွဲ့အစည်း မဟုတ်တဲ့အတွက် ဒါကို ပြန်ပြီးတော့ အစစ်ခံစရာလည်း အကြောင်းမရှိဘူး။ စစ်ဆေးလည်းပဲ သူတို့နဲ့ သက်ဆိုင်တဲ့ မဲအနိုင်မရထားတဲ့ ပါတီ တွေပဲ စစ်ဆေးခံလိမ့်မယ်”

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်ကြေးနဲ့ လစဉ်ကြေး၊ ပါတီကိုလှူဒါန်း တဲ့ ငွေကြေးနဲ့ ပစ္စည်းစာရင်း၊ ပါတီပိုင်စီးပွားရေးက ရတဲ့အမြတ်၊ ပါတီရန်ပုံငွေနဲ့ ငွေသုံးစာရင်း၊ ပါတီက ဝယ် ယူထားတဲ့ ပစ္စည်းစာရင်း၊ ပါတီစည်းရုံးရေးအသုံးစရိတ်၊ ကိုယ်စားလှယ်လောင်း တစ်ယောက်စီအတွက် သုံးစွဲ ထားတဲ့စာရင်းတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။

"သူတို့ မလိုလားအပ်တဲ့ပါတီတွေကို ဖျက်သိမ်းပစ်ဖို့ ဒါဟာ ရမယ်ရှာတာလို့ သုံးသပ်ပါတယ်"

အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) နဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) တို့ရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက် တနင်္လာနေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ်ထဲက ဥတ္တရခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့မှာ အသီးသီးစစ်ဆေးသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဩဂုတ်လ ၁၈ ရက်မှာ ကြေညာခဲ့ပါတယ်။

အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) ရဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်း ကတော့ စစ်ဆေးမှုတွေအတွက် ရင်ဆိုင်ဖြေရှင်းဖို့ရှိတယ်လို့ RFA ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ပြောခဲ့ပါတယ်။

“သူတို့စစ်ဆေးတာခံပေးရုံပေ့ါ။ ပါတီတိုင်းက UEC ရဲ့ စီမံကြီးကြပ်မှု ထိန်းချုပ်မှုအောက်မှာရှိတယ်လေ။ ပါတီတွေဟာ သူ့မှာ မှတ်ပုံတင်ခြင်းကိစ္စနဲ့ ပတ်သက်လို့ ဥပဒေ နည်းဥပဒေတွေရှိပြီးသား။ ပါတီတစ်ခုရဲ့ ဆောင်ရွက်ရမယ့် ဆောင်ရန် ရှောင်ရန်တွေရှိတယ်လေ။ ဒါတွေကို သူတို့စစ်ဆေးမှာပေါ့။ စစ်ဆေးတဲ့အခါ ကိုယ့်ဘက်ကလည်း ရိုးရိုးသားသားမှန်မှန်ကန်ကန်ဖြေရှင်းပေးရုံပဲ”

အခုလို နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးတာက ဆယ်နှစ်ကျော်အတွင်း ပထမဆုံး အကြိမ်ဖြစ်ပေမယ့် ပါတီတွေအနေနဲ့ ဆောင်ရွက်ရမယ့်အချက်တွေမှာ ဒီစာရင်းတွေကို ပြင်ဆင်ထားဖို့ ပါဝင် ပြီးသားဖြစ်တယ်လို့ သူကဆိုပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့က စစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် ထပ်သိနိုင်ဖို့အတွက် (NUD) ရဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းကို RFA က ဖုန်းနဲ့ ထပ်မံဆက်သွယ်ရာမှာတော့ ဖြေဖို့ကို ငြင်းဆန်ခဲ့ပါတယ်။

snld-campaign.jpg
(လားရှိုးမြို့မှာ ၂၀၂၀ အောက်တိုဘာ ၄ ရက်နေ့က SNLD ပါတီ မဲဆွယ်စည်းရုံးခဲ့စဉ်)

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က အခုလို လုပ်ဆောင်လာတာဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မပြုလိုတဲ့ ပါတီတွေကို ဖျက်သိမ်းဖို့ စစ်ကောင်စီက ရည်ရွယ်လာတာလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ဝေဖန်ပါတယ်။

SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်

“ဒီငွေကြေးကိစ္စက ဒီအချိန်မှာ ထစစ်ရမယ့် အနေအထားမျိုးလည်း မဟုတ် ဘူး။ ရွေးကောက်ပွဲရလဒ်ကို သူတို့ဖျက်သိမ်းထားပြီးသားဖြစ်တယ်။ အဲတော့ ဒီငွေစာရင်းစစ်တယ်ဆိုတဲ့ကိစ္စဟာ အကြောင်းပြချက် သက်သက်လို့ပဲ ကျွန်တော်မြင်တယ်။ သူတို့မလိုလားအပ်တဲ့ပါတီတွေကို ဖျက်သိမ်းပစ်ဖို့ ဒါဟာ ရမယ်ရှာတာလို့ သုံးသပ်ပါတယ်။ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ပြီး ရပ်တည်ခွင့်မပြုလိုတဲ့ပါတီတွေကို ငွေကြေးအကြောင်းပြပြီး ဖျက်သိမ်းဖို့ ဒါတစ်ခုကလွဲပြီး တစ်ခြားအကြောင်းပြချက်ရှိလိမ့်မယ် မထင်ပါဘူး။"

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှ ကတော့ သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိ မရှိ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ အခုလိုအချိန်မှာ ဒီလိုလုပ်တာဟာ ပါတီတွေကို ဖိအားပေးနေတာ ဖြစ်တယ်လို့လည်း ဦးသာထွန်းလှ က ပြောပါတယ်။

“သူတို့ဘယ်လိုပုံစံ စစ်ဆေးမယ့်အပေါ်မှာ လေ့လာစောင့်ကြည့်နေတဲ့ အခြေအနေပဲ ရှိသေးတယ်။ တချို့ နိုင်ငံရေးပါတီတွေရဲ့ တရားဝင်မှုကို တရားမဝင်အောင် ပယ်ဖျက်လိုတဲ့ဆန္ဒ ပါကောင်းပါနိုင်တယ်။ ပြီးရင် ဒီကာလက ကပ်ဘေးရောဂါ ဖြစ်နေတဲ့ကာလမှာ ဒီလိုညွှန်ကြားချက်မျိုးက ထုတ်သင့်တဲ့အချိန်မဟုတ်ဘူး။ နိုင်ငံရေးပါတီက ပါတီဝင်တွေကလည်း ဒီကပ်ရောဂါနဲ့ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အချိန်မှာ ဒီလိုလုပ် တာဟာ သင့်တော်တဲ့အချိန် မဟုတ်ဘူးလို့ ပြောလိုတယ်”

anp.jpg
(စစ်တွေမှာ ၂၀၂၀ နိုဝင်ဘာ ၆ ရက်နေ့က ရခိုင်အမျိုးသားပါတီ ANP ပါတီ မဲဆွယ်နေစဥ်)

လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့် ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပါတီတွေကို စစ်ဆေးမယ့်ကိစ္စဟာ ကောင်းကျိုးဖြစ်လာမှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

“အခုအချိန်အထိ နိုင်ငံတကာကရော ပြည်သူတွေအနေနဲ့ရော ဒါတရားဝင်သတ်မှတ်ထားတာ မဟုတ်တဲ့ အတွက် ဒီလိုစစ်ဆေးတာက စစ်ကောင်စီကို မထောက်ခံတဲ့ ပါတီတွေကို ဖိအားပေးပြီး ဒီလိုပြဿနာဖြစ် အောင် လုပ်ချင်တယ်လို့ ကျွန်မမြင်တယ်။ ကျွန်မတို့ပါတီအနေနဲ့လည်း အရင်ကတည်းက အစည်းအဝေး မတက်ထားပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့အနေနဲ့ ဒါကို ထောက်လဲမထောက်ခံဘူး။ ပြည်သူတွေ အများစုကလည်း ထောက်ခံမှုမရှိတဲ့အတွက် တရားဝင်မှု မရှိတဲ့အတွက် ဒါကို မထောက်ခံခြင်း ဖြစ်တယ်။ ဒီအချိန်မှာ ပါတီတွေကို ဖိအားပေးခြင်းအားဖြင့် ကောင်းကျိုးကတော့ ရှိမလာနိုင်ဘူး။"

စစ်ကောင်စီအနေနဲ့ လူထုထောက်ခံအားပေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလို ပါတီကြီးကို ဖျက်သိမ်းဖို့ ကြိုးစားနေတာဖြစ်လို့ NLD ပါတီကို ထောက်ခံတဲ့ အခြားပါတီတွေကိုလည်း ထပ်ပြီးဖိနှိပ်လာ နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်

“သူတို့လုပ်ချင်တာက လူထုထောက်ခံမှု အမြဲတမ်းရနေတဲ့ NLD ပါတီ ဖျက် သိမ်းရေးအတွက် ပြင်ဆင်နေ တာပါ။ NLD ပါတီ ဖျက်သိမ်းပြီးမှပဲ သူတို့ လုပ်ချင်နေတဲ့ ရွေးကောက်ပွဲဆိုတာကို ဟန်ပြလုပ်ဖို့ ကြိုးစားမှာပါ။ လူထုနဲ့ အင်အားစုအသီးသီးက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကျဆုံးဖို့ တိုက်ပွဲဝင် နေတဲ့ကာလမှာ စစ်ကောင်စီကလည်း သူ့ကိုထောက်ခံတဲ့ အင်အားစုတွေကို နေရာပေးဖို့ ကျန်တဲ့အင်အားစုတွေကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေတဲ့ဖြစ်စဉ်ပါ။"

နိုင်ငံရေးပါတီတွေရဲ့ တုံ့ပြန်ချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေထံကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လတ်တလောဆက်သွယ်လို့ မရ သေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း မှားယွင်းတာတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် NLD အစိုးရဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းခဲ့ ပါတယ်။

အဲဒီနောက် ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး ဦးသိန်းစိုး ခေါင်းဆောင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သစ်ကို ဖွဲ့စည်းခဲ့ပါတယ်။

စစ်ကောင်စီဖွဲ့ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၂၆ ရက်နဲ့ မေလ ၂၁ ရက်နေ့ တွေမှာ နိုင်ငံရေးပါတီတွေကို အစည်းအဝေး နှစ်ကြိမ်ခေါ်ယူခဲ့ပြီး ၂၀၂၀ ရွေးကေက်ပွဲရလဒ်ကို ဖျက်သိမ်းမယ့် အကြောင်းနဲ့ မဲမသမာမှုလုပ်ခဲ့တဲ့ NLD ပါတီကို ဖျက်သိမ်းကောင်း ဖျက်သိမ်းနိုင်တဲ့အကြောင်း ထုတ်ပြောခဲ့ ပါတယ်။

စစ်အာဏာသိမ်းမှုကို မထောက်ခံဘဲ စစ်ကောင်စီရဲ့အုပ်ချုပ်မှုကို နည်းမျိုးစုံနဲ့ ဖယ်ချဖို့ကြိုးစားနေတဲ့ နိုင်ငံရေး အင်အားစုတွေကတော့ အကြောင်းအမျိုးမျိုးပြပြီးတော့ ဖျက်သိမ်းခံရတာ၊ ပယ်ဖျက်ခံရနိုင်တာတွေ ရှိလာနိုင် တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-08-26 20:51

But anyway we must fight and remove the military coup